..............................

Thursday, November 6, 2008

မြန်မာနိုင်ငံအရှေ့ဖက်ဒေသ၌ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေဆဲ ယခင်ထက်ပို၍ လျို့ဝှက်ပြီး စနစ်တကျ ကျူးလွန်နေ

၅ နိုဝင်ဘာ ၂၀၀၈

နအဖစစ်အစိုးရက ဒီမိုကရေစီ တောင်းဆို ဆန္ဒပြသူများကို ပစ်ခတ်နှိမ်နင်းခဲ့ပြီး နှစ်ပေါင်း (၂၀) ကြာပြီးနောက် ယခုကာလတွင် မြန်မာနိုင်ငံ အရှေ့ဖက် ဒေသများ၌ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် လက်နက်ကိုင်ပဋိပက္ခ မပျံ့ပွားရေးဆိုင်ရာဥပဒေ ချိုးဖောက်မှု စသည့် ရာဇ၀တ်မှု ကျူးလွန်မှု များသည် ယခင်ကထက်ပို၍ လျို့ဝှက်စွာ စနစ်တကျ ဖြစ်ပေါ်နေသည်ဟု ထိုင်းမြန်မာနယ်စပ်၌ အကူ အညီပေးရေး လုပ်ငန်းများ လုပ်ဆောင်နေသော the Thailand Burma Border Consortium (TBBC) အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားသည်။

ယခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သော စာမျက်နှာ (၇၀) ပါ Internal Displacement and International Law in Eastern Burma အမည်ရှိ အစီရင်ခံ၌ ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။

TBBC သည် မြန်မာနိုင်ငံအရှေ့ဖက်ရှိ ဒေသခံ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လွန်ခဲ့သည့် (၆) နှစ်မှစ၍ ပြည်တွင်း အိုးမဲ့အိမ်မဲ့ ဒုက္ခသည်များနှင့် ပတ်သက်သော အချက်အလက် စုဆောင်းပြီးတင်ပြနေသည့် အဖွဲ့ဖြစ်သည်။ ယခုနှစ်တွင်လည်း နအဖ၏ အခွင့်အရေး ချိုးဖောက်မှုများကို ပြည်သူများအပေါ် ရက်ရက်စက်စက် ကျူးလွန်နေသည့် အခြေအနေ ဘောင်အတွင်းမှချဉ်းကပ် စုဆောင်းခဲ့ပြီးမှုများကို ပြုလုပ်ပြီး ထပ်မံ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါဒေသအတွင်း လူ့အခွင့်အရေးနှင့် လက်နက်ကိုင်ပဋိပက္ခ မပျံ့ပွားရေးဆိုင်ရာ ဥပဒေ ချိုးဖောက်မှုများသည် နိုင်ငံတကာ ရာဇ၀တ်မှုမြောက်ကြောင်း တင်ပြခဲ့သည်။

ကရင်ပြည်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီပြည်နယ် စသည့်ဒေသများသည် ရာဇ၀တ်မှု အဓိကချိုးဖောက်ခံရသည့် နေရာများဖြစ်ပြီး စစ်ပွဲများကြောင့် ထွက်ပြေးရခြင်း၊ ကျေးရွာများ အဓမ္မရွှေ့ပြောင်းခြင်း၊ အဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ အဓမ္မ ငွေကောက်ခံခြင်း၊ မြေယာများသိမ်းခြင်း၊ အဓမ္မစိုက်ပျိုးခိုင်းခြင်း၊ လယ်ယာစိုက်ခင်းများသို့ သွားလာခြင်းနှင့် ဈေးကွက်အတွင်း ၀င်ရောက် ယှဉ်ပြိုင်ခြင်းကို တင်းကျပ်ထားခြင်း စသည်တို့ကြောင့် မိသားစု ဘ၀များ အတွက် ၀င်ငွေများထိခိုက်ပြီး လူဦးရေအားလုံး အပေါ်လည်း မတည်ငြိမ်ဖြစ်စေကြောင်း TBBC က အစီရင်ခံစာအတွင်း ထောက်ပြထားသည်။

မည်သည့်အရပ်သားကိုမဆို လျို့ဝှက်၍ စနစ်တကျ တိုက်ခိုက်မှုများရှိပါက နိုင်ငံတကာဥပဒေအရ ပြည်သူများအပေါ် ရက်ရက်စက် ကျူးလွန်နေသည့် အခြေအနေမျိုးနှင့် အကျိုးဝင်ကြောင်း၊ အရပ်သားကို တိုက်ခိုက်သည်ဆိုရာတွင် စစ်ရေးအရသာမကပဲ အစိုးရ၏ မူဝါဒအောက်၌ လူသတ်မှု ကျူးလွန်ခြင်း၊ ကျေးကျွန်သဖွယ် ခိုင်းစေခြင်း၊ အဓမ္မ ရွှေ့ပြောင်းနေရာချထားခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ မုဒိန်းကျင့်ခြင်း စသည်တို့လည်း အကြုံးဝင်ကြောင်း TBBC ကအချက်အလက်နှင့်တကွ ထောက်ပြထားသည်။

ကိုဝိုင်း

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့