..............................

Friday, April 10, 2009

တတိယလှိုင်း

ဂါမဏိ

ရှစ်လေးလုံး လူထုအရေးတော်ပုံတုန်းက အာဏာသိမ်းပြီး နောက်တရက် စက်တင်ဘာ (၁၉) ရက်မှာ ကမာရွတ် စံရိပ်ငြိမ်မှာ စစ်ပြန် စစ်မှုထမ်းဟောင်း (၁၆) ယောက်က သေနတ်(၁၆) လက်နဲ့ အာဏာသိမ်း နဝတ စစ်တပ်ကို ခြုံခို တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ လူထုဘက်တော်သား စစ်သည်ဟောင်း တယောက်ဘဲ နိုင်ငံနဲ့ ပြည်သူအတွက် အသက်ပေး လှူသွားခဲ့ပြီး နဝတစစ်သား ၄-၅-၁၀ ယောက်ထက်မနည်း ကျသွားပါတယ်။ ဒီသေနတ်တွေဟာ ကုန်သွယ်ရေးရုံး အရေးအခင်းမှာ သိမ်းရထားတဲ့ လက်နက်တွေ ဖြစ်ပုံရပါတယ်။

တကယ်လို့သာ ဒီထက်မက လက်နက်တွေ ရန်ကုန်မြို့ အနှံ့ ဖြန့်ကျက်ပြီး လူထု ဘက်တော်သား စစ်သည်တွေ၊ စစ်မှုထမ်းဟောင်းတွေ လက်ထဲမှာ ရှိနေရင်၊ တနည်းအားဖြင့် ကျောင်းသား လူငယ် ပထမလှိုင်းနဲ့ ရဟန်းသံဃာ ဒုတိယလှိုင်း မာန်ဟုန် သာမက တတိယလှိုင်း မာန်ဟုန်ကိုပါ အရှိန်ပြည့် စီးနင်းလိုက်ပါဖို့ ပိုင်းဖြတ်ချက်နဲ့ ပြင်ဆင်မှု ရှိခဲ့ရင် သမိုင်းဟာ ၁၉၈၈ ခုကတည်းက သစ်သွားမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရှစ်လေးလုံးအရေးတော်ပုံအတွင်းမှာ လူထုတိုက်ပွဲခေါင်းဆောင် တွေဟာ တပ်မတော် သားတွေ လက်နက်နဲ့ တကွ လူထုဘက် ပူးပေါင်း လာဖို့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။ ဒီလိုနဲ့ဘဲ မြန်မာ့ ဒီမိုကရေစီ တော်လှန်ရေးရဲ့ တတိယလှိုင်းဟာ အရှိန်ယူ စမှာတင် အညွန့်ချိုး ခံလိုက်ရပါတယ်။

လှိုင်းဆိုတာမျိုးက လေပင့်ရင် ကြီးသထက်ကြီးလာတတ်တဲ့အပြင်၊ အထူးသဖြင့် စစ်တပ် ပုန်ကန်မှု ဆိုတာ ရေခံမြေခံ မှန်သွားတဲ့ အခါမှာ snowballing effect လို့ခေါ်တဲ့ တစက်မှ တမျက်နှာ ပျံ့နှံ့ သွားတတ်ပါတယ်။ ဒါကြောင့် လူထု တိုက်ပွဲအတွင်းမှာ စစ်အာဏာရှင်စနစ်ကို လက်နက်နဲ့ ပြန်တိုက်တဲ့ တပ်မတော်သား တွေကို သိသာထင်ရှားတဲ့ အရေအတွက် မြင်နေရပြီ ဆိုရင် နောက်ထပ် တပ်မတော် သားတွေအပေါ် ဂယက်ရိုက်ပြီး လူထုဘက် ကူးပြောင်းရေး အတွေးအခေါ် ကူးစက်ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။

အောင်မြင်တဲ့ လူထုတိုက်ပွဲတွေမှာ လှိုင်းသုံးလှိုင်း ယှဉ်တွဲ ရိုက်ခတ်တာ အမြဲတွေ့ရပါတယ်။ ပထမလှိုင်းဟာ အခြေခံ ရုပ်အင်အားလှိုင်း ဖြစ်ပြီး ကျောင်းသား လူငယ်တွေ၊ အလုပ်သမား-လယ်သမားတွေ၊ သာမန် မြို့ပြ ပြည်သူ ပြည်သားတွေ နဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး အင်အားစုတွေ ပါဝင် ဖွဲ့စည်းထားပါတယ်။ ဒုတိယ လှိုင်းကတော့ ပါဝါအပျော့ ဖြစ်တဲ့ ရှေ့ဆောင် နာမ်ပိုင်း အင်အားလှိုင်း (သို့မဟုတ်) တွေးခေါ် မြော်မြင်မှု အင်အားလှိုင်း ဖြစ်ပြီး ရဟန်းသံဃာ စတဲ့ သာသနာပိုင်း၊ အဲန်ဂျီအို အပါအဝင် ပညာတတ်ပိုင်း၊ သို့မဟုတ် လွတ်လပ်တဲ့ တရားရေးပိုင်းတို့ ပါဝင်ပြီး တချို့အခြေအနေတွေမှာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး အင်အားစုတွေလည်း ပါဝင် တတ်ပါတယ်။ တတိယလှိုင်းကတော့ ပါဝါအမာလှိုင်း ဖြစ်ပြီး စစ်တပ်၊ ရဲ၊ လုံထိန်း၊ သူပုန်နဲ့ စီးပွားရေးအင်အားစုတွေပါဝင်ပါတယ်။ ဒီထဲမှာ အဓိကကတော့ နိုင်ငံရဲ့ ပင်မ လက်နက်ကိုင် အင်အားစုဘဲ ဖြစ်ပါတယ်။ ဒီပါဝါအမာ တတိယလှိုင်းမှာ အကြမ်းဖက်ရေး မဖက်ရေးက အဓိကမကျဘဲ လက်နက်ကိုင်ပြ ထားဖို့ကဘဲ အဓိက ဖြစ်ပါတယ်။ အခြေအနေအရ တချို့ နိုင်ငံတွေမှာ အကြီးအကျယ် လက်နက်ကိုင် တိုက်ခိုက်ရတာ ရှိသလို တချို့ကတော့ သေနတ်တချက် မဖောက်ရဘဲ ရတာရှိပြီး တချို့မှာတော့ နည်းနည်းပါးပါး အကြမ်းဖက်ရတာ ရှိတတ်ပါတယ်။ အဓိက ကတော့ လူထုရဲ့နောက်ခံအဖြစ် လက်နက်ကိုင် အင်အားစု ရှိနေရေးသာ ဖြစ်ပါတယ်။

ဂေါတမဗုဒ္ဓရဲ့ အောင်ခြင်းရှစ်ပါးမှာ ပထမအောင်ခြင်းဖြစ်တဲ့ လက်နက်မျိုးစုံ ကိုင်ထားတဲ့ လက်ရုံး တထောင်နဲ့ မာရ်နတ်နဲ့ နတ်စစ်သည်တွေ အပေါ် အောင်ခြင်းဟာ မေတ္တာဓာတ်နဲ့ ဟောပြောဆုံးမ စည်းရုံးနားချပြီး အောင်မြင်တာ မဟုတ်ဘဲ ပထဝီ မြေကို သက်သေပြုတဲ့ အတွက် ဝသုန္တရီ နတ်သမီးက စစ်ကူလာပြီး ဆံရေကို ညှစ်ချလို့ မာရ်နတ်နဲ့ သူ့တပ်ကြီး ရေထဲမျောပါ ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ ပဉ္စမ အောင်ခြင်းဖြစ်တဲ့ စိဉ္ဇမာနကို ဆုံးမခန်းမှာတော့ ကိုယ်ဝန်အတု ပြုတ်ကျအောင် နတ်တွေက ကြွက်ယောင်ဆောင်ပြီး ဗိုက်အတု ချီထားတဲ့ ကြိုးတွေကို ကိုက်ဖြတ်ပစ်လို့ အယောင်ဆောင်တာ ပေါ်ပြီး အနိုင်ရတာ ဖြစ်ပါတယ်။ သတ္တမ အောင်ခြင်းမှာဆိုရင် နန္ဒောပနန္ဒ နဂါးမင်းကို နှိမ်နင်းဖို့ ရှင်မောဂ္ဂလန်ကို တာဝန် ပေးလိုက်တဲ့အခါ သူ့ထက်ကြီးတဲ့ နဂါးပုံ ဖန်ဆင်းပြီး ဖိညှစ်ပစ်တာ၊ ပိုကြီးတဲ့ မီးလျှံလွှတ် ‘ကျွေး’တာ၊ ဂဠုန်ယောင်ဆောင်ပြီး လိုက်’ဗျင်း’တာ၊ နတ်ဘီလူးကြီး ယောင် ဆောင်ပြီး ခြိမ်းခြောက်တာ စတဲ့ လက်ရုံးရည် အင်အားကို အထူးတလည် သုံးခဲ့ရပါတယ်။ ကျန်တဲ့ အောင်ခြင်း ငါးပါးမှာဘဲ မေတ္တာဓာတ် သို့မဟုတ် ဉာဏ်ပညာဆိုတဲ့ နှလုံးရည်နဲ့ သာယာညှင်းပျောင်းစွာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဘုရားနဲ့စစ်ပြိုင်လို့ ရှုံးသွားတဲ့ မာရ်နတ်ဟာ နောက်နှစ်ပေါင်း ၂၀၀ အသောကမင်း လက်ထက်မှာ ရဟန္တာ ရှင်ဥပဂုတ်ကို ထပ်မံ စိန်ခေါ် တိုက်ခိုက်ပြန်တဲ့ အခါ မာရ်နတ်က နွားရိုင်းကြီးပုံ ဖန်ဆင်း တိုက်ခိုက်ရင် ရှင်ဥပဂုတ်က ကျားပုံ ဖန်ဆင်း တုံ့ပြန်၊ မာရ်နတ်က နဂါးပုံ ဖန်ဆင်း တိုက်ခိုက်ရင် ရှင်ဥပဂုတ်က ဂဠုန်ပုံ ဖန်ဆင်း ပြန်ချ၊ မာရ်နတ်က ဘီလူးကြီးပုံ ဖန်ဆင်းတဲ့အခါ ရှင်ဥပဂုတ်က နှစ်ဆ ပိုကြီးတဲ့ ဘီလူးကြီးပုံ ဖန်ဆင်းပြီး ဘီလူး အယောင်ဆောင် မာရ်နတ်ကို လိုက်ရိုက်၊ မာရ်နတ်က လူကြီး လူကောင်းပုံ ဖန်ဆင်းတဲ့ အခါမှာတော့ လောက်တွေ ဖွေးနေတဲ့ ခွေးသေကောင်ပုပ်ကို လူယောင် ဆောင် မာရ်နတ်လည်ပင်းမှာ ဘယ်သူမှ ချွတ်မရအောင်ဆွဲ၊ နောက်ဆုံး မာရ်နတ်ကို တောင်ခါးပန်းမှာ ကြိုးတုပ် စသဖြင့် အကြမ်းဖက် တိုက်ပွဲဝင် နှိမ်နင်းခဲ့ရပါတယ်။

အာရှတိုက်ရဲ့ ဒီမိုကရေစီရေးလူထုတိုက်ပွဲကြီးတွေကို ဖိလိပိုင် (၁၉၈၆)၊ မြန်မာ (၁၉၈၈ နဲ့ ၂၀၀၇)၊ တိဘက် (၁၉၈၉ နဲ့ ၂၀၀၈)၊ တရုတ် (၁၉၈၉)၊ နီပေါ (၁၉၉၀ နဲ့ ၂၀၀၆)၊ ထိုင်း (၁၉၇၃ နဲ့ ၁၉၉၂)၊ တောင်ကိုးရီးယား (၁၉၈၀ နဲ့ ၁၉၈၇)၊ အင်ဒိုနီးရှား (၁၉၉၈) တို့မှာ ကြုံခဲ့ ကြရပါတယ်။ ဒီထဲမှာ အောင်ပွဲရခဲ့တာတွေက ဖိလိပိုင်၊ နီပေါ (၂၀၀၆)၊ ထိုင်း၊ တောင်ကိုးရီးယား (၁၉၈၇) နဲ့ အင်ဒိုနီးရှားတို့ ဖြစ်ပါတယ်။ အာရှ အပြင်ဘက်မှာလည်း အရှေ့ဂျာမဏီ (၁၉၈၉)၊ ရူမေးနီးယား (၁၉၈၉)၊ ရုရှား (၁၉၉၁)၊ တောင်အာဖရိက (၁၉၉၄)၊ ဆားဘီးယား (၂၀၀၀)၊ ဂျော်ဂျီယာ (၂၀၀၃)၊ ယူကရိန်း (၂၀၀၄) တို့မှာ ဒီမိုကရေစီ တော်လှန်ရေးတွေ အောင်ပွဲ ခံခဲ့ကြပါတယ်။ အောင်ပွဲအားလုံး (အားလုံး) ဟာ တိုက်ရိုက် လက်နက်ကိုင် တိုက်ပွဲ သို့မဟုတ် သွယ်ဝိုက် တပ်မတော် အရှိန်သြဇာ၊ တနည်းအားဖြင့် တတိယလှိုင်းကို စီးနိုင်လို့ အောင်ပွဲရတာတွေ ချည်းဘဲ ဖြစ်ပါတယ်။ တတိယလှိုင်းနဲ့ ကင်းကွာတဲ့ မြန်မာ၊ တိဘက်၊ တရုတ်နိုင်ငံ လူထုတိုက်ပွဲတွေကတော့ အရှုံးကိုဘဲ ပွေ့ပိုက်ခဲ့ရပါတယ်။

သမိုင်းကိုပြန်ကြည့်ရင် အိန္ဒိယနိုင်ငံမှာ အကြမ်းမဖက်ရေး အဟိံသ ဝါဒရဲ့ ဖခင်ကြီး ဖြစ်တဲ့ မဟတ္တမ ဂန္ဓီကြောင့် အိန္ဒိယ ပြည်သူတွေ၊ ပညာတတ်တွေနဲ့ ဟိန္ဒူ-မွတ်ဆလင် ဘာသာရေး သမားတွေရဲ့ ပထမလှိုင်းနဲ့ ဒုတိယ လှိုင်းလုံးကြီးတွေ အရှိန်အဟုန် ကြီးကြီးနဲ့ ထကြွ လှုပ်ရှား လာခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဗြိတိသျှ နယ်ချဲ့သမားက အိန္ဒိယနိုင်ငံကို မဖြစ်မနေ လွတ်လပ်ရေး ပေးရတာကတော့ ဆူဘတ်ချန္ဒရာဘို့စ်ရဲ့ လက်နက်ကိုင် လှုပ်ရှားမှုကြောင့် ဗြိတိသျှ ကိုလိုနီစစ်တပ်ထဲက အိန္ဒိယ စစ်သားတွေကို စိတ်မချရတော့တဲ့ အခြေ ဆိုက်လာတာကို ဒုတိယ ကမ္ဘာစစ်ပြီးခါနီး မှာ သဘောပေါက်ခဲ့လို့ ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်တုံးက ဂျာမဏီ လက်ထဲ စစ်သုံ့ပန်း အဖြစ် အဖမ်းခံခဲ့ရတဲ့ ဗြိတိသျှ စစ်တပ်တွင်းက အိန္ဒိယ အမျိုးသားတွေဟာ ဟစ်တလာနဲ့ မဟာမိတ် ဖွဲ့ထားတဲ့ အိန္ဒိယ လွတ်မြောက်ရေး တပ်ဖွဲ့ထဲ ထောင်နဲ့ချီ ဝင်ရောက်ခဲ့ကြတာကို ဗြိတိသျှတွေ တွေ့ရှိသွားခဲ့လို့ အကြီးအကျယ် အံ့သြ ခြောက်ခြား သွားခဲ့ပါတယ်။ ဒီဂယက်ဟာ မြန်မာပြည် လွတ်လပ်ရေး အတွက်ပါ အကျိုးပြုသွား ခဲ့ပါတယ်။

၁၉၈၆ ခု ဖိလိပိုင်လူထုတိုက်ပွဲမှာ ပထမလှိုင်းအဖြစ် ကိုရာဇန် အကွီနိုက အာဏာရှင် မားကို့စ်ကို အတိအလင်း အံတုပြီး သောင်းချီတဲ့ လူထုကြီးက ဝိုင်းရံလို့ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲ တဖက်သတ် လုပ်ခဲ့ပါတယ်။ ဒုတိယလှိုင်း ကတော့ ဖိလိပိုင်နိုင်ငံ ဘုရင်ဂျီ သာသာနာပိုင် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ်ဆင်းက ကက်သလစ် အသံလွှင့်ရုံ ကနေပြီး ဘာသာတူတွေနဲ့ သာသနာ့ဝန်ထမ်း ဘုရင်ဂျီရဟန်း သီလရှင်အားလုံးကို အံတု ပုန်ကန်သူတွေထံသွား အားပေးဝန်းရံဖို့ ဆော်သြ လှုံ့ဆော် ခဲ့ပါတယ်။

၁၉၈၆ ခု ဖေဖော်ဝါရီ ၂၄ ရက်မှာ ပုန်ကန်တဲ့ တပ်မတော်သားတွေက ချယ်နယ်-၄ ရုပ်သံလွှင့်ရုံကို တိုက်ခိုက် သိမ်းပိုက်ပြီး ဖိလိပိုင် အာဏာရှင် မားကို့စ်ရဲ့ကြေညာချက်တွေ မထုတ်လွှင့်နိုင်အောင် အောင်မြင်စွာ ပိတ်ဆို့နိုင်ခဲ့ ပါတယ်။ ပုန်ကန်တဲ့ တပ်မတော်သားတွေနဲ့ ပြည်သူလူထုကို တိုက်ခိုက် ချေမှုန်းဖို့ အာဏာရှင်မားကို့စ် လွှတ်လိုက်တဲ့ လေတပ်ရဟတ် ယာဉ်တွေဟာ ပုန်ကန်သူတွေနဲ့ ပူးပေါင်း သွားခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူ့ ဘက်တော်သား စစ်ရဟတ်ယာဉ် တွေက ဗီလာမော် လေတပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ပြီး မားကို့စ် ဘက်သား စစ်ရဟတ်ယာဉ်တွေနဲ့ စစ်ကားတွေကို ဖျက်ဆီး ပစ်ခဲ့သလို မားကို့စ်နေတဲ့ မာလာကာ နန်နန်းတော်ကိုလည်း ပြည်သူ့ ဘက်တော်သား စစ်ရဟတ်ယာဉ် တစီးက ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ ပါသေးတယ်။ ဒီညနေမှာဘဲ ဖိလိပိုင် စစ်တက္ကသိုလ်ဆင်း စစ်ဗိုလ် အများစုဟာ ကာကွယ်ရေး ဝန်ကြီး အွန်ရင်လီ၊ ဒုဦးစီးချုပ် ဗိုလ်ချုပ် ရားမို့စ်တို့ ရှိရာ ပြည်သူလူထုဘက် ကူးပြောင်း ခဲ့ကြပါတယ်။ နောက်တရက်မှာ မားကို့စ် သစ္စာခံတပ်တွေ နေရာယူ ပစ်ခတ်နေတဲ့ ချယ်နယ်-၉ ရုပ်သံလွှင့်ရုံကို သူပုန် တပ်မတော်သားတွေက တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်တယ်။ မကြာခင်မှာဘဲ နောက်ထပ် ရုပ်သံလွှင့်ရုံ တွေကိုပါ ပြည်သူ့ ဘက်တော်သား စစ်တပ်တွေနဲ့ ပြည်သူတွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။

၁၉၉၈ခု အင်ဒိုနီးရှားနိုင်ငံ လူထုတိုက်ပွဲမှာ အာဏာရှင် ဆူဟာတို သစ္စာခံ တပ်မတော်က လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်အောင် အသေအချာ စီစဉ် လှုံ့ဆော်ပေးခဲ့ ပေမဲ့ သမ္မတ ဆူဟာတို ပြည်ပရောက်နေချိန် လက်အောက်ခံ ဗိုလ်ချုပ်အချင်းချင်း အဝေမတည့် စားခွက်လုရာက ဒီမိုကရေစီ တိုက်ပွဲဝင် လူထု ပထမလှိုင်းနဲ့ ဗိုလ်ချုပ်ဝီရန်တို တတိယလှိုင်း မရှောင်မလွဲသာ ပေါင်းစည်း မိသွားတာ ဖြစ်ပါတယ်။ ဆူဟာတို့ သားမက် ဗိုလ်ချုပ် စီစဉ်ဖန်တီးတဲ့ လူထု နှိမ်နင်းဖြိုခွဲရေး အကြမ်းဖက် မှုတွေဟာ တခြား ဗိုလ်ချုပ်တွေရဲ့ အကျိုး စီးပွားတွေကို သွားထိခိုက်သွားစေတဲ့ အတွက် တခြားဗိုလ်ချုပ်တွေဟာ လူထုနဲ့ ပေါင်းသွားပြီး အင်ဒိုနီးရှားမှာ ဒီမိုကရေစီ အောင်ပွဲခံသွားတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ လည်း ၁၉၇၃ ခုနဲ့ ၁၉၉၂ ခုတို့မှာ အဲသလို အခြေအနေမျိုးနဲ့ ကြုံပြီး ဒီမိုကရေစီ ထွန်းပေါ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၅ ခု မေလမှာ နီပေါဘုရင်က စစ်အုပ်ချုပ်ရေး ကြေညာ၊ အာဏာကုန် ယူလိုက်တဲ့ အခါ အတိုက်အခံ နိုင်ငံရေးပါတီ ၇ ပါတီက မဟာမိတ် အဖွဲ့ ဖွဲ့ပြီး ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒီ ၇ ပါတီဟာ ပါလီမန် လွှတ်တော်ထဲမှာ အမတ်နေရာ ၉၀ ရာခိုင်နှုန်းရထားတဲ့ ပါတီတွေ ဖြစ်ပါတယ်။ ၇ ပါတီ မဟာမိတ်အဖွဲ့က မော်ဝါဒီ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့နဲ့ ဒီဇင်ဘာလမှာ ၁၂ ချက် နားလည်မှု စာချုပ် ချုပ်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ဟန်ချက်ညီ ပေါင်းစပ် နိုင်ခဲ့ပါတယ်။ ၂၀၀၆ ဧပြီ အထွေထွေ သပိတ်ကြီး ဖြစ်တဲ့အခါ မော်ဝါဒီ သူပုန်တပ်တွေက ၇ ပါတီ မဟာမိတ်အဖွဲ့နဲ့ ညှိနှိုင်း နားလည်မှုအရ အပစ်အခတ် ရပ်စဲပေးထားပြီး မြို့တော်ပတ်လည်မှာ အစိုးရတပ်တွေ မြို့တော်ကို ချီတက်ပြီး လူထုကို မနှိမ်နင်းနိုင်အောင် လမ်းတွေ ပိတ်ဆို့ ခြိမ်းချောက်ထားတာဘဲ လုပ်ခဲ့ပါတယ်။ မော်ဝါဒီ တော်လှန်ရေးတပ်တွေရဲ့ စစ်ရေး ထိုးစစ်တွေကြောင့် အထိနာ စစ်ပန်းနေရုံမက မော်ဝါဒီတွေနဲ့ အတူ အတိုက်အခံ ပါတီအားလုံးနဲ့ ပြည်သူလူထု တရပ်လုံးကပါ ဘုရင်ကို တခဲနက် တညီတညွတ်တည်း ဆန့်ကျင်နေတာ မျက်ဝါးထင်ထင် တွေ့နေရတဲ့ အတွက် နီပေါဘုရင့် တပ်မတော်ဟာလည်း ဘုရင်ကို တက်တက်ကြွကြွ ထောက်ခံဖို့ စိတ်မပါတော့ ပါဘူး။ နီပေါ တော်လှန်ရေးမှာ ထူးခြားတာက နီပေါနိုင်ငံရဲ့ နယ်နိမိတ်ချင်းစပ် အိမ်နီးချင်းတွေ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေဟာ နီပေါဘုရင်ကို ထောက်ခံခဲ့တာဘဲ ဖြစ်ပါတယ်။ နီပေါ စစ်တပ်အတွက် လက်နက်ခဲယမ်းက အစ ထောက်ပံ့ ကူညီပေးပြီး နီပေါ ကွန်မြူနစ်ပါတီ (မော်ဝါဒီ) ကို ဆန့်ကျင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကြားထဲကနေ နီပေါကွန်မြူနစ် ပါတီ (မော်ဝါဒီ)နဲ့ ပြည်သူတွေက ဘုရင်ကို ဖြုတ်ချ ပစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ခရစ်ယာန် သမ္မာကျမ်းစာထဲက ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၁ အခန်းငယ် ၁၂ မှ ၁၄၊ ရှင်မာကု ခရစ်ဝင် အခန်းကြီး ၁၁ အခန်းငယ် ၁၅ မှ ၁၇၊ ရှင်လုကာ ခရစ်ဝင် အခန်းကြီး ၁၉ အခန်းငယ် ၄၅ မှ ၄၆ တို့မှာ အခုလို ဆိုထားပါတယ်။ “ဂျေရုဆလင်မြို့ သို့ ရောက်ကြသော အခါ ယေရှုသည် ဘုရားသခင်၏ ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သော သူအပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသောသူတို့၏ ပွဲစားခုံ တို့ကို၎င်း၊ ချိုးငှက်ရောင်းသော သူတို့၏ ထိုင်နေရာများကို၎င်း၊ တွန်းလှဲတော် မူလျက်၊-ဗိမာန်တော်ထဲ၌ အဆောက်အဦးကို အဘယ်သူမျှ မဆောင် မရွက်ရမည့် အကြောင်း မြစ်တားတော်မူလျက်၊- ငါ့အိမ်ကို လူအမျိုးမျိုး ဆုတောင်းရာ အိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ၌ လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကို ဓားပြတွင်း ဖြစ်စေကြပြီ တကားဟု ဆုံးမ သြဝါဒ ပေးတော်မူ၏။-” ခရစ်ယာန် ဓမ္မဟောင်းကျမ်းမှာ ဆိုရင် ထာဝရ ဘုရားသခင်က မိစ္ဆာဓိဋ္ဌိတွေ၊ အပြစ်သားတွေကို လောင်မီး လက်နက် (သောဒုံနဲ့ ဂိုမိုးရ)၊ ရေလွှမ်းမိုးဘေး (နောဧ) စသည်ဖြင့် အစုလိုက် အပြုံလိုက် အကြမ်းဖက် သုတ်သင်ပစ်တဲ့ သာဓကတွေ ပိုလို့တောင် အများကြီး ရှိခဲ့ပါတယ်။

၂၀၀၀ ခု ဆားဘီးယားတော်လှန်ရေးမှာ အော့ပ်တော် လို့ခေါ်တဲ့ ကျောင်းသား လူငယ် လှုပ်ရှားမှု ပထမလှိုင်းကို အတိုက်အခံ ၁၈ ပါတီ ညွန့်ပေါင်း ဖြစ်တဲ့ ဆားဘီးယားပြည် ဒီမိုကရက်တစ် အတိုက်အခံ အဖွဲ့ ဒုတိယလှိုင်းက အားဖြည့် ခဲ့ပါတယ်။ မေ ၅ ရက် နေ့လည် ပါလီမန်ဘေးမှာ ဆန္ဒပြလူထုကြီးနဲ့ လုံထိန်းတွေဟာ ဒုတ်တွေ ခဲတွေ မျက်ရည်ယိုဗုံး တွေနဲ့ အပြန်အလှန် တိုက်ခိုက်ကြပါတယ်။ ညနေပိုင်းရောက်တော့ လူထုကြီးက ပါလီမန်ကို အတင်း ဝင်စီးနင်းတဲ့ အခါ လုံခြုံရေး ယူနေတဲ့ လုံထိန်းရဲ တချို့ဟာ လက်နက်နဲ့တကွ လူထုကြီးနဲ့ ပူးပေါင်းလိုက်ပါတယ်။ တချို့ရဲတွေလည်း ထွက်ပြေး သွားပါတယ်။ ပါလီမန် လွှတ်တော်ကို မီးရှို့ပစ်လို့ တခြမ်းလောက် လောင်သွားပါတယ်။ အဲဒါပြီးတော့ လူထုကြီးဟာ သမ္မတ မီလိုဆီဗစ် တပြည်လုံးသို့ အဓိက ဝါဒဖြန့်ချီ ဆက်သွယ်ရာ အာဏာရှင်စနစ်ရဲ့ အဓိက ပြယုဂ် ဖြစ်တဲ့ ဆားဘီးယား ရေဒီယိုနဲ့ ရုပ်သံလွှင့်ရုံကို သွားဝိုင်းခဲ့ပါတယ်။ ဘူဒိုဇာမောင်းသမား လျူဘိုဆက်ဗ် ဂျိုးကစ်က သူ့ဘူဒိုဇာကို မောင်းပြီး ဆားဘီးယား ရေဒီယိုနဲ့ ရုပ်သံလွှင့်ရုံကို အကြမ်းဖက် ဝင်တိုက် ဂိတ်တံခါးတွေ နံရံတွေ ဖြိုချခဲ့ရာကနေ အသံလွှင့်ရုံ လုံခြုံရေး လုံထိန်းတွေက တဖက် ပြည်သူ့ဘက်တော်သား လုံထိန်းတွေ အပါအဝင် လူထုကြီးက တဖက် အပြန် အလှန် ပစ်ခတ် တိုက်ပွဲ အပြင်းအထန် ဖြစ်ပြီးနောက် သိတ်မကြာခင်မှာဘဲ အသံလွှင့်ရုံ တခုလုံးကို လူထုကြီးက စီးမိသွား ခဲ့ပါတယ်။ အသံလွှင့်ရုံကိုလည်း မီးတင်ရှို့လိုက်လို့ မီလိုဆီဗစ် ရုပ်သံလွှင့် အစီအစဉ်တွေ ရပ်ဆိုင်းသွားပါတယ်။ (မကြာခင်မှာဘဲ ပြည်သူလူထု ဘက်က ရုပ်သံလွှင့် အစီအစဉ်တွေကို စတင် ထုတ်လွှင့်နိုင်ခဲ့တယ်။) ဂျိုးကစ်ကို အသံလွှင့်ရုံထဲက မီလိုဆီဗစ်ရဲ့ လုံခြုံရေး တပ်တွေက သေနတ်တွေနဲ့ ဝိုင်းပစ်ခဲ့ပေမဲ့ ကံကောင်း ထောက်မစွာနဲ့ တချက်မှမထိခဲ့ပါ။ ဆားဘီးယား တော်လှန်ရေးဟာလည်း ဘူဒိုဇာ တော်လှန်ရေးလို့ နာမည်တွင် သွားခဲ့ပါတယ်။

ဖက်ဆစ်အာဏာရှင်မီလိုဆီဗစ်လက်အောက်မှာ ဘော့စနီးယား - ဟာဇီဂိုဗီးနား၊ ခရိုအေးရှား နဲ့ ကိုဆိုဗိုမှာ အဓိပ္ပာယ် မရှိတဲ့ လူမျိုးကြီး ဝါဒ နယ်ချဲ့ စစ်ပွဲတွေ တိုက်ခဲ့ရပြီး လက်နက်ကိုင် ဘော့စနီးယားနဲ့ ခရိုအေးရှား ပြည်သူတွေ၊ လက်နက်ကိုင် ကိုဆိုဗို ပြည်သူတွေနဲ့ တကွ နာတိုး တပ်တွေရဲ့ အပြင်းအထန် လက်တုံ့ပြန် တိုက်ခိုက်မှုတွေကို မရှုမလှခံခဲ့ရ၊ အော့နှလုံး နာစရာကောင်းလှတဲ့ လူမျိုးတုံး သတ်ပွဲတွေကို ကျူးလွန်ခဲ့ရလို့ စစ်ပန်းပြီး ဂုဏ်သိက္ခာ ကျနေရတဲ့ ဆားဘီးယား စစ်တပ်ကလည်း ဒီလူထု အုံကြွမှုမှာ မီလိုဆီဗစ် ခိုင်းသမျှကို မလုပ်တော့ဘဲ လက်ရှောင်ခဲ့ပါတယ်။ စစ်တပ်ကို စည်းရုံးနိုင်ခဲ့လို့ စစ်တပ် ထိပ်သီးတချို့က ဆန္ဒပြလူထုကို ပစ်မှာ မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီလိုနဲ့ လက်နက်ကိုင်တပ်နဲ့ လက်နက်ကိုင် လှုပ်ရှားမှု ဆိုတဲ့ တတိယလှိုင်း က ပွဲသိမ်းပေးသွားတာ ဖြစ်ပါတယ်။

၂၀၀၃ နိုဝင်ဘာလ ဂျော်ဂျီယာနိုင်ငံရဲ့ နှင်းဆီ တော်လှန်ရေးမှာ ပထမလှိုင်း ခေါင်းဆောင် ဆာကာ့ရှ်ဗီလီ ဦးစီးတဲ့ ပြည်သူ လူထုတွေဟာ ပါလီမန် လွှတ်တော်ကို အတင်း ဝင်စီးတဲ့အခါ ဂျော်ဂျီယာ အာဏာရှင် ရှဗာ့ဒ်နာဇေ က အရေးပေါ် အခြေအနေ ကြေညာ၊ စစ်တပ်နဲ့ လုံထိန်းတွေ ဆင့်ခေါ်ပြီး အင်အားသုံး ရှင်းလင်းဖို့ အမိန့်ပေးခဲ့ ပါတယ်။ ဒါပေမဲ့ အတိုက်အခံတွေနဲ့ ဂျော့ဆိုးရော့စ်ရဲ့အဲန်ဂျီအိုတွေ ဒေါ်လာ ၄၂ သန်းအကုန်ခံ ထိုးဖောက် စည်းရုံးထားတဲ့ ဂျော်ဂျီယာ တပ်မတော်က အမိန့်နာခံဖို့ ငြင်းဆန်ခဲ့တဲ့ အတွက် တတိယလှိုင်း သြဇာအောက်မှာ သမ္မတရှဗာ့ဒ်နာဇေ အာဏာစွန့်ခဲ့ရ ပါတော့တယ်။

၂၀၀၄ ခု ယူကရိန်း လိမ္မော်ရောင်တော်လှန်ရေးမှာ အာဏာရှင်ကို အံတုတဲ့ သမ္မတလောင်း ယူရှင်ကိုရဲ့ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုနဲ့ ပြည်သူလူထု အုံကြွမှု ပထမလှိုင်းကို တရားရုံးချုပ်ရဲ့ မဲလိမ်မှု စီရင်ချက် ဒုတိယလှိုင်းက အားဖြည့်ခဲ့ပါတယ်။ ဒီ လိမ္မော်ရောင် တော်လှန်ရေးမှာ တတိယလှိုင်း အဖြစ် (ယခင် ကေဂျီဘီ ထောက်လှမ်းရေး) ယခု ယူကရိန်းလုံခြုံရေးရာ ဌာနကနေ အတိုက်အခံတွေနဲ့ ပြည်သူလူထု ဆီကို အရေးကြီး သတင်း အချက်အလက်တွေ၊ မဲမသမာမှုနဲ့ ပတ်သက်တဲ့ အတိအကျ အချက်အလက်တွေ ပေးခဲ့သလို ဒီ (အက်စ်ဘီယူ) ယူကရိန်း ထောက်လှမ်းရေး ဌာနကြီးမှူး ဗိုလ်ချုပ် စမက်ရှ်ကို၊ ဂျီအာရ်ယူ တပ်မတော် ထောက်လှမ်းရေး ဌာနမှူး ဗိုလ်ချုပ် အလက်ဇန်းဒါး ဂါလာကာ၊ တပ်မတော် တန်ပြန် ထောက်လှမ်းရေး ဌာနမှူး ဗိုလ်ချုပ်ရိုမန်ရှင်ကို တို့က လူထုကို နှိမ်နင်းဖို့ အမိန့်ပေး ခံရတဲ့ လုံထိန်းတပ်တွေကို နောက်ပြန်ဆုတ်အောင် တင်းတင်းမာမာ ပြတ်ပြတ်သားသား သတိပေး တားမြစ်ခဲ့ကြလို့ လူထုတိုက်ပွဲ ဖြိုခွဲ မခံရဘဲ အောင်ပွဲ ခံနိုင်ခဲ့ပါတယ်။ ဒီဗိုလ်ချုပ်တွေဟာ ရာဇဝတ်မှုနဲ့ ထောင်ကျဖူးတဲ့ ဂျလေဘီ ဖိုးတွမ်တီးဟောင်း ယာနူကိုဗစ်ခ်ျ သမ္မတ ဖြစ်လာရင် သူ့အမိန့် နာခံ လုပ်ကိုင်ရမှာကို မလိုလားကြတဲ့ အတွက်လည်း အတိုက်အခံ သမ္မတလောင်း ယူရှင်ကို ဘက် ထောက်ခံကြတာ ဖြစ်ပါတယ်။

ကျနော်တို့မြန်မာနိုင်ငံမှာ ၁၉၈၈ တုံးက ကျောင်းသားလူငယ်တွေနဲ့ ပြည်သူလူထု တွေရဲ့ ပထမလှိုင်း ထကြွခဲ့ပါတယ်။ ၁၉၉၀ မှာ နိုင်ငံရေး ပါတီတွေရဲ့ရွေးကောက်ပွဲ အောင်ပွဲနဲ့ သံဃာတော်တွေ ကံဆောင်ပွဲ ဒုတိယလှိုင်း စကြွခဲ့ပြီး ၂၀၀၇ စက်တင်ဘာမှာတော့ သံဃာတွေရဲ့ဒုတိယလှိုင်းဟာ တနိုင်ငံလုံးသာမက တကမ္ဘာလုံး တုန်ခါသွားအောင် အရှိန်အဟုန် ကြီးမားစွာနဲ့ ရိုက်ခတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ တော်လှန်ရေးရဲ့ ပွဲသိမ်းလှိုင်းဖြစ်တဲ့ လက်နက်ကိုင်စစ်တပ် အရှိန်သြဇာ မပါဝင်သေးလို့ အောင်ပွဲ မရခဲ့ကြပါဘူး။

နောက် မလွဲမသွေလာရမယ့် တတိယလှိုင်းအတွက် တဖက်မှာ လက်နက်ကိုင် တော်လှန်ရေး တိုက်ပွဲ အရှိန်အဟုန်ကို ကြီးထွား ပြင်းထန်အောင် လုပ်ရင်း နောက်တဖက်မှာ မြန်မာ့တပ်မတော်ကို စီမံကိန်းရှိရှိ နားလည်မှုရှိရှိ ထိုးဖောက် သိမ်းသွင်းဖို့ အကြီး အကျယ် လိုအပ်ပါတယ်။ ဒီ တတိယလှိုင်း မထသရွေ့ မြန်မာနိုင်ငံမှာ ဘယ်တော့မှ ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်မှာ မဟုတ်ပါ။

ကွယ်လွန်သူ ရဲဘော်မြင့်အောင် (ခေါ်) ဂုရု ABSDF ၏ ‘တတိယ လူထုလှိုင်းဆီသို့’ စာတမ်း၊ ဆရာ လူထုစိန်ဝင်း၏ ဆောင်းပါးနှင့် Mandela ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တို့ကို ထပ်ဆင့် ခံစားခြင်း ဖြစ်ပါသည်။

ဂါမဏိ

0 comments:

အပေါ်သို့