..............................

Wednesday, April 8, 2009

နအဖရဲ့ ခါးပိုက်ဆောင်တပ် အပိုင်း(၁)

ဧပြီလ(၆) ရက်၊ ၂၀၀၉

နအဖဟာ အပစ်ရပ်အဖွဲ့တွေကို နည်းဗျူဟာအမျိုးမျိုးနဲ့ နိုင်ငံရေး ကစားကာ ထိတွေ့ ဆက်ဆံခဲ့သလို တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (ဒီကေဘီအေ) ကျတော့ တခြား အပစ်ရပ် အဖွဲ့တွေနဲ့ မတူဘဲ ကကကြည်းရဲ့  အရန်တပ် အဖြစ် လျှို့ဝှက်ထား ဆက်ဆံ ခဲ့ပါတယ်။

ဒါကိုကြည့်ရင် နအဖဟာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကို တော်တော်လေး ကြောက်ရွံ့လို့ Buffer ယူထားကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒီကေဘီအေကို နအဖက ငြိမ်းချမ်းရေး ရယူထားတဲ့ အဖွဲ့အစည်း လို့တောင် တရားဝင် မကြေညာဘဲ ကေအန်ယူနဲ့ ကြားခံနယ်မြေ Buffer ထားရာမှာ ခါးပိုက်ဆောင်တပ် အဖြစ် သုံးလာပုံတွေနဲ့ စတင် ပေါ်ပေါက် လာပုံတွေကို ဖော်ပြပါ့မယ်။ နအဖရဲ့  အတွင်းရေးတွေကို သိထားခြင်းအားဖြင့် ဒီမိုကရေစီ ဘက်တော်သားတွေ အနေနဲ့ အကျိုးရှိရှိ စစ်ရေး မဟာဗျူဟာ အမြင်ဖြင့် စဉ်းစား သုံးသပ်နိုင်အောင် တင်ပြလိုက်ရပါတယ်။

ကေအန်ယူဟာ ၁၉၈၈ နောက်ပိုင်းမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ကျောင်းသား တပ်မတော် အင်အားစုများနဲ့ တောင့်တင်း ခိုင်မာနေပြီမို့ မာနယ်ပလော ဌာနချုပ်နဲ့ ၀မ်ခ၊ မော်ဖိုးကေ၊ မဲသဝေါကဲ့သို့ ခံစစ် စခန်းကြီးများကို စစ်တပ်အနေနဲ့ အသေအလဲ တိုက်ခိုက် နေခဲ့ရပါတယ်။

၁၉၈၈ အရေးအခင်းပြီးကာစ မဲသဝေါ စခန်းတိုက်ပွဲမှာ အကျအဆုံး များစွာနဲ့ တပ်မ (၆၆) ဟာ ရင်ဆိုင် နေရတာမို့ တပ်မမှူး ဗိုလ်မှူးကြီးတင်ဦး၊ ဒု-တပ်မမှူး ဗိုလ်မှူးကြီး ခင်အောင်ဗလနဲ့ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး သူရစိုးအောင် အပါအ၀င် အခြား နည်းဗျူဟာမှူး (၃) ဦးကိုပါ စစ်အာဏာရှင်တွေက ဖြုတ်၊ ထုတ် အရေးယူခဲ့ပါတယ်။

ဗိုလ်မှူးကြီး ခင်အောင်ဗလ ဆိုရင် သူ့ပခုံးပေါ်က ကြယ်ပွင့်များကို စားပွဲပေါ် ပစ်တင်သွားတဲ့ အထိ စစ်အာဏာရှင်များ ရဲ့  လက်အောက် ငယ်သားများအပေါ် လက်လွတ်စပယ် ပစ်ထားပြီး ခိုင်းစေမှု၊ အရေးယူမှုတွေကို ခံပြင်းလွန်းလို့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ကြပါတယ်။

အဲဒီအချိန်မှာ ကေအန်ယူမှ ခွဲထွက်လာတဲ့ ဖဒိုသာထူးကျော်နဲ့ အရာခံဗိုလ် ကျော်သန်း ဦးစီးသော ဒီကေဘီအေ တပ်ဖွဲ့များ ကို ဗိုလ်သန်းရွှေက မြှောက်ပေးပြီး စစ်ရေး အမြတ်ထုတ်နိုင်ဖို့ ဗိုလ်ခင်ညွန့်နဲ့ ဗိုလ်မောင်လှတို့ကို တာဝန် ပေးအပ်ခဲ့ပါတယ်။

ဗိုလ်မောင်လှကို စစ်ရာထူးခန့်ချုပ် တာဝန်ပေးထားတယ်ဆိုပေမယ့် တပ်မ (၄၄) နည်းဗျူဟာမှူးဖြစ်ခဲ့တုန်းက ကရင်ပြည်နယ်မှာ ကေအန်ယူနဲ့ တိုက်ပွဲအတွေ့အကြုံ ရှိထားပြီး စစ်ရေးစစ်ရာ ထူးချွန်တဲ့သူမို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ရဲ့  အထူးလုပ်ပိုင်ခွင့် ရထားတဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် ရွေးချယ်တာဝန်ပေး ခန့်အပ်ကာ ဒီကေဘီအေ ကို သြဇာညောင်းမယ့် မြိုင်ကြီးငူ ဆရာတော်ထံ စေလွှတ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဗိုလ်မောင်လှဟာ ကမာမောင်းရှိ မြိုင်ကြီးငူ ဆရာတော်ထံ ငွေကျပ် (၅) သိန်း ကပ်လှူပြီး တပ်မတော်ကို ဒီကေဘီအေက ပူးပေါင်းကာ ကေအန်ယူအား တိုက်ခိုက်ပေးဖို့နဲ့ လက်နက်ခဲယမ်း၊ ရိက္ခာများထောက်ပံ့ပေးမှာ ဖြစ်ကြောင်း တွန်းအားပေး လျှောက်ထားခဲ့ပါတယ်။

ဗိုလ်ခင်ညွန့်ကလည်း မြိုင်ကြီးငူ ဆရာတော်အနေနဲ့ စစ်ရုံးသို့ အရေးပေါ် တိုက်ရိုက်ဆက်သွယ်နိုင်ဖို့ ဖုန်းတလုံး တပ်ဆင်ပေးတဲ့အပြင် မြိုင်ကြီးငူဒေသအတွင်း လုပ်ချင်တာကို လုပ်လို့ရအောင် ရွှေသံလွင်ကုမ္ပဏီ ကျော်ဝင်းအား တာဝန်ပေးပြီး ငွေကြေး၊ ပစ္စည်းအင်အား ပံ့ပိုးခဲ့ပါတယ်။

ဒါ့အပြင် ဆက်ဆံရေးအရာရှိအဖြစ် ကရင်လူမျိုးများ ဖြစ်ကြတဲ့ ထောက်လှမ်းရေးတပ်မှ ဗိုလ်ကြီးစောဆေးထူးနဲ့ ကရင်ပြည်နယ် ပ၀တ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးစောခင်စိုးတို့ကို ဒီကေဘီအေအား စည်းရုံးဆက်ဆံရေးအတွက် အထူးတာဝန် ပေးအပ်ခဲ့ပါတယ်။


ဗိုလ်မောင်လှဟာ အထိနာခဲ့တဲ့ တပ်မ (၆၆) ရဲ့ မဲသဝေါ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး လုပ်ပိုင်ခွင့် အပြည့်အ၀ သုံးခဲ့ပါတယ်။ အဲဒါကတော့ လေတပ်နဲ့ စစ်ရုံးမှ သေနတ်သံ တောင် မကြားဖူးတဲ့ ပညာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးများ အပါအ၀င် အမြောက် ညွှန်ကြားရေးမှူးတို့ကိုပါ ဗိုလ်ချုပ်အဆင့်မှ သည် လက်နက်ကြီး သင်တန်းများ ဖွင့်လှစ်တဲ့ တပ်ကြပ်သင် ကျောင်းကဲ့သို့ စစ်ကျောင်းကြီးများမှ လက်ရွေးစင် လက်နက်ကြီး နည်းပြ၊ လက်ဖြောင့် တပ်ကြပ်ကြီး ဆရာကြီးများအထိ အကုန် လုံးကို ကရင်ပြည်နယ် ရှေ့တန်းသို့ မောင်းချပါတော့တယ်။

တပ်များအလုံးအရင်း စုဆောင်းနေချိန်မှာ တပ်မ (၆၆) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး သူရရွှေမန်း (အခု နအဖ ညှိနှိုင်း ကွပ်ကဲရေးမှူး) နဲ့ တပ်မှူးကြီးများကို ကကလှမ်း ရုံးခန်းတွင် လှမ်း (၁) ဌာနမှူး ဗိုလ်မှူးချုပ် ကျော်သိန်းနဲ့ ဗိုလ်မှူး အောင်လင်းထွဋ် တို့က ကရင်ပြည်နယ် စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ရန်သူ့သတင်း အသေးစိတ် အခြေအနေ Briefing ပေးခဲ့ပါတယ်။

Briefing ကတော့ မာနယ်ပလော ဌာနချုပ်ရဲ့  နောက်ဆုံး အခြေအနေ၊ ဒီကေဘီအေဖြစ်ပေါ်လာမှု အခြေအနေနဲ့ ကေအန်ယူမှ ခွဲထွက်လာသော ဒီကေဘီအေအား မြှောက်ပေးကာ စစ်ရေး အမြတ်ထုတ် အသုံးချမယ့် အစီအစဉ်များအား ရှင်းပြခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီအချိန်မှာပဲ ကကပြည်မှ စိတ်ဓာတ်စစ်ဆင်ရေး ၀ါဒဖြန့်ချိရေးအရ ရေဒီယိုမှ ကရင်လူထုနဲ့ ကရင်တပ်ဖွဲ့ဝင်များ ထင်ယောင်ထင်မှား ဖြစ်စေဖို့ ကေအန်ယူမကောင်းကြောင်း လုပ်ကြံသတင်းများ ဆက်တိုက်ထုတ်လွှင့်ပေးနေဆဲ မှာပင် တပ်မ (၆၆) နဲ့ ဒီကေဘီအေတို့ ပူးပေါင်းကာ မာနယ်ပလောဌာနချုပ်ကို စတင် တိုက်ခိုက်ခဲ့ပါတော့တယ်။

ပွိုင့် (၄၀၄၄) ခွေးအိပ်တောင်ကို ခြေကုပ်ရယူထားပြီး ဖြစ်သော်လည်း မာနယ်ပလောရဲ့ အရှိန်အ၀ါ ကြီးမားမှု ကြောင့် ဗိုလ်သူရရွှေမန်းခမျာ သူရဘွဲ့ ရခဲ့တာတောင်မှ အားမနာဘဲ ကြောက်ရွံ့နေခဲ့ပါတယ်။ ကကလှမ်းရဲ့  သူလျှိုများက ယင်းဌာနချုပ်တွင် လူနဲ့ပစ္စည်းများ အကုန်စွန့်ခွာ သွားခဲ့ပြီးဖြစ်ကြောင်း ရန်သူ့သတင်းအား ပေးပို့နေတာတောင် ဗိုလ်သူရရွှေမန်းခမျာ မ၀ံ့မရဲ ဖြစ်နေရှာပါတယ်။

နောက်ဆုံး ဒီကေဘီအေ အရာခံဗိုလ်ကျော်သန်းတို့က တွန့်ဆုတ် တွန့်ဆုတ်လုပ်နေတဲ့ သူ့ကို အတင်းလက်ဆွဲကာ ရှေ့က အသေခံ သွားတိုက်ပြမယ်ဆိုမှ ခြေကြွတော်မူပါတယ်။ ဌာနချုပ် စခန်းကြီးကို သွားတဲ့လျှို့ဝှက်လမ်းများ အား ဒီကေဘီအေ က သိနေတာကြောင့်လည်း အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

နအဖကို ဒုက္ခပေးနေတဲ့ အဲဒီဌာနချုပ်စခန်းကြီးကို သိမ်းပိုက်ပြီးတာနဲ့ ဟန်တောင်မဆောင်နိုင်ဘဲ ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွန့် တို့ဟာ ရဟတ်ယာဉ်ဖြင့် ဖုတ်ပူမီးတိုက် အပြေးသွားရောက် ကြည့်ရှုခဲ့သေးရာ နိုင်ငံတော် ကာကွယ်ရေး မဟာဗျူဟာ (National Defense Strategy) အရ ဟန့်စစ်၊ ခွာစစ်၊ ခံစစ် နည်းဗျူဟာတွေမှာ Counter attack လက်နက်ကြီးနဲ့ ကေအန်ယူက ပြန်ပစ်ခဲ့ရင်တောင် အလောင်းတွေ မရှုမလှ ကျဆုံးနိုင်ပါတယ်။

ဝမ်ခစခန်း အသစ်ရော အဟောင်းပါ စခန်းကြီးများကို စစ်တပ်က ဆက်တိုက်တဲ့အခါမှာတော့ စစ်တပ်က အရာရှိစစ်သည် အသက်ပေါင်းများစွာပေးခဲ့ရပြီး အိုမီဂါပုံစံ ခံစစ်ယူထားတဲ့ မဆုတ်တမ်းဝမ်ခ (အသစ်) စခန်းကြီးဟာ နာမည်ကြီး လှပါတယ်။

တကယ်ကတော့ ဒီကေဘီအေ အနေနဲ့က နအဖကို မချစ်သော်လည်း အောင့်နမ်းပြီး အမှီရှာခဲ့တဲ့ သဘောမျိုးတော့ ရှိတာသိရပါတယ်။

ဖြစ်စဉ်တခုက ဒီကေဘီအေဟာ စစ်တပ်က ဗျူဟာမှူး ဗိုလ်မှူးကြီး မြင့်ထွန်း (ယခု မီးသတ်ညွှန်ကြားရေးမှူးချုပ်) ရဲ့  အမိန့်ကို နားမထောင်လို့ ဗိုလ်မြင့်ထွန်းက ကကလှမ်းကို ဒီကေဘီအေတွေ အကြောမာကြောင်း ညည်းတွား တိုင်ကြား ခဲ့တယ်လို့ သိရပါတယ်။ ကေအန်ယူနဲ့ ဒီကေဘီအေက တချို့ အောက်ခြေရဲဘော်တွေဟာ ကရင်လူမျိုး အချင်းချင်း မြေပြင်မှာ နားလည်မှုယူကြတဲ့ အနေအထားမျိုး ရှိတယ်လို့လည်း သိရပါတယ်။

အပစ်ရပ် အဖွဲ့တွေအနေနဲ့ နအဖက ချကျွေးတဲ့ အရိုးအရင်းတွေနဲ့သာ နပန်းလုံးနေရလို့ ညည်းတွားနေကြပြီး နိုင်ငံတကာက သူတို့ရဲ့  ရပ်တည်ရေး၊ စားဝတ်နေရေးကို တာဝန်ယူ ထောက်ပံ့မယ်ဆိုရင် နအဖကို လက်တွဲဖြုတ် မယ့် အလားအလာ ရှိတယ်လို့ သိရပါတယ်။

ဗိုလ်ထက်မင်း

Ref: ခေတ်ပြိုင်

....

0 comments:

အပေါ်သို့