..............................

Tuesday, November 4, 2008

တြိဂံပုံသဏ္ဍာန်ဖြစ်တည်မှု

နိုင်ငံတခုမှာ အစိုးရရယ်၊ ပြည်သူရယ်၊ စစ်တပ်ရယ်ဆိုတဲ့ တြိဂံပုံသဏ္ဍာန်ဖြစ်တည်မှု တခု ရှိတယ်။ အစိုးရဆီမှာ ပြည်သူ့အာဏာ သက်ဆင်းမှုရှိရတယ်။ စစ်တပ်ဆိုတာကတော့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့ ထားရှိရတဲ့ အဖွဲ့အစည်းတရပ်ဖြစ်တယ်။ ဒါပေမယ့် မြန်မာပြည်မှာ ကျ တော့ ပြည်သူလူထုကို စောင့်ရှောက်ရမယ့် စစ်တပ်က ပြည်သူကိုသတ်ပြီး ပြည်သူ့အာဏာ သက်ဆင်းရမယ့် အစိုးရနေရာကို အတင်း လုယူထားတယ်။ ဒီတော့ တြိဂံပုံသဏ္ဍာန်ဟာ ပျက်ယွင်း သွားပြီ။ အာဏာသိမ်း စစ်အစိုးရနဲ့ ပြည်သူလူထုဆိုတဲ့ ဘက်နှစ်ဘက် ထိပ်တိုက်ဖြစ်နေပြီ။

အတိုက်အခံဆိုတာက ဖိနှိပ်ခံလူတန်းစားတွေရှေ့က ရဲရဲဝံ့ဝံ့ ရပ်တည်တိုက်ပွဲဝင်ဖို့ ပေါ်ထွက်လာ သူတွေဖြစ်တယ်။ ဒါကြောင့် ဒီတိုက်ပွဲဟာ စစ်အစိုးရနဲ့ အတိုက်အခံများကြားက အားပြိုင်တဲ့ပွဲ မဟုတ်ဘူး။ ဖိနှိပ်တဲ့ စစ်တပ်နဲ့ အဖိနှိပ်ခံ ပြည်သူများအကြားက တိုက်ပွဲတရပ်သာ ဖြစ်တယ်။ ဒီတော့ ကြားနေဆိုတာ မရှိဘူး။ ဖိနှိပ်တဲ့ စစ်တပ်ဘက်က ရပ်တည်မှာလား၊ အဖိနှိပ်ခံရတဲ့ ပြည်သူ ဘက်က ရပ်တည်မှာလားဆိုတဲ့ ရွေးချယ်မှုကိုသာ ရွေးချယ်ရတော့မှာ ဖြစ်တယ်။ အဖိနှိပ်ခံ ပြည်သူ တွေကို မျက်ကွယ်ပြုပြီး ကြားနေတယ်ဆိုရင်တော့ ဖိနှိပ်တဲ့ စစ်တပ်ကို အားပေးရာကျနေလိမ့်မယ်။

ပြည်သူလူထုထဲမှာလည်း ဖိနှိပ်သူကိုမှ အားပေးအားမြှောက်လုပ်ပြီး အခွင့်အရေး ယူနေသူတွေ ရှိတယ်။ ဒီလူတွေဟာ လူထု သစ္စာဖောက်တွေဖြစ်တယ်။ တပ်မတော်သားတွေ ထဲမှာလဲ ပြည်သူနဲ့ ပူးပေါင်းပြီး၊ တြိဂံပုံသဏ္ဍာန် တည်ဆောက်ချင်သူတွေ ရှိနေမယ်။ ဒီလိုမျိုးချစ်သူရဲကောင်းတွေကို လူထုနဲ့ အမြန်ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ်။ စစ်တပ်ရဲ့ အခန်းကဏ္ဍဆိုတာ တြိဂံပုံသဏ္ဍာန်အနေနဲ့ အမြဲတည်ရှိနေပြီးသားပါ။ ဒီအခန်းကဏ္ဍကို မြောင်းထဲရောက်အောင်၊ ပြည်သူ့ ချဉ်ဖတ်ဘ၀ ရောက်အောင် ပြည်သူတွေဆီ သေနတ်ပြောင်းကို ဘယ်သူတွေ ချိန်ခိုင်းခဲ့တာလဲ။ ပြည်သူ့ သားကောင်းပီသစွာ သေနတ်ပြောင်းတွေကို နောက်ပြန်လှည့်လိုက်ပါ။
သူ့နေရာနဲ့သူ လှပပြီး၊ အဓိပ္ပာယ်ပြည့်ဝနေတဲ့ တြိဂံပုံသဏ္ဍာန် ဖြစ်တည်မှုကို နိုင်ငံသစ်ဆီမှာ ပြန်လည်တည်ဆောက်ကြပါစို့။

Ref: ခင်မမမျိုး (၂၅၊ ၁၀၊ ၂၀၀၈)

0 comments:

အပေါ်သို့