..............................

Friday, November 7, 2008

အန်အယ်ဒီ နှုတ်ထွက်လူငယ်များ ဦးဝင်းတင်နှင့်တွေ့ဆုံဆွေးနွေး

၆ နိုဝင်ဘာ ၂၀၀၈

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နှုတ်ထွက်လူငယ် (၂၀) ၀န်းကျင်သည် အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်အား နိုဝင်ဘာ ၅ ရက်နေ့က ၄င်း၏နေအိမ်သို့ သွားရောက်တွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြသည်။
အန်အယ်ဒီလူငယ် ၁၀၀ ကျော် အဖွဲ့ချုပ်မှ နှုတ်ထွက်ကြောင်း သတင်းထွက်ပြီး မကြာခင် နှုတ်ထွက် လူငယ်များက ဦးဝင်းတင်ထံ သွားရောက်တွေ့ဆုံကြခြင်း ဖြစ်သည်။ ယင်းသို့ တွေဆုံရခြင်းမှာ မကြာခင်က အဖွဲ့ချုပ် လူငယ်များအတွင်း နေရာဌာန အပြောင်းအရွှေ့များအပေါ် မကျေနပ်သည့် လူငယ်များက ၄င်းတို့၏ ရှေ့ဆက်လုပ်မည့် လုပ်ငန်းစဉ်များကို အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်ထံ သွားရောက် တင်ပြခဲ့ခြင်းဖြစ်သည်ဟု လူငယ်တဦးက ပြောသည်။



ဦးဝင်းတင်က လူငယ်များအား -
‘ကျန်တော့်အနေနဲ့ ဥက္ကဌ ဦးအောင်ရွှေနဲ့ စကားပြောဖြစ်ခဲ့တယ်။ ဥက္ကဌကိုပြောခဲ့တာက ဒီ လူငယ်တွေကို ထုတ်ပစ်တာကို လက်မခံနိုင်သလို နှုတ်ထွက်လွှာတွေကိုလည်း အတည်မပြုဖို့ ပြောခဲ့တယ်။ အခုလိုအချိန်မျိုးမှာ ထုတ်ပစ်တယ်ဆိုတာ မကောင်းဘူး။ အဲဒီအတွက် အတူ တွဲလုပ်စရာရှိတဲ့ ကိစ္စတွေကို လူငယ်အချင်းချင်း ညှိနှိုင်းပြီး အင်အားတွေကို ဘယ်လိုသုံးမလဲ ဆိုတာ စဉ်းစားကြရမှာဖြစ်တယ်။ ဆိုလိုတာက လူငယ်အချင်းချင်း အပြိုင်အဖြစ် လုပ်မနေကြပဲ ဘယ်လောက်ထိ တွဲလုပ်နိုင်မလဲ ဆိုတာကိုသာ စဉ်းစားကြရမှာ ဖြစ်ပါတယ်။ အဖွဲ့ ချုပ်ကိုလည်း ပြောခဲ့ပါတယ်။ အခုအပြင်ကို ရောက်နေတဲ့ အင်အားစုတွေကို ပြန်တွဲနိုင်သလောက် ပြန်တွဲ ခေါ်ပါ။ လူငယ်အကြံပေး အဖွဲ့ကိုလည်း ပြောခဲ့တယ် ဒါကတော့ ဒီအတိုင်း ထိုင်မနေပဲ လက်ရှိ ဖြစ်နေတဲ့ လူငယ်ကိစ္စတွေမှာ တတ်နိုင်သမျှ ဖြေရှင်းနိုင်ဖို့ အကြံပြုခဲ့ပါတယ်” ဟု လူငယ်များအား ပြန်လည် ပြောကြားခဲ့သည်။

သို့သော် ဦးဝင်းတင်၏ တင်ပြချက်များကို အဖွဲ့ချုပ်မှ စဉ်းစားမည့် လက္ခဏာ မရှိကြောင်း နှုတ်ထွက် လူငယ်များက ပြောသည်။ ယင်းနောက် လူငယ်များက ၄င်းတို့ သိရှိလိုသည့် ကိစ္စရပ်များနှင့် ဖြစ်စေချင်သည့် ကိစ္စများကို ပြန်လည်ပြောကြားရာ ယခင် အောက်မြန်မာပြည် လူငယ်တာဝန်ခံ ကိုခင်ထွန်းက “ကျနော်တို့အနေနဲ့ ကတော့ လူငယ်အဖွဲ့ကို ပြန်ဖွဲ့မယ်ဆိုရင် အသက်(၃၅)နှစ်အောက် လူငယ်များဖြင့်သာ ပြန်လည်ဖွဲ့ စည်းသင့်ကြောင်း၊ အခု ပြန်ဖွဲ့လိုက်တဲ့ လူငယ်များဟာ လည်းအသက် (၄၀)ပတ်ဝန်းကျင် လူငယ်များဖြစ်နေပြီး တကယ်တန်း လူငယ်ကို ပြန်လည် ဖွဲ့စည်းသင့်တာက အသက်(၃၅)နှစ်အောက် လူ ငယ်များဖြင့်သာ ပြန်လည်ဖွဲစည်း သင့်တယ်” ဟု ဦးဝင်းတင်အား ပြန်လည် ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး လူငယ်များအနေနှင့် ပါတီသက်တမ်း အနှစ်(၂၀)လုံးလုံး ပါတီစည်းကမ်းအတိုင်း နေခဲ့ကြောင်း သို့သော်လည်း ယခုအချိန်မှာ လက်မခံနိုင်တော့ကြောင်း လူငယ်များ၏ အကြိမ်ကြိမ် အပြုသဘောဆောင်သည့် တင်ပြချက်များကို ဦးအောင်ရွှေက အကြိမ်ကြိမ် ပါယ်ချခဲ့ခြင်းကြောင့် ယခုလို ဆုံးဖြတ်ခဲ့ရတာ ဖြစ်ကြောင်း စသဖြင့် ဦးဝင်းတင်အား တင်ပြခဲ့ကြသည်ဟု သိရသည်။
နှုတ်ထွက်လူငယ်များသည် ကလေးစစ်သားကိစ္စ၊ အဓမ္မ လုပ်အားပေးခိုင်းသည့် ကိစ္စများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂသို့ စာပေးပို့ရန် စီစဉ်နေသည်ဟုပါ စုံစမ်းသိရသည်။

မြင့်မိုးဇော်

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့