..............................

Wednesday, July 25, 2012

၂၀၀၈ အခြေခံဥပဒေမှာ တန်းတူရေးမရှိရင် ၊ ငြိမ်းချမ်းရေး မဖြစ်နိုင်

မာန်လက်
ဇူလိုင်လ ၂၅ ရက် ၂၀၁၂

ဦးသိန်းစိန်အစိုးရဟာ တိုင်းရင်းသား ပြဿနာကို ဖြေရှင်းဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို ကော်မတီနဲ့ လုပ်ငန်း ကော်မတီကို ပြီးခဲ့တဲ့ မေ(၃)ရက်နေ့က ကြေညာချက် ထုတ် ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်(၃) ဆင့်နဲ့ လုပ်ဆောင်နေပါတယ်။ ပထမ အဆင့်မှာ အပစ်ရပ်ရေး၊ ဒုတိယအဆင့်မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးနဲ့ တတိယ အဆင့်က လွှတ်တော်ကို တင်ပြရေး ဖြစ်ပါတယ်။ အပစ်ရပ်ရေးအတွက် တနှစ်ကျော်ကြာ လုံ့လ စိုက်ထုတ်ခဲ့ပေမဲ့ တနိုင်ငံ လုံး အပစ် မရပ်နိုင်သေးပါဘူး။ သမ္မတ အမိန့်ကို မနာခံဘဲ စစ်တပ်က ကချင်ကို ထိုးစစ်ဆင်တုန်းဖြစ်သလို ရှမ်းပြည် တပ် မတော် SSPP-SSA နဲ့လည်း အခုရက်ပိုင်း အတွင်း တိုက်ပွဲတွေက ပိုမိုပြင်းထန် လာနေပါတယ်။

အပစ်ရပ်ရေးဆွေးနွေးပြီးနောက်ပိုင်း ကနေ့အထိ သျှမ်းပြည်တပ်မတော် RCSS/ SSAနဲ့ ၂၅ ကြိမ်၊ SSPP/SSA တပ်ဖွဲ့နဲ့ ၂၃ ကြိမ် ဖြစ်ပွားခဲ့ရာမှာ အစိုးရ စစ်တပ်က သဘောတူညီချက်ကို စတင် ချိုးဖောက်ပြီး အခုလို ထိုးစစ်ဆင် တိုက်ခိုက်နေတာ လည်း ဖြစ်ပါတယ်။ ဒါတင်မက အချို့ အပစ်ရပ် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့လည်း ကွက်ကြား တိုက်ပွဲတွေ ဖြစ်ပေါ်ဆဲ ရှိပါတယ်။ ဒါကိုကြည့်ရင် ပထမ အဆင့်မှာပင်လျှင် ဦးသိန်းစိန်အစိုးရရဲ့ မပြတ်သားမှု၊ မပွင့်လင်းမှု၊ ကတိမတည်မှုနဲ့ လုပ်ငန်းပိုင်း မနိုင်နင်းမှုတွေကို တွေ့မြင်နိုင်တာကြောင့် ငြိမ်းချမ်းရေးဖြစ်ပေါ်လာရေးဟာ အင်မတန် အလှမ်းဝေးနေပြီး အစိုးရအပေါ်မှာသာ အဓိက မူတည်နေတာလည်း ဖြစ်ပါတယ်။

သမိုင်းသင်ခန်းစာအရလည်း ဗမာပြည်အာဏာရ အစိုးရအဆက်ဆက်ဟာ ပြည်တွင်းစစ်ကိုရပ်စဲဖို့နဲ့ အမျိုးသားတန်းတူမှုရှိ တဲ့ ပြည်ထောင်စုကိုတည်ဆောက်ဖို့ နိုင်ငံရေးအာသီသ ဘယ်တုန်းကမှမရှိခဲ့ဘူးဆိုတာနဲ့ ပြည်တွင်းစစ်ကို သူတို့ကိုယ်ကျိုး အတွက်သာ အသုံးချခဲ့တယ်ဆိုတာကို ပြီးခဲ့တဲ့အပတ်တွေတုန်းက တင်ပြခဲ့ပါတယ်။ ဗမာပြည်ရဲ့ တိုင်းရင်းသားအရေးကို မဖြေရှင်းနိုင်သေးသရွေ့ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကိုလည်း ငြိမ်းအေးစေနိုင်မှာ မဟုတ်ပါဘူး၊ ပြည်တွင်းစစ် မရပ်စဲနိုင်သေးသရွေ့ အမျိုးသားစည်းလုံးညီညွတ်မှုနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာလည်း ဖြစ်လာဖို့ မရှိပါဘူး။

ဒါ့ပြင် ပထမအဆင့် မပြီးပြတ်ခင် ဒုတိယအဆင့်ကို ၂၀၁၅-ခုနှစ်မတိုင်မီ ၂၀၁၄-ခုနှစ်လောက်မှာ အကောင်အထည်ဖော် သွားမယ်လို့ မကြာသေးခင်ကလေးတင် ဦးသိန်းစိန်အစိုးရက ကြေညာသွားတာကလည်း အမယ်ဘုတ်ရဲ့ သူ့ချည်ခင် ဖြစ်ဖို့ သာရှိပါတယ်။ သေနတ်သံရပ်အောင်တောင် အပြီးမသတ်နိုင်သေးဘဲ ဒုတိယအဆင့်ကို သွားမယ်လို့ ထုတ်ဖော်ကြေညာ သွားတာကိုကြည့်ရင် ဦးသိန်းစိန်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို ၂၀၁၃မှာ အပြတ်ဖြတ်မယ်ဆိုတဲ့ သဘောထားကို တွက်ဆနိုင်သလို အပစ်ရပ်စဲရေးကိစ္စကို ၂၀၁၃အထိပဲလို့ သတ်မှတ်ထားပုံလည်း ရပါတယ်။ ဗမာပြည်မှာ လက်နက်ကိုင်ပဋိပက္ခ အပြီးသတ် နိဂုံးချုပ် စေရမယ်လို့ ဆိုလိုတာမျိုး မဟုတ်ဘူးဆိုတာနဲ့ လာမယ့်၂၀၁၃ခုနှစ်မှာ ဗမာပြည်မှာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကြီးမှူးကျင်းပဖို့ ရှိနေတာကလည်း အပစ် အခတ်ရပ်စဲရေးကို ကမန်းကတန်း ဖုတ်ပူမီးတိုက် လုပ်ရတာဖြစ်တယ် ဆိုတာလည်း သိသာလွန်းနေပါတယ်။

ဒီလိုကြေညာရာမှာလည်း ဒုတိယအဆင့်ဖြစ်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို ပင်လုံထက် ကျယ်ပြန့်တဲ့ ညီလာခံတခု ဆိုပြီး စစ်တပ်နောက်ခံပြု ဦးသိန်းစိန် အစိုးရက အစဉ်တစိုက် သုံးနှုံးသွား-နေတာကလည်း စဉ်းစားစရာ ဖြစ်နေပါတယ်။ ဒါ့ပြင် ဒီညီလာခံကို အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ပြည်တွင်း(ပြည်ပ) အတိုက်အခံပါတီတွေ၊ အသိပညာရှင် အတတ်ပညာ ရှင်တွေ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း(အန်င်ဂျီအို)တွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေကို တက်ရောက်စေမယ် ဆိုတော့ ၁၉၉၃-ခုနှစ် အမျိုးသား ညီလာခံကို ပြေးမြင်မိပါတယ်။

ပင်လုံထက် ကျယ်ပြန့်သောညီလာခံလို့ ကင်မွန်းတပ်ပြီး လူများအောင်ဖိတ်ရုံနဲ့ အရာမရောက် မပြီးမြောက်နိုင်ပါဘူး။ ၁၉၄၇ ခုနှစ် ရှမ်းပြည် ပင်လုံညီလာခံက ပင်လုံစိတ်ဓါတ် အနှစ်သာရတွေ၊ ကတိကဝတ်တွေကို အမှန်တကယ် လိုလို လားလား တန်းတူ ရည်တူ ဆွေးနွေး ညှိနှိုင်း အကောင်အထည်ဖော်ဆောင် မှသာ ပြည်တွင်းစစ် ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို ရှေ့ ရှု့ ဦးတည်နိုင်မှာပါ။

ရှမ်းပြည်ပင်လုံညီလာခံတုန်းက ကတိကဝတ်တွေကို အစိုးရအဆက်ဆက်က ချိုးဖောက်ခဲ့လို့ မြန်မာ(ဗမာ)တိုင်းရင်းသားနဲ့ အခြားတိုင်းရင်းသား လူမျိုးများအကြား သံသယမီးပွား ဖြစ်ပေါ်ခဲ့တာမို့ ကနေ့ထက်တိုင် အရှည်ကြာဆုံး ပြည်တွင်းစစ်ကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အချုပ်ကတော့ အမျိုးသားတန်းတူညီမျှမှု မရှိခဲ့တာက ပြည်တွင်းစစ်ရဲ့ အဓိကအကြောင်းရင်း တခု ဖြစ်ပါတယ်။

ဒီကနေ့ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အဓိကတောင်းဆိုချက်ကလည်း အမျိုးသားတန်းတူ ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးဖြစ်ပါတယ်။ ဒီအခြေခံအကြောင်းရင်းကို မကိုင်တွယ် မဖြေရှင်းဘဲနဲ့ သေနတ်သံပျောက် ပြီး ငြိမ်းချမ်းသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တန်းတူညီမျှမှုကို အခြေခံဆုပ်ကိုင်မှသာ ထာဝရငြိမ်းချမ်းရေးကို ဖြစ်ပေါ်တည် ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရရဲ့ ဦးတည်ချက်တခုဖြစ်တဲ့ လွှတ်တော်တွင်းဝင်ရောက်ရေး တတိယအဆင့် ဆိုတာကလည်း အရင် နအဖ အမျိုးသားညီလာခံတုန်းကအတိုင်း လွှတ်တော်မှာပဲ နိုင်ငံရေးဆွေးနွေးဆိုတာနဲ့ ထူးခြားကွဲပြားမှု မရှိပါဘူး။ အတိုက်အခံ အားလုံး၊ တိုင်းရင်းသားအဖွဲ့အစည်းအားလုံးက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင်လက်ခံရေးပဲ ဖြစ်ပါတယ်။ အဲဒါ ကြောင့် လွှတ်တော် ၀င်ရေးမ၀င်ရေးကိစ္စဟာ တိုင်းရင်းသားတွေအတွက် တန်းတူရေးရှိမရှိအပေါ် အခြေခံပြီး စဉ်းစားဆုံး ဖြတ်ကြဖို့ အင်မတန် အရေးကြီးပါတယ်။

လက်ရှိ လွှတ်တော်အခင်းအကျင်းအရ စစ်တပ်ကိုယ်စားလှယ်တွေ လွှတ်တော်တွင်း ရှိနေသမျှ ဒီမိုကရေစီနည်း ကျနိုင်မှာ မဟုတ်တာမို့ တန်းတူရေးရှိဖို့ ဆိုတာမှာလည်း ခဲယဉ်းပါလိမ့်မည်။ ဒီမိုကရေစီရေးပင် မရှိလျှင် တန်းတူရေးလည်း ရှိနိုင်မယ် မဟုတ်တဲ့အတွက် ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းစွပ် မခံရစေဖို့ တိုင်းရင်းသားများက လွှတ်တော်တွင်း ၀င်ရေးမ၀င် ရေးကို အခိုင်အမာ တညီတညွတ်တည်း ဆုံးဖြတ်ချက်ချရပါလိမ့်မည်။ ကျားဆွဲမခံရဖို့ သင်းမကွဲမှ ဖြစ်မယ်ဆိုတာလည်း သမိုင်းသင်ခန်းစာအရ ထုတ်နှုတ်ကောက်ယူဖို့ လိုအပ်ပါတယ်။

တိုင်းရင်းသားအဖွဲ့အစည်းတွေမှာလည်း နိုင်ငံရေးအတွေ့အကြုံ သင်ခန်းစာ အများအပြား ရှိပြီးဖြစ်တာမို့ ဒုတိယအဆင့်ဖြစ် တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဟာ လွန်စွာ အရေးကြီးပါတယ်၊ အစကတည်းက တန်းတူရေး မဖြစ်ရင် ၀င်မပါဘဲ တန်းတူ ရေး ဖြစ်ခဲ့ရင်တော့ အားတက်သရော ပူးပေါင်းပါဝင်သင့်ပါတယ်။ ဒါမှသာ မိမိတို့ စဉ်ဆက်မပြတ် ရပ်ခံတိုက်ပွဲဝင်နေတဲ့ အမျိုးသားတန်းတူရေး တောင်းဆိုချက်နဲ့ ကိုက်ညီမှာဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခတွေဟာ အခြေခံ ဥပဒေ အားနည်းချက် ကြောင့် ဖြစ်ရတာမို့ အခြေခံဥပဒေ မပြင်သရွေ့ ဘယ်တော့မှ ငြိမ်းချမ်းရေး ရနိုင်ဖွယ် မမြင်ကြောင်းနဲ့ ငြိမ်းချမ်းရေးထက် အခြေခံ ဥပဒေကို ပြင်ဆင်ဖို့က ပိုအရေးကြီးကြောင်း တညီတညွတ်တည်း တောင်းဆိုကြဖို့ လိုအပ်ပါတယ်။

ပြည်ထောင်စုအစိုးရအနေနဲ့ အမှန်တကယ် ပြည်တွင်းစစ်ကို ရပ်စဲပြီး အရှည် တည်တန့်မယ့် ထာဝရ ငြိမ်းချမ်းရေးကို ဖြစ်ပေါ် တည်ဆောက် လိုစိတ် ရှိပါက ဦးစွာပထမ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဦးစွာပြင်ဆင်နိုင်ရေး အတွက် တတိုင်းတပြည်လုံး အပစ်အခတ် ရပ်စဲရေးကို တပြေးညီကြေညာပြီး တိုင်းရင်းသားဒေသရှိ တပ်စခန်းတွေကို ပြန်ရုပ်သိမ်းပေးရမှာဖြစ်သလို ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကိုလည်း ချွင်းချက်မရှိ လွှတ်ပေးပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တန်းတူရည်တူ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ နည်းလမ်းကသာ အစစ်အမှန်ဖြစ်ပါတယ်။

မာန်လက်

0 comments:

အပေါ်သို့