..............................

Wednesday, July 25, 2012

လွတ်မြောက်ရာလမ်း ကမ်းလမ်း မြင်ပြီလား

20 Sept, 2010

စက်တင်ဘာလ ၉ ရက် ၂၀၁၀ ခုနှစ်၊ တရားမျှတမှု ကင်းမဲ့သည်ဟု လူအများ ယုံကြည်သော ရွေးကောက်ပွဲ ဆိုသည့် လုပ်ငန်းစဉ်ကြီး ပေါ်ပေါက်လာရန် လပိုင်းမျှသာ လိုတော့သော အချိန်။
နေရာမှာ မြောက်ဒဂုံ ဗိုလ်မှူးဗထူးလမ်း .............. အချိန်ကတော့ မနက်ခင်း ၈ နာရီ ကျော် သာသာ.......

ဝေါကနဲ အရှိန်နဲ့မောင်းလာသော ဆန့်ကျင်ဘက်လမ်းမှ ကားကို မိုးရေပြည့် ချိုင့်တွေ အကြား စက်ဘီး ထိန်းမောင်းရင်းမှ ကျနော် လှမ်းမြင် လိုက်ရသည်။ သိန်း နှစ်ထောင်ကျော် တန်သော ပရာဒို ကားအနက်ကြီးကို စစ်ဝတ်စုံဝတ် သုံးပွင့်တပ် အရာရှိတဦး မောင်းလာကြောင်း မြင်လိုက်ရသည်။ ဖြတ်ကနဲပင် ကျနော့်အနား ရောက်လာပြီး သူ့ကားဘီး အောက်မှ ပန်းထွက်လာသော ချိုင့်ခွက် ရေဆိုးတို့ ကျနော်မှာ ရွှဲရွှဲစိုကုန်သည်။ ကားမောင်းသူ စစ်ဗိုလ်မှာ တချက်မျှပင် အရှိန်မလျော့.... လမ်းဘေးမှ သူဆင်းရဲတို့အား တူလေ တန်လေသည်ဟုများ အဆိုပါ စစ်ဗိုလ်ကြီးတို့ ထင်ကြမည် မထင်။ စစ်ဗိုလ်တဦး ဗရမ်းဗတာ စည်းမဲ့မှုကြောင့် စိုရွှဲ ညစ်ပေလျက်ကပင် စက်ဘီးကို ထိန်းမောင်းရင်း -----

လွန်ခဲ့သော နှစ်အနည်းငယ် က ကျနော် စွန့်လွှတ်ခဲ့သည့် စစ်သားဘ၀ကို ပြန်သတိရမိသည်။ ကျနော် တပ်ထဲ အရာရှိအဖြစ် တာဝန်ထမ်းစဉ်ကပင် တပ်မတော်သည် အလွှာတို့ စည်းခြားမှု ထင်းလွန်းလှသည်။ အဆင့်အတန်းတို့ ကွဲပြားလွန်းလှသည်။ အာဏာရှိသူနှင့် အာဏာမဲ့သူ အုပ်ချုပ်ခံတို့ ဘ၀ ကွာခြား လွန်းလှသည်။ အုပ်ချုပ်ခံ ပြည်သူနှင့် အုပ်ချုပ်သူ စစ်အာဏာပိုင်တို့ အကြားတွင်သာ အဆင့်တန်း ကွာခြားသည် မဟုတ်။ ပိုက်ဆံရှိ အာဏာထက်သော လူတန်းစား အတွက် ငွေကို ရေလိုသုံးဖြုန်း မကုန်နိုင်အောင် ချမ်းသာလွန်း နေချိန်၊ ကျနော်တို့ကဲ့သို့ သာမန် အခြေခံ လူတန်းစားမှ တပ်မတော်တွင်း ၀င်ရောက်လာသူ စစ်သည် အရာရှိတို့မှာ တလတလ ကြွေးကင်းအောင်ပင် မနည်း ခြိုးခြံခြစ်ကုတ် နေထိုင်ရသည်။ သားသမီးအတွက် မပြောနှင့် အရာရှိဖြစ်သူ မိမိမှာပင် စစ်ယူနီဖေါင်း လုံလောက် သပ်ရပ်အောင် ၀ယ်နိုင်စွမ်း မရှိခဲ့သော ဘ၀ကို ဖျတ်ကနဲ တွေးမိရ။ စားရေး မလောက် ၀တ်ရေးမလှ နေရေး မလုံ လူတန်းစေ့ မနေနိုင်လောက်အောင် ဆင်းရဲ ကျပ်တည်း လွန်းလှသည်။ နအဖ စစ်အစိုးရ၏ အကွက်ကျကျ စီမံ ဖန်တီးထားသော အထက်အောက် ဆင့်ကဲ ဖိနှိပ်အုပ်ချုပ်မှု စစ်ယန္တရား အောက်တွင် ရိုးရိုးကျင့် မြင့်မြင့်ကြံသူ စစ်သားတို့မှာ ဘယ်လိုမှ လူစဉ် မီလာနိုင်ဖွယ် မရှိ။ တုံးအောက်မှ ဖါး ပြားရာမှ ကြေယုံသာရှိပြီး နောက်ဆုံး လားပင်စင်ဆိုသည့် အိုမင်းမစွမ်း သက်ပြည့် ပင်စင် ရချိန်မှ နောင်တတွေ တလှေကြီးဖြင့် ဘ၀နေ၀င် နိဂုံး ချုပ်ကြရမည်သာ ဖြစ်သည်။ စစ်မှုထမ်း ဆိုသော်လည်း စစ်စည်းကမ်း စစ်ဥပဒေသည် တည်သော နေရာတည်ပြီး လုပ်ချင်ရာ လုပ်ခြင်းကို လုပ်ပိုင်ခွင့် ရနေသူများလည်း ရှိနေသည်။ ဥပဒေ အထက်မှာ နေသော ဥပဒေပြုပိုင်ခွင့် ရှိသူများ အကြောင်း တပ်မတော်တွင်းမှ မိမိတို့ မျိုးချစ် စစ်သားများလည်း သိလာကြသည်။ စစ်အုပ်ချုပ်ရေး ကွန်ယက် အတွင်း လိမ်နိုင်မှ ညာဖြီးနိုင်မှ အထက်ကို ဖါးယားကပ်ကာ ပြာယာပြာယာ ကြောက်ပြ ရိုသေပြနိုင်မှ နေရာလေးတခု ရနိုင်သည်။ နေရာလေး လုပ်ပိုင်ခွင့်လေးရဖို့ တိုးဝှေ့ လုယက် နိုင်မှသာ ၀င်ငွေလေး အကြံဖန်လေးတွေ ရနိုင်သည်။ လစာမှအပဖြစ်သော အကြံဖန် ၀င်ငွေအဖြစ် သနားသဖြင့် စစ်ဗိုလ်ချုပ်များ စွန့်ကြဲသမျှ အကြွင်းအကျန်လေး ရနိုင်သည်။ စစ်တပ်သည် စစ်တပ်လို မဟုတ်ဘဲ အာဏာသုံး ကိုယ်ကျိုးရှာသည့် လက်နက်ကိုင် အဖွဲ့စည်းတခု စစ်ရာထူးဖြင့် လုပ်စားသည့် ဈေးကွက်ကြီး တခုလို ဖြစ်လာခဲ့သည်။ အပြန်အလှန် ခြေထိုးစောင့်ကြည့်ကာ ဆရာတပည့် စနစ်ဖြင့် အချင်းချင်း မယုံသင်္ကာမှု ကြီးစွာဖြင့် သစ္စာခံ လက်ဝေခံ အချင်းချင်း ညီညွတ်ဟန်ဆောင်ကာ နိုင်ငံ့ဘဏ္ဍာမှ ရသမျှ ကိုယ်ကျိုးရှာကြသော စစ်ဘူဇွာ အုပ်စုကြီးသဖွယ် ဖြစ်မှန်း မသိဖြစ်လာသည်။

ယခုလို သိန်းပေါင်း နှစ်ထောင်ကျော်တန် အထူး ဇိမ်ခံကားကြီး များဖြင့် အခွင့်ထူးခံ လူတန်းစား၊ စစ်ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့ သားသမီးများ အထူး စည်းစိမ် ခံနေကြချိန် လူထုနှင့် စစ်တပ်တွင်း အောက်ခြေ အကြပ် တပ်သားတို့မှာ မ၀ရေစာဖြင့် လူစဉ်မမှီ ဖြစ်နေကြရသည်။

၎င်းတို့ လူတန်းစား စစ်မလိုင်အလွှာ တခုအတွက် မိမိတို့ဘ၀ အချိန် သက်တမ်း တို့ကို ပေးဆပ် စတေး ပေးနေရသည့် မြန်မာ့ တပ်မတော်မှ စစ်သားတို့ ဘ၀ သဘောထား အမှန်ကို သိမြင် လာခဲ့ပြီး၊ စစ်တပ်မှ နှုတ်ထွက်ခဲ့သည့် ရက်စွဲတို့ကို ပြန်သတိရမိသည်။

ယနေ့သည်ကား မြန်မာပြည်၏။ အကျပ်တည်းဆုံး အရှုပ်ထွေးဆုံး နိုင်ငံရေး ကာလပင်ဖြစ်သည်။ နိုင်ငံ့ဘဏ္ဍာကို ထင်သလို သုံးစွဲနေသော အာဏာပိုင်တို့က ဦးစီးပြီး သူတို့ကိုယ်တိုင် ၀င်ပြိုင်မည့် ရွေးကောက်ပွဲ ဆိုသည်ကို ကျင်းပရန် တာဆူနေသည်။ ပွဲပြင်နေသည်။ လျို့ဝှက်သော အစီမံများ ချမှတ် ပြင်ဆင်နေကြသည်။ နဂို တာအထွက်ကပင် လူထုအကျိုး ရည်စူးမှု မပါသည့် အခြေခံဥပဒေ ဆိုသည်ကို လူထုက မနှစ်မြို့စွာ အောင့်ခံ ခဲ့ရပြီးဖြစ်သည်။

ယခုတဖန် ပွင့်လင်းမြင်သာခြင်းလည်း မရှိ၊ နိုင်ငံတကာ စောင့်ကြည့်မှုလည်း လက်မခံ၊ တရား မျှတခြင်းလည်း ရှိလာနိုင်ချေ နည်းပြီး၊ နိုင်ငံသားတိုင်း ပါဝင်ခွင့် မရှိသည့် ရွေးကောက်ပွဲ ဆိုသည်ကိုလည်း လူထုအနေဖြင့် စိတ်မသက်မသာ ဖြစ်ခြင်း ကြီးစွာဖြင့် ရင်ဆိုင်ရအုံးမည့် အခြေနေဖြစ်သည်။

ပြည်တွင်းစစ်ကလည်း ပြန်လည်တောက်လောက်လိုသည့်ဟန် တငွေ့ငွေ့..... စီးပွားရေး ခြွတ်ခြုံ ကျမှုနှင့်အတူ ယဉ်ကျေးမှု၊ အမျိုးသားရေး စရိုက် လက္ခဏာတို့ကလည်း တတိတိ နိမ့်ပါးလာ နေသည်။

အမှောင်လောက အမှောင် စီးပွားရေးတို့ ခေတ်ကောင်းလာသည်။ အခြေခံ လူတန်းစား အတွင်းတွင်ကား ဆင်းရဲ ငတ်မွတ်သူတို့ ပိုမို များပြားလာသည်။ ပြည့်တန်ဆာများ၊ စိတ်ဓါတ် ကျဆင်းမှု ဝေဒနာ အပြင်းအထန် ခံစားနေရသော နိုင်ငံသားများ၊ အရက်သမားများ၊ လောင်းကစား သမားများ လက်ညိုးထိုး မလွဲ ပေါများလာသည်။ ဘက်ပေါင်းစုံမှ စိတ်ဓါတ်ရေးရာ အရ နိမ့်ပါး ချွတ်ခြုံကျသူတို့ တပ်မတော်တွင်းနှင့် အပြိုင်၊ အုပ်ချုပ်ရေး ၀န်ထမ်း ယန္တရားနှင့် အပြိုင် လူထု အတွင်းတွင်လည်း ယိုယွင်းလာသည်။

တရားဥပဒေသည် မျက်နှာများရာ ဟင်းဖတ်ပါ ဆိုသကဲ့သို့ ငွေများလျှင် တရားနိုင်သည့် အခြေအနေများ ဗြောင်ကျကျ ဖြစ်ပေါ်နေသည်။ ဤအခြေအနေများနှင့် အတူ လူထု အများစု၏ အကြောက် တရားကား ဘာကိုမျှ ဝေခွဲ မဝေဖန် ရဲတော့သည် အထိ ကြီးစိုး လာသည်။ လူထုသည် မြင်မြင်ရာကို ကြောက်တတ် နေပေပြီ။

နေ့လည်ပိုင်းတွင် ကျနော် လူငယ်တစုနှင့် ကင်တင်းတခုတွင် စကားစမြည် လက်ဆုံ ကျခွင့် ရသည်။ ထမင်း လက်ဆုံစားရင်း လူငယ်များ၏ မေးခွန်းတချို့ကြောင့် ကျနော့်ရင်တွင်း ခံပြင်း ရှက်စိတ်များ ပြင်းစွာ ဖြစ်မိသည်။

" အကို့ကို မသိလို့ မေးမယ်နော် ညီမတို့ကို စိတ်မဆိုးရဘူး။ အကိုတို့ စစ်တပ်ထဲမှာ သေနတ်ကို စိတ်ထင်သလို ပစ်ခွင့်ရှိသလား အကို။ လက်နက် မရှိတဲ့ အရပ်သားကို ဒီလို စစ်သေနက်တွေနဲ့ မသေမချင်း ပစ်သတ်ခွင့်ရှိသလား ဆိုတာလေး ညီမတို့ သိချင်နေတယ်။

အပြစ်မဲ့ သတ်ဖြတ်ခံရသော ကျောင်းသားလေးများ နာရေး သဂြိုဟ်ခြင်းကို ကိုယ်တိုင် တက်ရောက် လိုလှသော်လည်း ယမန်နေ့ ညကပင် ရန်ကုန်မြို့တွင်း အချို့နေရာများတွင် ညဘက် ရောက်လာသည့် စစ်ကားများကြောင့် သွားမည့် စိတ်ကူးကို ဖျက်လိုက်သည်ဟု ဆိုသည်။ အာဏာပိုင်တို့ လူထုအားကို လွန်စွာ ကြောက်ရွံ့နေကြောင်း ညတွင်းချင်း ရန်ကုန်မြို့တွင်း ကင်းလှည့်ရောက်ရှိ လာသော စစ်ကားများက ယနေ့ မြန်မာပြည် ဖြတ်သန်းနေသော ခေတ်စနစ် ပုံရိပ်များပင်ဖြစ်သည်။

မိမိတို့သည် လက်နက်ရှိသော လူတို့၏ ဖိနှိပ် အုပ်ချုပ်မှု အောက်တွင် အကြောက်တရား ကြီးစွာဖြင့် လူညွှန့် တုန်းနေကြရကြောင်း ထိုအမျိုးသမီး ကပင် ဆက်ပြောပါသည်။

သူမသည် အင်န်အယ်လ်ဒီ ပါတီဝင် တဦးဖြစ်ကြောင်း ကျနော် ယခင်ကပင် သိခဲ့ပါသည်။ ကျနော့်ထက် ဆယ်နှစ်ကျော်မျှ ငယ်သော ညီမငယ် ထိုအမျိုးသမီး၏ အမေးကို ကျနော် ရှက်စိတ်က တဖက်နှင့် အသက် မပါစွာဖြင့် သာ ဖြေမိသည် ထင်သည်။

" စည်းစနစ်တကျရှိတဲ့ မျိုးချစ် တပ်မတော်ဆိုရင် ကိုယ့်နိုင်ငံသား အရပ်သူ အရပ်သားကို သေနတ်နဲ့ ပစ်သတ်ဖို့ ဝေးလို့ ဥပဒေမဲ့ ဖမ်းဝရမ်းမဲ့ ဖမ်းဆီး ချုပ်နှောင်ဖို့တောင် စိတ်မကူးရပါဘူး။ အခုလို လက်နက်မဲ့ ကျောင်းသားလေးတွေကို ရက်ရက်စက်စက် ပစ်သတ်တာမျိုး ကတော့ ရာဇ၀င် ထပ်တွင်မယ့် ရိုင်းစိုင်းခြင်းမျိုးပါပဲ ညီမလေး။ အကိုတို့ စစ်သားဟောင်း တွေလည်း ခံပြင်းခြင်း ကြီးစွာ ဖြစ်ရပါတယ်။ ကနေ့ အကိုတို့ မြန်မာ့ တပ်မတော်ဟာ မျိုးချစ် မြန်မာ့တပ်မတော် မဟုတ်နိုင် တော့ဘူး လူထုကို သတ်ဖြတ်တဲ့ အကြမ်းဖက် လက်နက်ကိုင်တပ် ဖြစ်နေပြီ ညီမ။ စစ်အာဏာရှင် စနစ်ကိုသာ ကာကွယ်ပေးနေရတဲ့ အာဏာရှင် စစ်ဗိုလ်ချုပ်ကြီး တွေကိုသာ ကာကွယ် ပေးနေရတဲ့ စစ်တပ်ဖြစ်နေပါပြီ ညီမရယ်"

ကျနော်သည်လည်းပဲ ရင်တွင်း မချိပါ။ မနက်ကတင် ကျနော့်နံဘေး အတင်း ဖြတ်မောင်းသွားသော ဇိမ်ခံကားကြီးမှ စင်လာသည့် ရွှံ့ရေတို့ ပုဆိုးတွင်ပင် မခြောက်ချင်သေး။ ကျနော်တို့ ကိုယ်တိုင် သည်ပင် ဥပဒေမဲ့ ထင်ရာစိုင်းသည့် စစ်အသိုင်းအ၀ိုင်း၏ ဘေးထွက် ဆိုးကျိုးများကို တစတစ ခံစား လာနေရပါပကောဟုလည်း တွေးမိသည်။

ဤပုံစံ ဖြင့် မြန်မာပြည် ဘယ်လောက်ထိများ ဆက်လက်တည်ငြိမ် နိုင်ပါမည်နည်း။ ထင်ရာစိုင်း ရိုင်းစိုင်း ရက်စက်မှုများကို ဘယ်လူမျိုးကမှ လက်ခံကျေနပ်မည် မဟုတ်ပေ။ အကြောက်တရားဖြင့် နှစ်ပေါင်းများစွာ ဖိစီးနှိပ်ကွပ်မှု အသားကျနေခိုက် အခိုက်တန့်သာ လူထုက ငြိမ်ခံနေမည်ဖြစ်ပြီး၊ အကြောက်တရား ကြောက်ခြင်း ပမာဏတို့ အကန့်သတ် ကုန်သည့်အခါ မြန်မာ ပြည်တွင်းရေး သည် သွေးချောင်းစီး မလာနိုင်ဟု ဘယ်သူမှ မပြောနိုင်ပေ။

ကျနော်တို့ နိုင်ငံကို ငြိမ်းချမ်းစေချင်ပါသည်။ တိုးတက်စေချင် ပါသည်။ ပြည်သူနှင့် တပ်မတော်တို့ ကြည်ဖြူစွာ လက်တွဲဖြင့် နိုင်ငံကြီးကောင်းဖို့ တက်ညီလက်ညီ ဆောင်ရွက်ကြစေ ချင်ပါသည်။ သို့သော်လည်း အာဏာနှင့် ရာထူးကို လက်မလွှတ်ရဲဘဲ လူထုကိုသတ် ရဟန်းလည်း သတ်၊ ရက်စက်မှု အပေါင်း သရဖူဆောင်းသည့် အာဏာရှင် ထိပ်သီးတစု ရှိနေသမျှ ကာလပတ်လုံး စစ်တပ်မတော် သည်လည်း မြန်မာပြည်သူ လူထု၏ ယုံကြည်အားကိုးမှုကို မရနိုင်။ ယိုယွင်းပျက်စီး နေသော ပြည်ရွာ အနှံ့မှ အခြေအနေ ဆိုးများသည်လည်း ယနေ့ စစ်အာဏာရှင် စနစ်အောက်တွင် တိုးတက်ပြောင်းလဲ မလာနိုင်ဟုသာ တွေးမိသည်။

တိုင်းရင်းသား လူမျိုးစုများ၊ အတိုက်အခံ နိုင်ငံရေး အင်အားစုများ၊ လူထုအားနှင့် တပ်မတော်တို့ ဟန်ချက်ညီညီ ပေါင်းစည်း ဆောင်ရွက်ခြင်း မပြုပဲ၊ တပ်မတော်သာ တကိုယ်ထီးတည်း ထင်ရာ စိုင်းပြီး လက်နက် အားကိုးနှင့် အုပ်ချုပ်မှုသက်တမ်း ကြာရှည် လာသည်နှင့် အမျှ မြန်မာ့ အနာဂတ်သည် ဆိုးသည်ထက် ဆိုးရန်သာ ရှိပါတော့သည်။

စောစောက ညီမက ထပ်မေးပြန်ပါသည်။ " အခုလို လူထုကို ထင်သလို သတ်ဖြတ်သွားတဲ့ စစ်ဗိုလ် စစ်သားတွေကို စစ်ဥပဒေက အရေး မယူဘူးလား အကို" ကျနော် သက်ပြင်းရှည်ကြီး တချက် ချလိုက်ပါသည်။

တခွန်းသာ ကျနော်ပြန်ပြောနိုင်ပါသည်။ " တကယ်တမ်းဆို တရားဥပဒေသာ အတိအလင်း တည်တံ့တယ် ဆို ပြည်သူ့ ကာကွယ်ရေး လက်နက်နဲ့ လူထုကို ထင်သလို ပစ်ခတ် သတ်ဖြတ်မှု အတွက် ထိထိရောက်ရောက် အရေးယူ ရမှာပါပဲ။

ဒါပေမယ့် ညီမရယ် ....... အခုလို ပြစ်မှုမျိုးကို အရေးယူပိုင်ခွင့် ရှိတဲ့ ထိပ်သီးကြီးတွေ ကိုယ်တိုင် က ပြည်သူလူထု ထောင်ပေါင်းများစွာကို သတ်ဖြတ် ခဲ့ဖူးတာပဲ။ ဒီ နှစ်ယောက်လောက်လေး သေတာကို သူတို့ မှုမလား ညီမရယ်။ နောက်ပြီး တိုင်းပြည်မှာ အထင်ကရ ဖြစ်ခဲ့တဲ့ ရာဇ၀တ်မှုကြီး တွေ လူသတ်မှုကြီးတွေ မူးယစ်ဆေးဝါး အမှုကြီးတွေမှာလည်း အာဏာပိုင် ထိပ်သီးကြီးတွေ ပါ ပတ်သက်နေတယ်လို့ သတင်းတွေ ထွက်နေတာကို လူတိုင်း သိတာပဲ။ ညီမလေး။ ဒီတော့ မသူတော်ချင်း သတင်းလွေ့ မှာပဲ။ ပုလင်းတူချင်း ဗူးဆို့ မှာပဲ။ ဒီအမှုကို ကနေ့ စစ်အစိုးရက ထိထိရောက်ရောက် အရေးယူ မယူ စောင့်ကြည့်ရမယ်။ ဒါ ဒို့အနာဂတ်ကို အကြီးမားဆုံး ခြိမ်းခြောက်ခံရတဲ့ အလတ်ဆတ်ဆုံး အဆိုးဆုံး လူမဆန်မှု ရာဇ၀တ်မှုကြီးပဲ ညီမလေး။

ဒါပေမယ့် ညီမရယ် အကိုတို့ မြန်မာပြည်မှာ စစ်တပ်သာ အုပ်ချုပ်ရေးနေရာမှာ ရာသက်ပန် နေရမယ် ဆိုတဲ့ စစ်ဝါဒီတွေ များနေသရွေ့ စစ်တပ်ထဲမှာ ကိုယ်ကျိုးသမား အာဏာရူးတွေ အာဏာပိုင်နေ သေးသရွေ့ စစ်အာဏာရှင် စနစ် တည်တံ့ နေသေးသရွေ့ အခုလို အမှုကြီးတွေ ရက်စက် ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှုကြီးတွေ ဆင့်ကဲ ဆင့်ကဲ ဖြစ်လာ နေအုန်းမှာပဲ။ အာဏာကို ဇောင်းပေးတဲ့ အာဏာရှင် စနစ် အောက်မှာတော့ လက်နက်ကို ထင်သလို သုံးစွဲတဲ့ ခြိမ်းခြောက်မှု တွေ ရှိနေအုန်းမှာပဲ။ အပြစ်မဲ့လူထုတွေ သေကြေ နေရအုန်းမှာပဲ၊ ညီမ ................ အကိုတို့လို မျိုးချစ် စစ်သားဟောင်းတွေလည်း တိုင်းပြည်နဲ့ တပ်မတော်ကို မှန်ကန် သင့်တင့်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်စေချင်ပါပြီ ညီမရယ်။" ဟု ဖြေမိပါသည်။

ထမင်းလက်ဆုံစားသည့် ၀ိုင်းလေး လက်စမသိမ်းမှီ အဆိုပါ ညီမက မေးခွန်းလေး နောက်ဆုံး မေးလိုက်အုံးမယ်ဟု ဆိုကာ " ဒါဆို မတရားမှု မှန်သမျှ ငြိမ်ခံ ပိပြားနေရတဲ့ ကနေ့ ဒီဘ၀ကနေ လွန်မြောက်အောင် ဘာတွေ လုပ်သင့်တယ်လို့ ထင်သလဲ အကို ဗိုလ်ကြီး"

ကျနော် တခွန်းသာ ဖြေလိုက်ပါသည်။ စစ်ကျွန်ဘ၀ သက်ဆိုးရှည်အောင် ကလိန်ကကျစ် နည်းပေါင်းစုံနဲ့ လုပ်မယ့် မကြာခင် လာမယ့် ရွေးကောက်ပွဲမှာ မဲမထည့်နဲ့ မထောက်ခံနဲ့။ မတရားတဲ့ လုပ်ရပ်မှန်သမျှ ရရာ ကြုံရာနေရာက မှတ်တမ်းတင်ထား ဒီဖက်ဆစ် အုပ်စိုးသူ လူတစ်စုကို လူထုနဲ့ မျိုးချစ် တပ်မတော်သားတွေ ပေါင်းပြီး၊ ဖယ်ရှား အရေးယူနိုင်အောင် နိုင်တဲ့ နေရာကနေ ၀ိုင်းလုပ်။ နိုင်ငံတခု စနစ်ကောင်းဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။ ဒါပဲ"

ကျနော်တို့ ထမင်းဝိုင်းအတွင်းမှ လူငယ်များ အနက်မှ အချို့က လေးလေးနက်နက် ထောက်ခံ သဘော တူကြသော်လည်း အချို့က အကြောက်လွန်သော မျက်ဝန်းများဖြင့် ဘေးဘီကို ဝေ့၀ိုက်သော အကြည့်ဖြင့် ကြည့်သွား ကြသည်ကိုလည်း သတိ ပြုမိလိုက်ပါတော့သည်။

ဘာပြောပြော သူတို့လည်း ကြောက်ကြောက်နဲ့ ဒီသတင်း ဒီစကားလေးတွေပေါ် စိတ်ဝင်တစား ရှိကြသည်ပင်။ စိတ်ဝင်စားခြင်းမှသည် ယုံကြည်ခြင်း။ ယုံကြည်ခြင်းမှသည် ရဲရင့်ခြင်း၊ ရဲရင့်ခြင်းမှသည် ညီညွတ်သော အောင်ပွဲဆီသို့ မြန်မာပြည်သားများ ရောက်ရှိ ကြလိမ့်မည်ဟု အလေးအနက် ယုံကြည်နေမိသည်။

ကျနော် အိမ်ပြန်ရောက်အပြီး စာအုပ်စင်မှ စစ်တက္ကသိုလ်တက်ခဲ့စဉ်က မှတ်စုစာအုပ်ငယ်များ ပြန်ရှာဖတ်ရင်း ဗိုလ်လောင်းဘ၀က ရေးသားထားသော ရင်တွင်းဖြစ် မှတ်တမ်းများမှ စာစု တခုကို ပြန်တွေ့မိသည်။

" မြန်မာ လူထုတွေ မျက်စိသူငယ်၊ နားသူငယ်နဲ့ အရာရာကို ထိတ်လန့် အားငယ်တဲ့ အကြည့်နဲ့ ကြည့်ပြီး ပင်ပန်းဆင်းရဲစွာ အသက်မွေး နေကြရသေး သရွေ့ မျိုးချစ်စစ်သား တွေရဲ့ နိုင်ငံနဲ့ လူမျိုးအပေါ် ကျရောက်တဲ့ တာဝန် မကျေပွန်သေးဘူး။"

ညီတိုးငြိမ်း



Ref: ညီတိုးငြိမ်း

0 comments:

အပေါ်သို့