..............................

Wednesday, November 5, 2008

စေ့စပ်ညှိနှိုင်းဆွေးနွေးရေး မဟာဗျူဟာများ

ရွှေနွယ်
11/5/08

အောင်မြင်စွာ စေ့စပ်ညှိနှိုင်း ဆွေးနွေးနိုင်သူတိုင်းသည် အယူရှိသလို အပေးရှိရစမြဲ ဖြစ်သည်ကို ကောင်းစွာ နားလည်ကြပါသည်။ တကယ်ကျွမ်းကျင်သူများ အနေနှင့် မည်သည့်အရာကို ပေးရမည်၊ မည်သည့်အချိန်ပေးရမည်၊ မည်သည့် အတွက်ကြောင့် ပေးရမည်၊ မည်သည့် အတိုင်းအတာအထိ ပေးရမည်၊ မည်သည့်အချက်များ ပြန်လည် အရယူနိုင်သည် တို့ကို စေ့စေ့ငါ့ငါ့ သဘောပေါက်ကြပါသည်။

ထို့ကြောင့် အောင်မြင်စွာ စေ့စပ်ညှိနှိုင်းနိုင်ရန်အတွက် မည်ကဲ့သို့ သိုင်းဝိုင်းလွှမ်းခြုံရမည်၊ ကိုယ့်ဘက်က မည်သည့်အရာများကို မည်သည့် အတိုင်းအတာအထိ ပေးပြီးနောက် ကိုယ့်လိုအပ်ချက် များပြည့်ဝစေရေးအတွက် မည်သည့်အရာများကို အရယူနိုင်သည် ဆိုသည့်အချက်များကို ကြိုတင်ပြင်ဆင်ကာ သိရှိနားလည်ထားရန် လိုပါသည်။

ဤအရာများကို ကြိုတင်ပြင်ဆင်ရန် စေ့စပ်ညှိနှိုင်း ဆွေးနွေးခြင်းဆိုင်ရာ မဟာဗျူဟာကို သိရှိ ထားသင့်ပါသည်။ ဤမဟာဗျူဟာများကို လေ့လာကြည့်သည့်အခါ အဓိကဗျူဟာ ၁၄ခု ရှိကြောင်းတွေ့ရပြီး ဤဆောင်းပါး၌ အဆိုပါမဟာဗျူဟာ ၁၄ခု ကို အကျဉ်းမျှ တင်ပြ ဆွေးနွေး ထားပါသည်။

(၁) လွှမ်းခြုံထားခြင်း (Blanketing)
စေ့စပ်ညှိနှိုင်းဆွေးနွေးရာတွင် ဤမဟာဗျူဟာကိုအသုံးပြုသည့်အခါ တောင်းဆိုချက် များကို ကျယ်ကျယ်ပြန့်ပြန့် တင်ပြလေ့ရှိသည်။ ထို့အပြင် သာမန်တောင်းဆိုချက်များသာမက အိပ်မက်ထဲက တောင်းဆိုချက်များပါ ပါလာသည်အထိ ဖြစ်တတ်သည်။ ဤ မဟာဗျူဟာကို အသုံးပြုခြင်းဖြင့် တောင်းဆိုချက် အများကြီးထဲက အနည်းဆုံး တစ်ခုခုကိုဖြင့် ရမှာသေချာသည်။ ထို့အပြင် အခြား တစ်ဖက်က စေ့စပ်ညှိနှိုင်း ဆွေးနွေးသူအနေနှင့် မည်သည့် အတိုင်း အတာအထိ လိုက်လျော အလျှော့ ပေးလိုသည်ကို သိလိုသည့် အခါ၌လည်း ဤဗျူဟာကို သုံးလေ့ရှိသည်။

(၂) ဝိုင်းပြ၊ ရွေးပြ၊ ချုံ့ပြခြင်း (Bracketing)
စေ့စပ်ညှိနှိုင်းဆွေးနွေးရာတွင် ဘက်နှစ်ဘက်အမြဲရှိသည်။ အခြားဘက်၏ လိုလားချက်များ၊ တောင်းဆို ချက်များ အနက် အမှန်တကယ် လိုအပ်ချက်များ (Needs) သည် မည်သည့် အရာများ ဖြစ်သည်၊ မည်ကဲ့သို့ ဖြည့်ဆည်း ဆောင်ရွက် လိုက်လျော ပေးနိုင်သည်ကို ဝိုင်းပြ၊ ရွေးပြ၊ နယ်ပယ် ချုံ့ပြခြင်းဖြစ်၏။ ဤမဟာဗျူဟာကို အသုံးပြုသည့် အခါ မည်သည့် အဆိုပြုချက်များက တစ်ဖက်သား စေ့စပ်သူအား ကျေနပ်စေနိုင်သည် ဆိုသောအချက်ကို စနစ်တကျ လေ့လာဖို့ လိုပါသည်။

(၃) တဖြည်းဖြည်းအားနည်းပျက်စီးစေခြင်း (Undermining)
အခြားတစ်ဖက်သား စေ့စပ်ဆွေးနွေးသူကို အမြဲတမ်း ခံစစ်အနေအထား ၌သာ ရှိစေကာ တဖြည်းဖြည်း အားနည်းအောင် လုပ်ပြီး အပိုင်ကိုင် စေ့စပ်ဆွေးနွေးသည့် မဟာဗျူဟာ ဖြစ်သည်။

(၄) အံ့အားသင့်စေခြင်း (Surprise)
ဤမဟာဗျူဟာသုံးသည့်အခါ ရုတ်တရက်ချက်ချင်းဆိုသလို အကြောင်း အရာသစ် တစ်ခုကို တင်ပြ ဆွေးနွေးခြင်း၊ အဆိုပြုချက် အသစ်တစ်ခုကို ကမ်းလှမ်းခြင်း၊ ထင်မှတ် မထားသော အနေ အထားနှင့်ရှုထောင့်မှ ချဉ်းကပ် ဆွေးနွေးခြင်း တို့ကို ပြုလုပ်လေ့ရှိ၏။ ဤကဲ့သို့ မိမိတို့၏ ရုတ်တရက် ကမ်းလှမ်း တင်ပြချက်ကို အံ့အားသင့် အငိုက်မိအောင် ပြုလုပ်ခြင်းဖြင့် တစ်ဖက်သား ရှောင်တိမ်းချိန်၊ ပြင်ဆင် ကြံဆချိန် မရဘဲ လက်ခံလာအောင် ပြုလုပ်နိုင်၏။

(၅) တိတ်တိတ်နေခြင်း (Silence)
စေ့စပ်ညှိနှိုင်းဆွေးနွေးရာ၌ ရံဖန်ရံခါ တစ်ဖက်သား၏ဆွေးနွေးချက်ကို စိတ်ဝင်စားဟန်၊ ဂရုစိုက်ဟန် မပြဘဲ မခန့်လေးစား လုပ်ခြင်း၊ ကိစ္စ တစ်ခုခုကို ယာယီအားဖြင့် ဆွေးနွေးရန် စိတ်ဝင်စားမှု မရှိဟန်ပြကာ ဆိတ်ဆိတ်နေခြင်း ဖြင့်လည်း တစ်ဖက်သား မိမိဘက်ပါအောင် လုပ်ယူနိုင်သည်။

(၆) ဟန်ဆောင်ခြင်း (Feinting)
စေ့စပ်ညှိနှိုင်းဆွေးနွေးရာတွင် အခြေခံမူရင်း လိုချင်သည့် ရည်ရွယ်ချက်မှာ “က” ဖြစ်နေသော်လည်း “က” ကို လိုချင်ဟန် လုံးဝ မပြဘဲ အခြား ကမ်းလှမ်းချက် “ခ” ကိုသာ လိုချင်စိတ် ရှိသည့် ဟန်ဆောင်ကာ ဆွေးနွေးစေ့စပ်သည့် မဟာဗျူဟာ ဖြစ်သည်။

(၇) လုပ်ပိုင်ခွင့်အကန့်အသတ်ဖြင့်သာရှိခြင်း (Limited authority)
စေ့စပ်ညှိနှိုင်း ဆွေးနွေးသည့်အခါ မိမိ၏လုပ်ပိုင်ခွင့် ဘောင်ထဲက လိုက်လျောခွင့် ပြုနိုင်သမျှ လိုက်လျော ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထိုထက် ပိုကျော်လွန်လာပါက အဆင့်မြင့် သူများထံ တင်ပြကာ အတည်ပြုချက် ရမှ လိုက်လျောနိုင်ကြောင်း၊ အပေးအယူ လုပ်ရန် အလားအလာ ရှိကြောင်း၊ ထိုသို့ တင်ပြအတည်ပြုချက် ရရေးမှာ မသေချာကြောင်းကို တစ်ဖက်သားအား သိစေခြင်းဖြစ်သည်။

(၈) နောက်ဆုတ်ခြင်း (Withdrawal)
စေ့စပ်ညှိနှိုင်း ဆွေးနွေးနေချိန်တွင် မိမိဘက်က မည်သည့်ကမ်းလှမ်းမှု၊ စဉ်းစားမှုမျှ မလုပ်တော့ဘဲ နောက်ဆုတ်နေခြင်း၊ မဆွေးနွေးတော့ဘဲ ရပ်တန့်နေခြင်း၊ ဆွေးနွေးရန် စိတ်ဝင်စားဟန် မပြတော့ခြင်း သည်လည်း ထိရောက်သော၊ အသုံးပြုလေ့ရှိသော မဟာဗျူဟာ တစ်ခုဖြစ်သည်။ တကယ်လက်တွေ့၌ နောက်ဆုတ်ခြင်း မဟုတ်။ နောက်ဆုတ်ဟန် ပြခြင်းသာ ဖြစ်သည်။ ဤကဲ့သို့ လုပ်ရသည့် ရည်ရွယ်ချက်မှာ အခြားတစ်ဖက်သား စေ့စပ်ညှိနှိုင်း ဆွေးနွေးသူအား ၎င်း၏ အနေအထားနှင့် ကမ်းလှမ်းချက်ကို ပြောင်းစေလိုသော သဘောဖြင့် လုပ်ခြင်းဖြစ်၏။

(၉) သည်းခံညှာတာချုပ်တည်းခြင်း (Forbearance)
စေ့စပ်ဆွေးနွေးညှိနှိုင်းနေစဉ် တစ်ဖက်သားအားသည်းခံစိတ်၊ ညှာတာစိတ်ဖြင့် မပေါက် မကွဲဖြစ်အောင် စေ့စပ်ညှိနှိုင်း ဆွေးနွေးနိုင်သည်။ ဤစိတ်ဖြင့် ဆွေးနွေးရာ၌ ရံဖန်ရံခါ ဆုံးဖြတ်ရန်ရှိသည့် ကိစ္စများကို ချက်ချင်းမဆုံးဖြတ်ဘဲ အဖြေပေးရန်၊ စဉ်းစားရန် အချိန်ယူခြင်း နည်းလမ်းကို အသုံးပြုနိုင်သည်။ ဤဗျူဟာကို အသုံးပြုခြင်းသည် တစ်ဖက်သားအား ဖိအား ဝင်စေသည်ဟု ဆိုကြသည်။

(၁ဝ) ပြီးတာပြီးပြီ (Fait Accompli)
နှစ်ဦးနှစ်ဖက် စေ့စပ်ညှိနှိုင်း ဆွေးနွေးသည့်အခါ တစ်ဖက်ဖက်က လိုချင်သည့် ရည်မှန်းချက်များ ရရှိပြီးမြောက် အောင်မြင်သွားသည့်အခါ ရောက်ရှိနေသော အခြေအနေနှင့် သဘောတူညီပြီးချက်များကို အခြားတစ်ဖက်က လျင်လျင်မြန်မြန် လက်ခံ ဆောင်ရွက်စေသည့် မဟာဗျူဟာ ဖြစ်သည်။ ရှေ့လျှောက်ပြီး အပေးအယူ၊ အတိုးအလျှော့၊ အပြောင်းအလဲ လုပ်လျှင် အချိန်ပိုလိုမည် ဖြစ်ကြောင်း၊ အားစိုက်မှု ပိုလိုလာနိုင်ကြောင်း၊ သဘောတူညီပြီးချက်များကို ပြန်ပြင်ရန် ခက်ခဲကြောင်း တင်ပြဆွေးနွေးသည့် မဟာဗျူဟာဖြစ်သည်။

(၁၁) နောက်ဆုံးအချိန် /ရက် /ကိစ္စ သတ်မှတ်ခြင်း (Deadlines)
အကြောင်းအရာ ကိစ္စတစ်ခုခုကို နှစ်ဖက်သား စေ့စပ်ညှိနှိုင်းဆွေးနွေးရာတွင် ထိုကိစ္စအတွက် နောက်ဆုံးအချိန်၊ နောက်ဆုံးရက်ကို သတ်မှတ်ပြီး ဆွေးနွေးရန်လိုသည်။ တစ်ဖက်သား၏ လိုက်လျောနိုင်သော၊ ဆွေးနွေးနိုင်သော ရက်/အချိန်နှင့် ကိစ္စအတိုင်းအတာကို တစ်ဖက်သားက သိရှိလေ ထိုသို့သိထားသူ အတွက် ဖိအားဝင်လေဖြစ်သည်။

(၁၂) လူကောင်း/လူဆိုး (Good guy/bad guy)
စေ့စပ်ညှိနှိုင်းဆွေးနွေးရာတွင် အဖွဲ့နှင့် ဆွေးနွေးလေ့ရှိ၏။ ထိုအခါ အဖွဲ့ထဲ၌ လူကောင်းများ၊ သဘောထား ပျော့ပျောင်းသူများပါသလို၊ လူဆိုးများ၊ သဘောထားတင်းမာသူများ ပါလေ့ရှိ၏။ သဘောထား တင်းသူများက ခပ်တင်းတင်း၊ ခပ်မာမာပြောနေချိန်၌ အဖွဲ့ထဲရှိ သဘောထား ပျော့ပျောင်းသူများက အလျှော့ပေးလေဟန်ဖြင့် တစ်ဆင့်နိမ့်ပြီး ကမ်းလှမ်းချက်လုပ်သည့် ညှပ်ပူးညှပ်ပိတ် မဟာဗျူဟာကို သုံးခြင်းဖြင့် တစ်ဖက်စေ့စပ် ညှိနှိုင်းဆွေးနွေးသူအဖွဲ့ ငြင်းပယ်ရန် ခဲယဉ်းသော အခြေအနေကို ရောက်စေ၏။

(၁၃) တစ်စစီဖဲ့ယူခြင်း (Salami)
စေ့စပ်ညှိနှိုင်းဆွေးနွေးရာ၌ အားလုံးက တစ်ပြိုင်နက် အပြီးအစီးရဖို့ရန်မှာ ခဲယဉ်းသည်။ ထို့ကြောင့် လိုတာအကုန်လုံး ယူမည့်အစား တစ်ပိုင်းစီ၊ တစ်စစီအရ ဖဲ့ဖဲ့ယူကာ စေ့စပ်ညှိနှိုင်း ဆွေးနွေးနိုင်သည်။

(၁၄) ပြောင်းပြန်လုပ်ခြင်း (Reversal)
ကိုယ်လိုချင်၊ ရချင်သည်က “အပေါင်း” ဖြစ်သော်လည်း “အပေါင်း” ကိုလိုချင်ဟန်မပြဘဲ “အနုတ်” ကိုသာလိုချင်ကြောင်း ဟန်ဆောင် ဆွေးနွေးကာ ပြောင်းပြန်လုပ်သည့် မဟာဗျူဟာ ဖြစ်၏။ ထိုအခါ တစ်ဖက်သား စေ့စပ်ညှိနှိုင်းဆွေးနွေးသူက “အနုတ်” ဘက်ကို မပေးနိုင်သည့်အခါ သူပေးနိုင်သည့် “အပေါင်း” ကို ကမ်းလှမ်းလာ၏။ ဤအချိန်တွင် ရလာသည့် “အပေါင်း” သည် မိမိလိုချင်သည့်အရာဖြစ်၏။

နိဂုံး
စေ့စပ်ညှိနှိုင်း ဆွေးနွေးရာတွင် မဟာဗျူဟာမျိုးစုံကို သုံးစွဲနိုင်ပါသည်။ မည်သည့်အခြေအနေတွင် မည်သည့် မဟာဗျူဟာကို အသုံးပြုရမည် ဆိုသည့်ကိစ္စမှာ သက်ဆိုင်ရာ စေ့စပ် ညှိနှိုင်း ဆွေးနွေးသူနှင့် အဖွဲ့၏ စိတ်ဓာတ်ရေးရာ အသိမြင့်မားမှု၊ ကျွမ်းကျင်မှု ရှိမှုတို့ အပေါ်တွင် မူတည်နေပါသည်။


အောင်မြင်စွာ စေ့စပ်ညှိနှိုင်းဆွေးနွေးနိုင်သူများ ဖြစ်ကြပါစေ... ဟုဆန္ဒပြုပါသည်။

0 comments:

အပေါ်သို့