..............................

Thursday, July 26, 2012

ကိုယ့်ထောင်ချောက်ထဲ ကိုယ်ပြန်ပိတ်မိနေတဲ့စစ်အုပ်စု

မင်းဝဏ်
ဇူလိုင်လ ၂၆ ရက် ၂၀၁၂

ပထမအကြိမ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအ ဝေးတွေကျင်းပလာခဲ့တာ မနေ့က အစီအစဉ်တွေ အထိ ဆိုရင် ၁၃ ရက် ခရီးရောက်ရှိ ခဲ့ပြီဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွေ ကျင်းပဖြစ်တာ တွေ့ရပေမယ့် နှုတ်ထွက်သွားတဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦး ရဲ့ ဒု-သမ္မတနေရာကို အစားထိုးရွေးကောက် တင်မြှောက်မှု အတွက် လွှတ်တော်ရဲ့ ပွင့်လင်းမြင်သာတဲ့ လုပ် ဆောင်ချက်တွေကို မတွေ့ရသေးပါဘူး။ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၃ ပုဒ်မခွဲ (စ) (ဆ) တို့အရ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေ ချိန်မှာ ၇ ရက်အတွင်း ဒု-သမ္မတ အသစ်တဦးရဲ့ အမည် စာရင်းကို စစ်ဗိုလ် အမတ်တွေက ပြည်ထောင်စုလွှတ် တော် အကြီးအမှူးဆီ တင်ပေး၊ သမ္မတလောင်း အရည် အချင်းနဲ့ ကိုက်ညီမှု ရှိ-မရှိ စိစစ်ရမယ့် အဖွဲ့က စိစစ်ပြီးရင် လွှတ်တော်ကို တင်ပြ အတည်ပြုချက် ယူရမယ့် ကိစ္စ တွေ ဟာ ဖင့်လေးနေပြီး ကြိတ်ဝိုင်း အလုပ်တခုလိုဖြစ်နေတာ သတိပြုမိကြမှာပါ။

ဖြစ်စဉ်ကိုပြန်ကြည့်ရင် သီဟသူရ ဦးတင်အောင်မြင့်ဦး ဟာ ပြည်သူ့ လွှတ်တော်ထဲမှာ ပါတဲ့ စစ်ဗိုလ် အမတ် ၁၁၀ ဦးနဲ့ အမျိုးသား လွှတ်တော်မှာပါတဲ့ စစ်ဗိုလ်အမတ် ၅၆ ဦး၊ စုစုပေါင်း ၁၆၆ ဦးက အမည်စာရင်း တင်သွင်းခဲ့တဲ့ သမ္မတလောင်းဖြစ်ပါတယ်။ စစ်ဗိုလ်အမတ် ၁၆၆ ဦးက ဘယ်သူ့ကို အမည်စာရင်း တင်သွင်းရမယ် ဆိုပြီး ရွေးကောက်ပွဲကို ကြီးကြပ်ပေးရသူ သို့မဟုတ် လမ်းညွှန် ချမှတ်ပေးရသူက တပ်မတော်ကာကွယ် ရေးဦးစီး ချုပ်ဖြစ်ပါတယ်။ ဒါကြောင့် ဦးတင်အောင်မြင့်ဦး သမ္မတလောင်းဖြစ်လာ ခဲ့ရတာဟာ စစ်အာဏာရှင် ဗိုလ်သန်း ရွှေရဲ့ ဇာတ်ညွှန်းထဲက အစိတ်အပိုင်း တခုသာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် မေလမှာ လည်ချောင်း ကင်ဆာ ကြောင့် စင်္ကာပူဆေးကု ထွက်ပြီးပြန်လာတဲ့ ဦးတင်အောင်မြင့်ဦးဟာ ဒု-သမ္မတ ရာထူးကနေ ထွက်ပြီ ဆိုပြီး သတင်း ထွက်လာပါတယ်။ ဖွဲ့စည်းပုံအရ လွှတ်တော်ချိန်ခါ အတွင်း မဟုတ်ရင် ၂၁ ရက်အတွင်း ရွေးကောက် တင်မြှောက်ဖို့ လုပ်ပေးရမှာကို မလိမ့်တပတ်နဲ့ ဇူလိုင်လ ၁ ရက်ရောက်မှ သမ္မတဆီ နှုတ်ထွက်စာ တင်သလို တိုင်းပြည်ကို တရားဝင်ကြေညာ ခဲ့တာပါ။ မေလနဲ့ ဇွန်လ ၂ လလုံးမှာတော့ ဒု-သမ္မတကို ဆေးခွင့်ပေးထား တယ်လို့ အကြောင်းပြ ခဲ့ကြတာဖြစ်ပါတယ်။ ဦးတင်အောင်မြင့်ဦး ရဲ့ တိတ်တိတ်ပုန်းနှုတ်ထွက်မှု ဖုံးမရတဲ့ အဆုံး ဇူလိုင်လ ၄ ရက်မှာစတင်ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ရောက်တော့ တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ်အဖွဲ့က ဒု- သမ္မတအမည်စာရင်းတင်သွင်းစေဆိုပြီး ဆုံးဖြတ်ရပါတော့တယ်။ ဖွဲ့စည်းပုံနဲ့ ဘောင်ဝင်အောင် တပတ်အတွင်း အမည်စာရင်းပို့ရမှာဖြစ်လို့ ဇူလိုင်လ ၁၀ ရက်နောက်ဆုံးထားပြီး ဒု-သမ္မ တအမည်စာရင်းပို့ဖို့ ဦးခင်အောင်မြင့်က ညွှန်ကြားခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအရဆိုရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒု- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကြီးကြပ် ကွပ်ကဲမှုနဲ့ စစ်ဗိုလ်အမတ် ၁၆၆ ဦးက ဒု-သမ္မတအမည်စာရင်းကို ရွေးချယ်ပေးရမှာဖြစ်လို့ ပြည်သူလူထု ကလည်း ဇူလိုင်လ ၁၀ ရက်မှာ ပြည်ထောင်စုလွှတ်တော်နာယကဆီရောက်လာမယ့် အမည်စာရင်းကို စိတ် ဝင်တစားရှိခဲ့ကြပါတယ်။ ထင်ကြေး အမျိုးမျိုး ၊ကောလာဟလ အမျိုးမျိုးနဲ့ အကယ်ဒမီ တစ်ကြို စာရင်းလို ဒု-သမ္မ တလောင်းအဖြစ် ရေပန်းစား ခဲ့ကြသူများ ကတော့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒု-ဗိုလ်ချုပ်ကြီး ဟောင်း ဦးမြင့်ဆွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ အရင် ဦးပိုင် လီမိတက် ဥက္ကဋ္ဌလုပ်ခဲ့တဲ့ ဒု-ဗိုလ်ချုပ် ကြီးဟောင်း ဦးတင်အေး၊ ကာကွယ်ရေး ဝန်ကြီးဌာနက ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ဟောင်း ဦးဌေးဦး၊ လက်ရှိ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် ကြီးစိုးဝင်း တို့ ပါဝင်ပါတယ်။ စာရင်းချုပ်ရင် အားလုံးဟာ ဗိုလ်ချုပ်ဟောင်းတွေနဲ့ လက်ရှိဗိုလ်ချုပ် တွေပါပဲ။ ကာကွယ်ရေး ဦးစီးချုပ်နဲ့ စစ်ဗိုလ် အမတ်တွေဟာ သူတို့ရွေးပေးလိုက်တဲ့ ဒု-သမ္မတလောင်းဟာ ဘယ်သူဖြစ် တယ် ဆိုတာ၊ တတိုင်းပြည်လုံးကို ကိုယ်စားပြုတဲ့သူ တဦးဟာ ဘယ်သူဖြစ်တယ်ဆိုတာ လူထုထံ ပွင့်ပွင့်လင်း လင်းရဲရဲဝံ့ဝံ့အသိပေးနိုင်ရမှာဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၅၇ မှာ “ နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတ များသည် နိုင်ငံတော်ကိုကိုယ်စားပြုသည် ” လို့ ဖေါ်ပြထားတာ တွေ့ကြရမှာပါ။

ဒု-သမ္မတလောင်းဘယ်သူလည်းဆိုတဲ့မေးခွန်းတွေကို တုန့်ပြန်တဲ့အနေနဲ့ စစ်ဗိုလ်အမတ်တဦးဖြစ်တဲ့ ဗိုလ်မှူး ချုပ်ဝေလင်းက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် - ဦးမြင့်ဆွေကို အမည်စာရင်းပေးထားတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဇူလိုင်လ ၁၀ ရက်က ထုတ်ပြောလာတဲ့အတွက် ပေါက်ကောင်ရသွားပြီဖြစ်ပေမယ့် ရက် သတ္တနှစ်ပတ်ကျော်ကြာတဲ့အထိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ဒု-ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုး သားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ ဒု-ဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖွဲ့က ဦးဌေးဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ဦးဇော်မြင့်ဖေ၊ စစ်ဗိုလ်အမတ်အဖွဲ့က တဦး တို့ပါဝင် တဲ့ သမ္မတလောင်းစီစစ်ရေး ၇ ဦးအဖွဲ့က တိတ်ဆိတ်ငြိမ်သက်နေတဲ့အပေါ် လူထုအကြား သတင်း အမျိုးမျိုး ထွက်လာပါတော့တယ်။ ဦးမြင့်ဆွေရဲ့သားတဦးဟာ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က သြစတြေးလျ နိုင်ငံသား အဖြစ်ခံယူထားသူ ဇနီးမယားရှိပြီး သူကိုယ်တိုင်လည်း သြစတြေးလျနိုင်ငံသားဖြစ်နေပြီးတဲ့အကြောင်း ဖုံး မနိုင် ဖိမရပေါ်လာတဲ့အခါ ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတအရည်အချင်းနဲ့မကိုက်ညီလို့ စစ်ဗိုလ် အမတ်တွေက အမည်စာရင်းအသစ်တင်ရမလို ဖြစ်လာပြန်ပါတယ်။ ကြံ့ဖွတ်ဦးဌေးဦးကတော့ ဆင်သေကို ဆိတ်သားရေ နဲ့ဖုံးပြီး သူ့ဆီမှာ ဒု-သမ္မတအမည်စာရင်းတောင် မတွေ့ရသေးဘူးလို့ မီဒီယာတွေကို ပြောနေတဲ့အတွက် ပြည် သူတွေက လည်း မကျေမနပ်ဖြစ်နေကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအလိုအရ သမ္မတနဲ့ ဒု-သမ္မတတွေရဲ့ခင်ပွန်း၊ ဇနီးမယား၊ တရားဝင်သားသမီးတဦးဦး သူတို့ ရဲ့ခင်ပွန်း၊ ဇနီးမယားတွေဟာ နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတပါး ၏နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ ဆိုပြီး ပုဒ်မ ၅၉ အပိုဒ်ခွဲ (စ) မှာ ပြဋ္ဌာန်းထားတဲ့အတွက် ကိုယ့်အတတ် ကိုယ်စူးပြီး ဦး မြင့်ဆွေတယောက် ဒု-သမ္မတ ရာထူးနဲ့ ဝေးရဖို့အကြောင်းကံ ဖန်တီး လာတာသာပဲ ဖြစ်ပါတယ်။ အမှန်မှာ တော့ ဒီပုဒ်မဟာ ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာနိုင်ငံရဲ့အကြီးအကဲ၊ နိုင်ငံခေါင်းဆောင် ဘယ်တော့မှ ဖြစ် မလာရအောင် ရည်ရွယ်ချက်ရှိရှိ ကန့်သတ်ခဲ့တဲ့ပုဒ်မဖြစ်ပေမယ့် ဒု-သမ္မတ အစားထိုးရမယ့် ဖြစ်စဉ်မှာ ကိုယ့်ထောင်ချောက်ထဲ ကိုယ်ပြန်ပိတ်မိနေတဲ့စစ်အုပ်စု - ကိုတွေ့လိုက်ရတဲ့အတွက် မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီကိုချီတက်မယ့် ၂၀၀၈ ဖွဲ့စည်းပုံကတော့ဖြင့် စစ်တပ် အသိုင်းအဝန်းကိုတောင် ဒုက္ခပေးပါလားလို့ တွေးမိတဲ့ အကြောင်း တင်ပြရင်း နိဂုံး ချုပ်ပါစေခင်ဗျား။

(မင်းဝဏ်)

0 comments:

အပေါ်သို့