..............................

Tuesday, February 5, 2013

ကြွေးကျန်များ ပြည်သူ့အခွန်အတုတ်နှင့် မဆပ်ဟု ဝန်ကြီးများ ပြောဆို

မေစစ်ပိုင်
February 4, 2013

ပေးရန် ကျန်ရှိနေသော နိုင်ငံခြား ကြွေးမြီများကို ပြည်သူများထံမှ ကောက်ခံရသည့် အခွန်ငွေများဖြင့် ဆပ်မည် မဟုတ်ဟု တနင်္ဂနွေနေ့တွင် နေပြည်တော်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဘဏ္ဏာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းတို့က ပြောဆိုလိုက်သည်။

နေပြည်တော် စက်မှုဝန်ကြီးဌာန ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စု ဝန်ကြီးများနှင့် မီဒီယာများ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက နိုင်ငံတိုင်းတွင် အကြွေး ရှိသည့်အတွက် မြန်မာနိုင်ငံ အနေဖြင့် အကြွေးရှိခြင်းသည် “ပြောပလောက်စရာ မဟုတ်” ဟု ဆိုပြီး ဆက်သွယ်ရေး လုပ်ငန်း၊ ခရီးသွားလာရေး လုပ်ငန်း၊ ရင်းနှီးမြုပ်နှံမှု လုပ်ငန်း၊ သဘာဝ ဓါတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများ စသည့် ကဏ္ဏများမှ ရရှိသည့် ငွေကြေးများဖြင့်ပင် ပေးဆပ်နိုင်သည့် အခြေအနေရှိနေသည်ဟု ဆိုသည်။

ယင်းတွေ့ဆုံပွဲတွင် ဇန်နဝါရီလကုန်ပိုင်း ပြင်သစ်နိုင်ငံ ပါရီမြို့တော်တွင် မြီရှင်နိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ခဲ့သူ ဘဏ္ဏာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ကလည်း ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေး ဘဏ်နှင့် ပါရီကလပ်ဟုခေါ်သော မြီရှင်နိုင်ငံများ အပေါ် မြန်မာနိုင်ငံက တင်ရှိနေသော ကြွေးမြီ စုစုပေါင်း အမေရိကန် ဒေါ်လာ ၉.၆၄၈ ဘီလီယံ ရှိသည့်အနက် ၅.၉၉၂ ဘီလီယံနီးပါးကို လျှော်ပေးခဲ့ပြီး ကျန်ဆပ်ရန်ရှိသည်မှာ ၃.၆၅၆ ဘီလီယံ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ ဆပ်ရန်ကြွေးမြီမှာ အများဆုံးဖြစ်ပြီး ၃.၃ ဘီလီယံ ဖြစ်ကြောင်း ဆိုသည်။

“တရုတ် ကိုပေးရမှာက ၈၈ နောက်ပိုင်း ချေးငွေဖြစ်တာကြောင့် လောလောဆယ်တော့ ဆပ်ဖို့ အချိန်မကျသေးဘူး၊ လိုသေးတယ်” ဟု ဦးဝင်းရှိန်က ပြောသည်။

ဦးဝင်းရှိန်က ၁၉၈၈ခုနှစ် မတိုင်မီနှင့် ၈၈ နောက်ပိုင်းတွင် မြန်မာနိုင်ငံက ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် အတွက်ဟု ဆိုကာ ကြွေးများ ယူထားခဲ့ခြင်းဖြစ်ပြီး အဆိုပါနှစ်များ အတွင်းက မဆပ်နိုင်ခဲ့သည့် အတွက် အတိုးပေါ် အတိုးဆင့်ကာ ကြွေးမြီပမာဏ များလာခဲ့ကြောင်း၊ ယခုအခါ ၁၉၈၈ မတိုင်မီတင်ထားသော ကြွေးမြီများကို ပြန်ဆပ်နိုင်ခဲ့သောကြောင့် ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေး ဘဏ်နှင့် ပါရီကလပ် မြီရှင်နိုင်ငံများက ပြန်ဆပ်ခဲ့သော ကြွေးမြီ ပမာဏကို ကြွေးသစ် အဖြစ် ပြန်လည် ထုတ်ချေးပေးခဲ့ကြောင်းလည်း ဆိုသည်။

ဦးဝင်းရှိန်၏ အဆို “တခါတည်း ပြန်ထည့်ပေးလိုက်”သော အဆိုပါ ချေးငွေသစ်များကို “ပြည်သူ့ အကျိုးပြု လုပ်ငန်းများ”တွင် ထည့်ဝင် သုံးစွဲရန် ရှိကြောင်း သိရသော်လည်း အသေးစိတ် မည်သို့ သုံးစွဲမည်ကို မရှင်းလင်းနိုင်သေးပေ။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြောကြားသော သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းတွင်မူ “ဆင်းရဲနွမ်းပါးမှု လျှော့ချဖို့၊ အရေးကြီးတဲ့ စာသင်ကျောင်းတွေ ဆေးရုံတွေ လမ်းတံတားတွေ ဆောက်ဖို့၊ လျှပ်စစ် ဓာတ်အားတွေ ထုတ်လုပ်ဖို့နဲ့ ရေကောင်းရေသန့်တွေ ရရှိနိုင်ဖို့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” ဟု လမ်းညွှန်ပြောဆို ထားသည်ကို တွေ့ရသည်။

ကြွေးမြီများအား မည်သို့ပြန်ဆပ်မည်ကို တွက်ချက်ဆဲ ဖြစ်ပြီး နိုင်ငံ့ရှေ့ရေး အလားအလာကောင်းနေသောကြောင့် ကျန်ရှိ ကြွေးဟောင်းနှင့် ကြွေးသစ်များကို ဆပ်နိုင်သည့် အင်အားရှိသည်ဟုလည်း ဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။

ကြွေးဆပ်ရန် ငွေကို မည်သည့်နည်းဖြင့် ရှာမည်နည်းဟု မေးမြန်းရာ “အစိုးရဌာနတွေမှာ ရှိတဲ့ စီးပွားရေး လုပ်ငန်းတွေက ရတဲ့ ငွေတွေနဲ့ ဆပ်မှာပါ၊ လူထုကို အခွန်တိုးပြီး ကောက်တာမျိုး လုံးဝ မလုပ်ပါဘူး” ဟု ဦးဝင်းရှိန်က ဖြေဆိုသည်။

ထို့ပြင် ပြည်ပချေးငွေများကို ဆပ်ရန် ပမာဏအလိုက်ကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြသွားမည်ဖြစ်ပြီး လွှတ်တော်က ခွင့်ပြုသည့် အနေအထားကို လိုက်၍ နှစ်အလိုက် ဆပ်သွားမည်ဟုလည်း ဆိုသည်။

“နောက်တခါ ကြွေးနွံထဲမကျအောင်လုပ်ရမှာပေါ့၊ သိလည်း သိပြီးပြီဆိုတော့ ချေးငွေယူမယ် ဆိုရင် သက်သာတဲ့ နည်းလမ်းနဲ့ ရနိုင်မလားတွေးပြီး ပြန်ရနိုင်မယ့် လုပ်ငန်းတွေမှာပဲ သုံးစွဲသွားဖို့ စဉ်းစားတယ်”ဟု ဦးဝင်းရှိန်က ပြောကြားသွားသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့