..............................

Thursday, November 27, 2008

မွန်ဘိုင်းကို အကြမ်းဖက်သမားများ တိုက်ခိုက်ခြင်း

နိုဝင်ဘာ ၂၆ရက် ၂၀၀၈၊ ည ၇နာရီ ၁၅မိနစ်


အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော် မွန်ဘိုင်း (ဘုံဘေ) မြို့က နေရာ ၉ ခု သို့မဟုတ် ၁၀ ခုကို နိုဝင်ဘာ ၂၆ ရက်နေ့ညက အကြမ်းဖက် သမားများ ၀င်ရောက် တိုက်ခိုက်ခဲ့ရာ အခု သတင်းရေးသားနေတဲ့ အချိန် အထိအနည်းဆုံး လူ ၇၈ ဦး သေဆုံးကာ ၁၈၅ ဦး ဒဏ်ရာ ရကြောင်း သိရပါတယ်။ တိုက်ခိုက်မှုများဟာ ဒေသစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ်က စတင်တာ ဖြစ်ပါတယ်။ ရဲများကတော့ အခုအချိန်အထိ ၂၆ ဦး သေဆုံးကြောင်း ပြောဆိုထားပါတယ်။

အကြမ်းဖက်သမားတွေဟာ မွန်ဘိုင်းမြို့ တောင်ဘက် စီးပွားရေး အချက်အခြာဒေသက ကြယ်ငါးပွင့် ဟော်တယ်များ ဖြစ်ကြတဲ့ တာ့ခ်ျမဟာ နဲ့ Oberoi (အိုဘာရိုင်) တို့ကို သိမ်းပိုက်ထားပြီး အကြမ်းဖက်မှု နှိမ်နင်းရေးတပ်ဖွဲ့ဝင်များနဲ့ တိုက်ပွဲ ဖြစ်နေဆဲလို့ သိရပါတယ်။

ဒါ့အပြင် စီအဲန်အဲန်နဲ့ ဆက်နွယ်သတင်းဌာန တခုဖြစ်တဲ့ စီအဲန်အဲန် - အိုင်ဘီအဲန် သတင်းဌာနက ကာမာ (Cama) ဆေးရုံကိုလည်း အကြမ်းဖက် သမားတွေ သိမ်းပိုက်ထားကာ လူနာတွေကို ဓါးစာခံအဖြစ် ဖမ်းထားကြောင်း သိရပါတယ်။ အကြမ်းဖက်သမားများဟာ ရဲကားတစီးကိုလည်း သိမ်းပိုက်ပြီး လူအုပ်ထဲကို သေနတ်နဲ့ ပစ်ထည့်ခဲ့ပါတယ်။

အခု တိုက်ခိုက်မှုဟာ အိန္ဒိယ မူဂျာဟေဒင်အုပ်စုရဲ့ လက်ချက်ဖြစ်ကြောင်း၊ အိုဆာမာဘင်လာဒင်ရဲ့ အဲယ်လ်ကိုင်းဒါး အဖွဲ့နဲ့ ဆက်နွယ်မှုရှိကြောင်း၊ သူတို့တွေဟာ အီရတ်နဲ့ အာဖကန်နစ္စတန်တွေမှာ ဖွင့်လှစ်ခဲ့တဲ့ အကြမ်းဖက်သင်တန်းဆင်းတွေ ဖြစ်နိုင်ကြောင်း သုံးသပ်နေကြပါတယ်။

မောင်းပြန်သေနတ်တွေ လက်ပစ်ဗုံးတွေ ကိုင်ထားတဲ့ အကြမ်းဖက်သမားများဟာ သူတို့ တိုက်ခိုက်ရာ နေရာတွေကို တခုပြီးတခု ၀င်ရောက် သိမ်းပိုက်ခဲ့ပြီး ဖောက်ခွဲမှုတွေ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အကြမ်းဖက် သမားများဟာ မွန်ဘိုင်း ဘူတာရုံ၊ တာ့ခ်ျမဟာနဲ့ အိုဘာရိုင်ဟော်တယ်၊ ကာမာ (Cama)၊ အဲလ်ဘလက်စ် (Albless) နဲ့ ဂျီအိုင် (GI) ဆေးရုံ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကို ၀င်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့ ည တညလုံး အကြမ်းဖက်သမားတွေနဲ့ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး သတင်းရေးချိန်အထိ မွန်ဘိုင်းမြို့မှာ သေနတ်သံတွေ ကြားနေရဆဲဖြစ်ကြောင်း၊ အကြမ်းဖက်မှုတွေ နောက်ထပ် ထပ်မံ ဖြစ်ပွားတဲ့သတင်းတော့ မကြားရကြောင်း စီအဲန်အဲန်ရုပ်သံသတင်းမှာ ကြေငြာနေ ပါတယ်။

ဓါးစာခံတွေအထဲက ဗြိတိန်နဲ့ အမေရိကန်နိုင်ငံသားတွေကို အကြမ်းဖက်သမားတွေ ရှာဖွေနေကြောင်း သတင်းရရှိပါတယ်။ အမေရိကန် အကြမ်းဖက်မှု နှိမ်နင်းရေး အရာရှိတွေနဲ့ အိန္ဒိယတာဝန်ရှိသူတွေ တိုက်ရိုက်ဆက်သွယ် လုပ်ကိုင်နေကြောင်း၊ အမေရိကန် ဒါမှမဟုတ် ဗြိတိသျှ နိုင်ငံသားတဦးဦး ဒဏ်ရာရ၊ သေဆုံးတဲ့သတင်း မကြားရသေးကြောင်း၊ အကြမ်းဖက်သမား ၉ ဦး တိုက်ပွဲမှာ သေဆုံးသွားကြောင်း သိရပါတယ်။ ဘယ်သူတွေ ဓါးစာခံ ဖြစ်နေကြောင်း ဘယ်သူမှ မသိကြသေးပါဘူး။ တိုက်ခိုက်မှု ဖြစ်နေချိန်ဟာ

ဥရောပသမဂ္ဂနဲ့ အိန္ဒိယနိုင်ငံတို့ ဆွေးနွေးပွဲ ပြုလုပ်ဖို့ စီစဉ်နေချိန်ဖြစ်ပြီး ကိုယ်စားလှယ်အချို့ မွန်ဘိုင်းကို ရောက်ရှိနေချိန် ဖြစ်ပါတယ်။
အကြမ်းဖက်သမားများဟာ ဘူတာရုံထဲကို ပြေးဝင်ခဲ့ပြီး လူအုပ်ထဲကို ဗုံး ပစ်ခွဲခဲ့ကြောင်း သိရသလို တာ့ခ်ျမဟာ ဟော်တယ်မှာလည်း အလားတူ ဖြစ်ပွားခဲ့ကြောင်း၊ အခင်းဖြစ်ပွားမှု အစောပိုင်းကာလမှာ ပေါက်ကွဲမှုများ ဆက်တိုက်လိုလို ကြားခဲ့ရကြောင်း သိရှိရပါတယ်။ အခု ပစ်မှတ်ထား တိုက်ခိုက်တဲ့ နေရာကတော့ နိုင်ငံခြားသားတွေနဲ့ စီးပွားရေးသမားတွေ အများဆုံး နေထိုင် သွားလာတဲ့နေရာ ဖြစ်ပါတယ်။

Ref: Burmatoday News

0 comments:

အပေါ်သို့