..............................

Thursday, June 7, 2012

အမျိုးသမီးများနဲ့ ခေတ်မီတပ်မတော်

ဇွန်လ ၇ ရက် ၂၀၁၂

ဟန်လင်း

တပ်မတော် တရပ် အတွင်းမှာ အမျိုးသမီး စစ်သည်တွေ ပါဝင်တဲ့ နှုံးထားဟာ စစ်တပ် တခု ပိုပြီး ခေတ်မီလာတဲ့ စံ (သို့မဟုတ်) ပြဒါးတိုင် တခုလို့ ပြောဆို နိုင်ပါတယ်။ ခက်တန်သော စစ်တပ် တခုကို လူထုနဲ့ ပိုနီးစပ် လာစေပြီး ယဉ်ကျေးမှု မြင့်မားသော တပ်မတော် တရပ်ဖြစ်ကြောင်း ဖေါ်ပြချက် နောက်ထပ် တမျိုးလည်း ဖြစ်ပါ တယ်။

ကျနော်တို့ရဲ့ မြန်မာ့ တပ်မတော်ထဲမှာ ဆေးတပ်နဲ့ စစ်ရုံးတွေမှာ အမျိုးသမီး စစ်သည် တချို့ကို တွေ့ရပြီး များသောအားဖြင့် ဆရာဝန် ဗိုလ်မှူး၊ ဗိုလ်ကြီး မမများနဲ့ စာရင်းကိုင် ရုံးအုပ် အဆင့်တာဝန်တွေလောက်မှာ အကြပ် အမျိုးသမီးတွေကို အုပ်ချုပ်ရေးနဲ့ ရုံးလုပ်ငန်းပိုင်း အတွက် တာဝန်ပေးလေ့ ရှိပါတယ်။ ဒီထက် တိုးပြီး ထမ်းဆောင်စရာ တာဝန်တွေလည်း မြန်မာ စစ်တပ်ထဲ မရှိခဲ့လို့ပါပဲ။ လက်ရုံး တပ်တွေဖြစ်တဲ့ ရဲတပ်ဖွဲ့ လူဝင်မှု ကြီးကြပ်ရေး စသုံးလုံး တပ်ဖွဲ့နဲ့ ထောက်လှမ်းရေး တပ်တွေထဲမှာတော့ လုပ်ငန်း လိုအပ်ချက်အရ အမျိုးသမီး ရဲမေတချို့ကို သာမန် တပ်သား အဆင့်လောက် စလို့ တမင် ထည့်သွင်းပြီး ဖွဲ့စည်း ထားရတာ ရှိပါတယ်။ ပြည်တွင်းစစ်တွေ ဖြစ်နေဆဲ မြန်မာပြည်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ကချင် တပ်ဖွဲ့ထဲမှာ စစ်သည်အင်အား ၁ သောင်း ကျော် အနက် အမျိုးသမီး စစ်သည် အင်အား ၆၀၀ ကျော် ရှိနေကြောင်း သိရပါတယ်။

ကျနော်တို့အိမ်နီးချင်းအိန္ဒိယနိုင်ငံမှာတော့ ၁၉၉၂ ခုနှစ် လောက်ကမှ စစ်တပ် ထဲသို့ အမျိုးသမီး စစ်သည် ပထမ အသုတ်ကို ထည့်သွင်း တာဝန်ထမ်း ခိုင်းခဲ့ တာပါ။ ဘင်္ဂလားဒေ့နဲ့ အိန္ဒိယ နယ်စပ်မှာ နယ်ခြားစောင့် အမျိုးသမီး တပ်ရင်းတွေကို နေရာ ချထား တာဝန် ထမ်းခိုင်း နေတာကိုလည်း တွေ့ရပါတယ်။ အစွန်းရောက် အစ္စလမ် ဘာသာရေး နိုင်ငံဖြစ်တဲ့ ပါကစ္စတန်မှာတော့ အမျိုးသမီး စစ်သည် လုံးဝ မထားရှိပါဘူး။ နောက်ထပ်ခြွင်းချက် တခုအနေနဲ့ စီးပွားရေး ပိုင်းမှာ ဖွံ့ဖြိုး တိုးတက်ပေမဲ့လည်း အမျိုးသမီးတွေ အပေါ် နိမ့်ချ ခွဲခြား ဆက်ဆံလေ့ရှိတဲ့ ဂျပန်နဲ့ တောင်ကိုရီးယား စစ်တပ်ထဲမှာလည်း အမျိုးသမီး စစ်သည်တွေကို သိပ်နေရာ မပေးကြတာ တွေ့ရပြန်ပါတယ်။

အမေရိကန်စစ်တပ်ထဲမှာ ဆိုရင်တော့ အမျိုးသမီး စစ်သည် အင်အားပေါင်း (၂) သိန်းဟာ စစ်ရေး တာဝန် အသီးသီး ထမ်းဆောင်လို့ နေပါပြီ။ အမေရိကန် စစ် အင်အားရဲ့(၂၀%)ပါ။ အီရတ် စစ်ပွဲ အတွင်းမှာ အမေရိကန် အမျိုးသမီး စစ်သည်တွေ အများဆုံး ဆင်နွဲခဲ့ကြောင်းနဲ့ သူရဲကောင်း ဆုတံဆိပ်တွေ ရရှိခဲ့ကြောင်း လည်း သိရပါတယ်။

ဗြိတိသျစစ်တပ်ထဲမှာလည်း ၁၉၉၀ ခုနှစ်လောက်က စပြီး အမျိုးသမီးတွေ တာဝန် ထမ်းခိုင်း ခဲ့တာပါ။ ဗြိတိသျှတပ် စစ်သည် အင်အား (၂၀၆၀၀၀) ရှိတဲ့ အနက် အမျိုးသမီး စစ်သည် အရာရှိ (၁၇၉၀၀) အခြားအဆင့် (၁၄၂၃၀) ယောက် ရှိနေတယ်လို့ သိရပါတယ်။ ကြည်းတပ်ရဲ့ ၇.၁% ရေတပ်မှာ ၉.၄%နဲ့ လေတပ်က ၁၁.၉% ဟာ အမျိုးသမီး စစ်သားတွေပါ။ ဗြိတိသျှ တပ်မတော် တခုလုံးရဲ့ ၉.၁% သော ဦးရေဟာ အမျိုးသမီး စစ်သည်တွေ ဖြစ်ကြပါတယ်။

ဒုတိယ ကမ္ဘာစစ်ကို ရှုံးပြီးနောက် ၁၉၅၅ ခုနှစ် ကျမှ ပြန်ဖွဲ့စည်း တည်ထောင်ခွင့် ရခဲ့တဲ့ ဂျာမဏီ စစ်တပ် ထဲမှာတောင် သူနာပြုတွေ အဖြစ်နဲ့ အမျိုးသမီးတွေ ၁၉၇၅ လောက်က စပြီး ပါဝင်ခဲ့သလို လက်ရှိမှာတော့ အမျိုးသမီး စစ်သည် ၁၂၀၀၀ အင်အားဖြင့် တပ်မတော်ရဲ့ ၆% လောက် ဖြစ်လာခဲ့ပါပြီ။

အရှေ့ဥရောပနိုင်ငံတွေဖြစ်တဲ့ ရုရှားမှာ ဆေး၊ ဆက်သွယ်ရေး ထောက်ပို့ ဆိုင်ရာမှာ အမျိုးသမီး စစ်သည် ဦးရေ ၉၅၀၀၀ လောက် ရှိနေပါတယ်။ ချက်နဲ့ စလိုဗက်လို့ ၂ ပြည် ကွဲသွားတဲ့ ဆလိုဗက် တပ်မတော် ထဲမှာလည်း ၁၉၇၁ ခုနှစ်က စလို့ အမျိုးသမီးတွေ ထည့်သွင်း ခဲ့ပြီး ဒီနေ့ ချက်တပ်မတော်ရဲ့ ၁၈% ဟာ မိန်းမ စစ်သည်တွေပါ။ ထို့အတူ ဘူဂေးရီးယား စစ်တပ်ရဲ့ ၇% ဟာလည်း မိန်းမတွေပါပဲ။

စစ်တပ်ထဲမှာ အမျိုးသမီးတွေ ပါဝင် ဖွဲ့စည်းခဲ့တဲ့ သက်တမ်း နှစ်ပေါင်း ၁၀၀ ကျော် ရှိခဲ့တဲ့ ကနေဒါ တပ်ထဲမှာတော့ ကနေဒါ စစ်တပ် အင်အားရဲ့ ၁၃% လောက် ဟာ အမျိုးသမီးတွေ ဖြစ်နေပါတယ်။

ဘာကြောင့် အမျိုးသမီးစစ်သည်တွေ တာဝန် ထမ်းခွင့် ပိုရလာ ရသလဲလို့ ဆိုရင်တော့ တရုပ်နဲ့ အိန္ဒိယ နိုင်ငံတို့က အတွေ့အကြုံများနဲ့ နှိုင်းယှဉ်ပြီး ဆက်စပ် သုံးသပ်ကြည့်ရ ပါလိမ့်မယ်။

အမျိုးသမီးတွေကို ဆေး၊ သွားဖက် ဆိုင်ရာနဲ့၊ သူနာပြု စတဲ့ ကဏ္ဍတွေမှာသာ စောစောပိုင်းတုံးက ပါဝင်ခွင့် ပြုထားခဲ့တဲ့ အိန္ဒိယ စစ်တပ်ဟာ ၁၉၉၀ ခုနှစ် လောက်က စလို့ စစ်ရေးဆိုင်ရာ သဘောထားတွေ ပြောင်းလဲ လာခဲ့ပါတယ်။ တိုက်ခိုက်ရေး မဟုတ်တဲ့ဘက် အင်ဂျင်နီယာ၊ ဆက်သွယ်ရေး၊ ထောက်ပို့၊ ပညာရေး၊ ထောက်လှမ်းရေး၊ တရားစီရင်ရေးနဲ့ လျပ်စစ်၊ စက်မှု အင်ဂျင်နီယာလို တတ်သိ ပညာလိုင်းတွေမှာ အမျိုးသမီးတွေကို ပိုပြီး တာဝန် ပေးခဲ့ပါတယ်။ ကြည်း တပ်ရဲ့ (၂.၄၄) % နဲ့ ရေတပ် ထဲမှာ (၃%) လေတပ်မှာ (၆.၇%) တို့ဟာ အမျိုးသမီး စစ်သည်တွေ ဖြစ်ကြပါတယ်။ အဲဒီလိုမျိုး အမျိုးသမီး စစ်သည်တွေကို အိန္ဒိယ စစ်တပ်ထဲ ထည့်သွင်းနိုင်တဲ့ အဓိက အချက်ဟာ နိုင်ငံအနေနဲ့ စီးပွားရေး အရ ဖွံ့ဖြိုး တိုးတက် လာခဲ့သလို အိန္ဒိယ စစ်တပ်က ဒုတိယ မျိုးဆက် စစ်လက်နက် နည်းပညာများ စွဲကိုင်ခဲ့ရာမှ တတိယမျိုးဆက် နည်းပညာသို့ ကူးပြောင်း သုံးစွဲ ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ အနောက်ဖက် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ စတုတ္ထ မျိုးဆက် နည်းပညာ ခေတ်ထဲသို့ ရောက်ရှိ နေချိန်မှာ အိန္ဒိယ နိုင်ငံ တပ်မတော် အနေနဲ့ ခေတ်ကို အမှီနိုင်လိုက်ဖို့ လိုအပ်နေပါပြီ။

တရုပ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ထဲမှာလည်း ဒုဗိုလ် အဆင့်နဲ့ အမျိုးသမီး လေယဉ်မှုးများ ပထမ အသုတ်ကို ၂၀၀၉ ခုနှစ် ဧပြီလထဲက သင်တန်း ဆင်းပေး ခဲ့ကြပါတယ်။ တရုပ် တပ်မတော်ရဲ့ လက်ရှိ ကျင့်သုံးတဲ့ ခေတ်သစ် သမရိုးကျ မဟုတ်တဲ့ စစ်သေနင်္ဂ ဗျူဟာမှာ ယခင် လူအင်အား အခြေပြု စစ်ဆင်ရေးမှသည် နောက်ဆုံးပေါ် လက်နက်၊ ထောက်လှမ်းရေး နည်းပညာများနဲ့ သတင်းကွန်ယက် ထိန်းချုပ်နိုင်မှု တွေက ပိုပြီး ရှေ့တန်း ရောက်လာသလို ခေတ်မီ စစ်ဆင်ရေး ကိစ္စ နေရာ အတော်များများမှာ အမျိုးသမီး စစ်သည်တွေ တာဝန် ထမ်းဆောင်လို့ ရတဲ့ အနေအထား ပိုရှိလာခဲ့ပါပြီ။ အရင်တုံးက စစ်သားတွေသာ လုပ်ဆောင်နိုင်တဲ့ တိုက်လေယဉ် မောင်းနှင် တိုက်ပွဲဝင်တာမျိုး လောက်ဟာ ဒီကနေ့ တရုပ်အမျိုးသမီး အရာရှိတွေ အတွက် ထမင်းစား ရေသောက်ဆိုတဲ့ အဆင့်ပါပဲ။ ကွန်ပြူတာ စနစ်ဖြင့် ထိန်းချုပ် မောင်းနှင်တဲ့ တရုပ် တပ်မတော်ရဲ့ ခေတ်ပေါ် စစ်လက်နက်များကြောင့် ခေါင်းအေး တည်ငြိမ်ပြီး ပြော့ပြောင်း ညင်သာလေ့ ရှိသူ မိန်းမသား စစ်သည်တွေနဲ့ ပိုသင့်လျော်ကာ တာဝန် ထမ်းခွင့်တွေ ပိုရလာ စေခဲ့တာလည်း ဖြစ်စေပါတယ်။

စစ်တပ်ထဲမှာ အမျိုးသမီးတွေ ပါဝင် ဖွဲ့စည်းရတဲ့ အခြေခံ အချက်ဟာ အမျိုးသား စစ်သည် စုဆောင်းဖို့ မလုံလောက်လို့ ဆိုတဲ့ အကြောင်းတခု အပြင် စစ်တပ် သုံးစွဲတဲ့ နည်းပညာ မြင့်မား လာတာနဲ့ အတူ နိုင်ငံတော်ရဲ့ ပညာရေး၊ လူနေမှုနဲ့ ယဉ်ကျေးမှု မြင့်မား လာခြင်းတို့ကြောင့် လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ပြည်တွင်းစစ်လည်း မရှိ ပြည်ပ တိုင်းပြည်တွေမှာ စစ်တပ်တွေ စေလွှတ်ပြီး နေရာ ချမထားတဲ့ ကနေဒါ၊ သြစတေးလျ တို့လို နိုင်ငံတွေက စစ်တပ်များ အတွင်း အမျိုး သမီး စစ်သည် ပါဝင်နှုံး မြင့်မားနေတဲ့ ထူးခြားချက် တခုကိုလည်း တွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီကနေ့ကမ္ဘာပေါ်က ကျား/မ ခွဲခြား ဆက်ဆံမှု နည်းပါးပြီး တန်းတူ အခွင့်အရေး ရရှိနေတဲ့ နိုင်ငံ အတော်များများက စစ်တပ် အသီးသီးမှာ အမျိုးသမီး စစ်သည်တွေ တာဝန် ထမ်းဆောင်ခွင့် ရရှိလို့ နေကြပါပြီ။

ပြီးခဲ့တဲ့မေလ(၁)ရက်နေ့ ဗန်ကောက်မြို့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်မှာ အမျိုးသမီး ခွဲခြား ဆက်ဆံမှု မြင့်မားနေဆဲ ဖြစ်ကြောင်း၊ လက်ရှိ အစိုးရ လွှတ်တော် ကိုယ်စားလှယ် ၆၀၀ ကျော်ရှိရာမှာ အမျိုးသမီး ကိုယ်စားလှယ် ၁၅ ဦးလောက်ပဲ ရှိနေ ပါသေးတယ်လို့ မြန်မာပြည်က အမျိုးသမီးတွေရဲ့ လက်ရှိ အခြေအနေ တချို့ကို ထုတ်ဖေါ် တင်ပြ ခဲ့ပါသေးတယ်။

ထောက်လှမ်း၊စစ်ဆင်၊သုတေသနဆိုတဲ့ကဏ္ဍစုံမှာ ခေတ်သစ် စစ်နည်း ပရိယယ်နဲ့ နည်းပညာသစ် တချို့ စတင် အသုံးပြုပြီး နည်းပညာမြင့် ခေတ်မီ တပ်မတော် တရပ် အဖြစ် ထူထောင်နိုင်ဖို့လို့ ဆိုပြီး ပြည်ပ နိုင်ငံတွေကို အထူးသဖြင့် ရုရှားနိုင်ငံသို့ မြန်မာ စစ်တပ်က ပညာတော်သင် စေလွှတ်တဲ့ အထဲမှာ DSA စစ်တက္ကသိုလ်ဆင်း တွေနဲ့ (သ ပ န) (ခေါ်) သိပ္ပံနဲ့ နည်းပညာ ၀န်ကြီးဌာနက စေလွှတ်တဲ့ လူတွေအားလုံး လိုလိုဟာ ယောက်ျားတွေပဲ ဖြစ်နေတာကို တွေ့ရ ပြန်ပါတယ်။ တိုင်းပြည်မှာ အစိုးရသစ်၊ အုတ်ချုပ်မှု စနစ်နဲ့ ကာကွယ်ရေး ဦးစီးချုပ် အသစ်တွေသာ ပြောင်းသွား ပေမယ့် မြန်မာစစ်တပ် ထိပ်သီးတို့ရဲ့ စိတ်နေ သဘောထား တွေက ဒုံရင်းအတိုင်း ရှိနေသေးဆဲလို့ ဆိုရမလိုပါ။

ကျနော်တို့ တိုင်းပြည်မှာ တပ်မတော်တွင်း အမျိုးသမီး စစ်သည်တွေ ပိုမို ပါဝင် တာဝန် ထမ်းဆောင်ခွင့် မရနိုင်သေးတဲ့ အဖြစ်ဟာ ကျား/မ ခွဲခြားမှု မြင့်မားနေဆဲ ဖြစ်ကြောင်း။ တိုင်းပြည်ရဲ့ ပညာရေးနဲ့ လူနေမှု၊ ယဉ်ကျေးမှု နိမ့်ကျနေဆဲ ဖြစ်ကြောင်းနဲ့ မြန်မာ့ တပ်မတော်ရဲ့ စစ်ရေး အမြင်နဲ့ သုံးစွဲတဲ့ ခေတ်မီ လက်နက် နည်းပညာတွေ ချို့တဲ့ပြီး ခေတ်မမီ တော့တဲ့ ဒုတိယ မျိုးဆက် လက်နက် နည်းပညာတွေကိုပဲ မြန်မာ စစ်တပ်တွင်း ဆက်လက် ကိုင်စွဲ နေကြရဆဲ ဆိုတဲ့ အချက်တွေကို ကမ္ဘာသို့ ဖွင့်ဟ ၀န်ခံနေသလိုပါပဲ။

ချုပ်ပြီး ပြောရမယ် ဆိုရင် ကျနော်တို့ မြန်မာ့ တပ်မတော် အတွင်း အမျိုးသမီး စစ်သည် ဦးရေ ပိုများလာတဲ့ နေ့တနေ့ (ဒါမှမဟုတ်) စစ်တပ်ရဲ့ နေရာ အတော် များများမှာ အမျိုးသမီး စစ်သည်တွေ တာဝန် ထမ်းဆောင်ခွင့်တွေ ပိုရရှိလာတဲ့ တနေ့ဟာဖြင့် ခေတ်မီမီ ကျနော်တို့ မြန်မာ့ တပ်မတော်ကြီး စတင်ဖြစ်ထွန်း ပေါ်ပေါက် လာတဲ့နေ့ တနေ့ပဲလို့ ဆိုရတော့မယ်။

ဟန်လင်း



0 comments:

အပေါ်သို့