..............................

Wednesday, May 15, 2013

တရုတ် ကွန်မြူနစ်ပါတီ၊ အန်အယ်လ်ဒီပါတီနှင့် မြန်မာ့နိုင်ငံရေး

ဒေါက်တာ ရန်မျိုးသိမ်း
Monday, 13 May 2013

တရုတ် ကွန်မြူနစ်ပါတီသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အာဏာရ၊ ဦးဆောင်နိုင်ငံရေး ပါတီဖြစ်ပြီး ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံတွင် သက်တမ်းအရင့်ဆုံးနှင့် အင်အားအကောင်းဆုံး နိုင်ငံရေးပါတီ ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအလွန် ကာလအထိ တရုတ် ကွန်မြူနစ်ပါတီနှင့် တရုတ်နိုင်ငံ အစိုးရတို့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အသိအမှတ်ပြု ထိတွေ့ဆက်ဆံ ခဲ့သော်လည်း ၁၉၉၀ နှစ် ကုန်ပိုင်းမှစ၍ ဆက်ဆံရေး သေခန်းပြတ်ခဲ့သည်မှာ ၂၀၁၀ ပြည့်နှစ် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပပြီးချိန်အထိ ဆယ်စုနှစ်နှစ်ခုကျော် ကြာညောင်းခဲ့သည်။ တရုတ်အစိုးရနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့၏ ဇာတ်ပေါင်းခန်းသည် ၂၀၁၂ ခုနှစ်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကြောင်းပြုလျက် အထွတ်အထိပ် သို့ ပြန်လည်ရောက်ရှိခဲ့သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံအတွက် မြန်မာ့ တပ်မတော်နှင့် မဟာဗျူဟာ ဆက်ဆံရေးသည် အရေးကြီးဆုံး ဖြစ်သည်။ တရုတ် ကွန်မြူနစ်ပါတီသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ တိုင်းရင်းသား ပါတီများ အပါအ၀င် နိုင်ငံရေး ပါတီများနှင့် ညီနောင်၊ မဟာမိတ်ပါတီ ဆက်ဆံရေးကို တည်ဆောက်ထားသည်။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ အစိုးရနှင့် တရုတ် ကွန်မြူနစ်ပါတီ နှစ်ခုလုံးအတွက် ဗျူဟာမြောက် အရေးကြီးသော မြန်မာ့နိုင်ငံရေး ဇာတ်ရုပ် ဖြစ်လာနေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်


အမေရိကန် ပြည်ထောင်စုနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအကြား မဟာဗျူဟာ ဘက်စုံ ဆက်ဆံရေး လမ်းကြောင်း ဖြောင့်ဖြူးချောမွေ့နေသည့် နောက်ခံ အခြေအနေတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အကြား လတ်တလော ဆက်ဆံရေး သည်လည်း ယခင်ကထက် ပိုမိုတိုးတက် ပွင့်လင်းလာနေသည်။ ထိုအခြေအနေတွင် အမေရိကန် ပြည်ထောင်စု အပါအ၀င် အနောက်အုပ်စုနိုင်ငံများ အထူး စိတ်ဝင်တစား စောင့်ကြည့်နေကြသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ အလည်အပတ် ခရီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံခြား ဆက်ဆံရေးဌာန၏ အကြီးအကဲက လည်းကောင်း၊ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်၏ ကော်မတီဥက္ကဋ္ဌ တစ်ဦးဦးက လည်းကောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ အလည်အပတ် လာရောက်ရန် ဖိတ်ကြားနိုင်ဖွယ် ရှိနေသည်။ အဆိုပါ ခရီးစဉ်အလွန် အမေရိကန် ပြည်ထောင်စု အပါအ၀င် အနောက်အုပ်စုဝင် နိုင်ငံများနှင့် မြန်မာနိုင်ငံ ဆက်ဆံရေး ပါရာဒိုင်းသည် ပိုမိုအသွေးအရောင် စုံလင်လာနိုင်ဖွယ် ရှိနေသည်။

ခရီးဆောင်အိတ်ပြင်ပြီး စောင့်နေသူ

ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ အလည်အပတ် သွားရောက်ရန် အဆင်သင့်ဖြစ်နေပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်မှ တရားဝင် ဖိတ်ကြားမှုကို စောင့်ဆိုင်းနေသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုခေါင်းဆောင်တစ်ဦးက သတင်းမီဒီယာကို ထုတ်ဖော်ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တရုတ်နိုင်ငံ၏ တရားဝင် ဖိတ်ကြားမှုကို ရရှိသည်နှင့် ချက်ချင်း ထသွားနိုင်ရန် အထိ ပြင်ဆင်ထားပုံရသည်ဟု ကောက်ချက်ပြုနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် အသွင်ကူးပြောင်းရေးတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အရေးပါသော အခန်းကဏ္ဍကို အလေးအနက်ထားကြောင်း ပေါ်လွင်စေသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဥက္ကဋ္ဌအဖြစ် ပါဝင်လာခဲ့ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်အစိုးရအကြား ဆက်ဆံရေးမှာ ပိုမိုကောင်းမွန်လာခဲ့သည်။ အဆိုပါ ကာလများအတွင်း တရုတ်သံအမတ်ကြီးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှု အကြိမ်ကြိမ် ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရအကြား ယုံကြည်မှုနှင့် နားလည်မှုတို့ကို အဆင့်တစ်ခုအထိ တည်ဆောက်နိုင်ခဲ့သည်ဟု သုံးသပ်နိုင်သည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ စွမ်းဆောင်ရည်နှင့် ပြည်သူ လူထု အကြား ကြီးမားသော သြဇာ လွှမ်းမိုးမှုကို လက်ပံတောင်းတောင် ခရီးစဉ်တွင် သက်သေပြနိုင်ခဲ့သည်ဟု သုံးသပ်နိုင်သည်။

ဇွန်၊ ဇူလိုင်မှာ ဖြစ်နိုင်ခြေရှိသော ခရီး

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်သည် ၂၀၁၃ ခုနှစ်၊ ဇွန်လ သို့မဟုတ် ဇူလိုင်လတွင် ဖြစ်လာနိုင်ဖွယ်ရှိနေပြီး တရုတ်နိုင်ငံ ခရီးစဉ်ကို ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပုဂ္ဂိုလ်ရေး ခရီးစဉ် ပုံစံထက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်အဖွဲ့ ပုံစံဖြင့် သွားရောက်နိုင်မည်ဆိုလျှင် ပိုမိုလေးနက်မည်ဟု ဆိုနိုင်သည်။ အဆိုပါ ခရီးစဉ်အတွင်း တရုတ်ကွန်မြူနစ် ပါတီနှင့် အစိုးရထိပ်တန်း ခေါင်းဆောင်များနှင့် နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေးစသည့် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများအပေါ် အလုပ်သဘော ဆွေးနွေးမှုများ ပြုလုပ်နိုင်ဖွယ် ရှိသည်ဟုလည်း သုံးသပ်ကြသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း၊ တရုတ်ပြည်သူ လူထုနှင့် မြန်မာပြည်သူလူထု နှစ်ရပ်အကြား ချစ်ကြည်ရေးနှင့် နားလည်မှု ပိုမိုမြှင့်တင်နိုင်မည့် နည်းလမ်းများကို တရုတ်နိုင်ငံ ခေါင်းဆောင်များနှင့် ဆွေးနွေးနိုင်ဖွယ် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ကြီးများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရ အကြီးအကဲများနှင့် တွေ့ဆုံပြီး အပြန်အလှန် နားလည်မှု၊ အပြန်အလှန် ယုံကြည်မှုနှင့် အပြန်အလှန် အသိအမှတ်ပြုမှုတို့ မြင့်တင်နိုင်ရေး ဆောင်ရွက်နိုင်ဖို့ လိုအပ်သည့်အပြင် အန်အယ်လ်ဒီပါတီ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပါတီခေါင်းဆောင်များ အရည်အသွေး မြှင့်တင်ရေး လုပ်ငန်းများတွင် တရုတ်ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုလည်း ဆွေးနွေး အဆိုပြုသင့်သည်ဟု ထင်မြင်မိသည်။

တရုတ်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အစိုးရပိုင်း တာဝန်ရှိသူများ၊ ပါတီပိုင်း တာဝန်ရှိသူများနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးနိုင်ဖွယ် ရှိနေသည်။ တာဝန်သိသော၊ ဘေးကင်းသော၊ ဒေသခံများ သဘောတူသော စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်လာစေရန် တရုတ်ကုမ္ပဏီများဘက်မှ ပြုပြင်ပြောင်းလဲ သင့်သည်များကို ပြုပြင်ရေး အတွက်လည်း တရုတ်အစိုးရ အကြီးအကဲများကို တိုက်တွန်းလိမ့်မည်ဟု သုံးသပ်နိုင်သည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို သာမက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း ပြည်သူလူထု ကိုယ်စားပြု ပါတီကြီးတစ်ခုအဖြစ် တန်ဖိုးထား ဆက်ဆံကြောင်းကို ပါတီကိုယ်စားလှယ် အဖွဲ့၊ တရုတ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ် မစတင်မီ ကတည်းက သတိပြုမိသည်။

သံအမတ်အသစ်နှင့် ဒေါ်စုတွေ့ဆုံခြင်း

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာရောင် ဟူလန်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၃ ခုနှစ်၊ ဧပြီ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ နေအိမ်တွင် လာရောက်တွေ့ဆုံခဲ့သည်။ အဆိုပါ တွေ့ဆုံမှုသည် မစ္စတာရောင်ဟူလန် သံအမတ်ကြီး အဖြစ် ခန့်အပ်ပြီးနောက် ပထမဆုံး အကြိမ် တွေ့ဆုံမှုလည်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်က နှစ်နိုင်ငံ ဆက်ဆံရေးတွင် ပြည်သူ လူထုချင်း ဆက်ဆံရေးကို မြှင့်တင်ရန် အရေးကြီးကြောင်း ပြောကြားခဲ့ပြီး သံအမတ်ကြီး ရောင်ဟူလန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် နိုင်ငံရေး အခြေအနေများ၊ နှစ်နိုင်ငံ ချစ်ကြည်ရေး ဖွံ့ဖြိုးတိုးတက်မှု အပါအ၀င် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု များ၏ အလားအလာများကို အသေးစိတ်ဆွေးနွေး၊ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ် သံအမတ်ကြီးတို့၏ တွေ့ဆုံမှုသည် ပိုမို အလုပ်သဘော ဆန်လာခဲ့ပြီး နှစ်ဖက်အကြား ယုံကြည်မှုနှင့် နားလည်မှု ပိုမိုမြင့်မားလာနေသည်ဟု မှတ်ချက်ပြုနိုင်သည်။

တရုတ်သံအမတ်နှင့် ပထမဆုံး တွေ့ဆုံမှု

ဒေါ်အောင်ဆန်းစုကြည်၏ အကြိမ်ကြိမ် အဆိုပြုမှုကြောင့် သူမ၏အမြင်၊ သဘောထားများကို သိရှိနိုင်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ သံအမတ်ကြီး လီဂျင်ဝှာသည် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ တရုတ်သံအမတ်ကြီးသည် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် အချိန်တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။ ဤသို့ဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအရ တရားဝင် ထိတွေ့ဆက်ဆံမှုများကို စတင်ပြီဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု အပါအ၀င် အနောက်အုပ်စု နိုင်ငံများကို သွယ်ဝိုက်ကြေညာ မောင်းခတ်ခဲ့ခြင်း ဖြစ်သည်။

အန်အယ်လ်ဒီ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်နှင့် တွေ့ဆုံခြင်း

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာရောင်ဟူလန်သည် ၂၀၁၃ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးညီပုကို ရန်ကုန်မြို့၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် တရုတ်သံအမတ်ကြီးက တရုတ်ရှေးဟောင်း ဆိုရိုးစကားအရ အိမ်နီးနားချင်းသည် အဝေးက ဆွေမျိုးသားချင်းထက် ပိုမိုအရေးကြီးသည်ဟု ဆိုသကဲ့သို့ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်နိုင်မည့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးသည် နှစ်နိုင်ငံစလုံး၏ တူညီသော ရည်မှန်းချက်ဟု ယုံကြည်ကြောင်း၊ နှစ်နိုင်ငံအကြား အစဉ်အလာပေါက်ဖော် ဆက်ဆံရေးနှင့် နှစ်နိုင်ငံ အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုကို အဆင့်သစ်များသို့ မြှင့်တင်နိုင်ရန် ရည်ရွယ်လျက် ရင်းနှီးသော အိမ်နီးချင်းနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေး ပါတီများ အားလုံးနှင့် ချစ်ကြည်ရင်းနှီးမှု ဖလှယ်ရေးကို ပိုမိုအားကောင်းစေလိုကြောင်း ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးညီပုက ဖိတ်ကြားမှု အတွက် ကျေးဇူး တင်ပါကြောင်း၊ တရုတ်နိုင်ငံကို မြန်မာနိုင်ငံ၏ အရေးကြီးသော အိမ်နီးနားချင်းနိုင်ငံ အရေးကြီးသော အိမ်နီးချင်းနိုင်ငံ အဖြစ် သတ်မှတ်ပါကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အထူးသဖြင့် ပါတီချင်း ဆက်ဆံရေးကို အရေးကြီးသည်ဟု မှတ်ယူပါကြောင်း၊ နှစ်ဖက်အကြား ပိုမိုထိတွေ့ ဆက်ဆံမှုများနှင့် ပိုမိုဖလှယ်မှုများကို ပိုမိုပြုလုပ်နိုင်ပြီး နှစ်နိုင်ငံ ပြည်သူလူထုများအကြား အပြန်အလှန် နားလည်မှုကို ပိုမိုအားကောင်းစေပြီး၊ နှစ်နိုင်ငံ အစိုးရများအကြား ဆက်ဆံရေးအတွက် ကောင်းမွန်သော အုတ်မြစ်များကို ချမှတ်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံမှုသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အနေဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို မြင့်မြင့်မားမား အလေးထားကြောင်းနှင့် ယခုခရီးစဉ်သည် နှစ်နိုင်ငံ၊ နှစ်ပါတီလုံးအတွက် အရေးကြီးကြောင်း မှတ်ချက်ပြုနေသည်။

အန်အယ်လ်ဒီ ကိုယ်စားလှယ်အဖွဲ့

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ကိုယ်စားလှယ် အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံတကာ ဆက်ဆံရေး ဌာန၏ ဖိတ်ကြားမှုအရ ၂၀၁၃ ခုနှစ် မေလ ၈ ရက်နေ့မှ မေလ ၁၈ ရက်နေ့အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ လေ့လာရေး အလည်အပတ်ခရီး သွားရောက်နေသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးညီပုက ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်၊ အရန်ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်နှင့် ပြည်သူ့လွှတ်တော် ကော်မတီဝင် ဒေါ်ဖြူဖြူသင်း ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းတို့ အပါအ၀င် အဖွဲ့ဝင် ၁၂ ဦး ပါဝင်သည်။ အဆိုပါ ခရီးစဉ်သည် တရုတ်ကွန်မြူနစ်ပါတီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့အကြား ပါတီချင်း ချစ်ကြည်ရေးကို လက်တွေ့ကျကျ တည်ဆောက်နိုင်မည့် ပထမဆုံး ခရီးစဉ်လည်း ဖြစ်သည်။

နိဂုံး

အချုပ်အားဖြင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချစ်ကြည်ရေး အလည်အပတ် ခရီးစဉ်ကို အကြောင်းပြုလျက် မြန်မာနိုင်ငံနှင့် ပြည်သူလူထုသည် အမေရိကန် ပြည်ထောင်စုနှင့် အနောက် အုပ်စုဝင် နိုင်ငံများ၏ ပိုမိုနက်ရှိုင်းသော ဘက်စုံထောင့်စုံ မဟာဗျူဟာ ဆက်ဆံရေး အခင်းအကျင်းသစ်ကို ရရှိလာနိုင်ဖွယ် ရှိနေသည်။ မြန်မာနိုင်ငံ အစိုးရနှင့် နိုင်ငံရေး ပါတီများသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အနောက်အုပ်စု အကြား ဗျူဟာမြောက်၊ သိမ်သိမ်မွေ့မွေ့၊ ပါးပါးနပ်နပ် ရပ်တည်ပြီး နိုင်ငံနှင့်ပြည်သူ အကျိုးများစေမည့် သူနိုင်ကိုယ်နိုင် အခင်းအကျင်းတစ်ခုကို ထူထောင်နိုင်ရန် အထူးလိုအပ်သည်။

မြန်မာနိုင်ငံ၏ ပထ၀ီ အနေအထားအရ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ရေးရာများအပေါ် သြဇာသက်ရောက်နိုင်မှုကိုလည်း အမြဲစောင့်ကြည့် ထိန်းညှိနေပြီး မြန်မာပြည်သူ လူထုကြီးကို ထိထိရောက်ရောက် အကျိုးပြုနိုင်မည့် ရှုထောင့်မှ ပေါက်ဖော်-မဟာမိတ် ဆက်ဆံရေးကို မဖြစ်မနေ ထိန်းသိမ်း မြှင့်တင် သင့်ကြောင်း သုံးသပ် တင်ပြ လိုက်ရပါသည်။

Ref: EMG News

0 comments:

အပေါ်သို့