..............................

Thursday, June 7, 2012

ဗကသ များ အဖွဲ့ချုပ်ကို ရန်ကုန် ထွေ/အုပ် ခေါ်ယူသတိပေး

နေမျိုး
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၂

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဗကသ များအဖွဲ့ချုပ် ပြန်လည်ပေါ်ပေါက်ရေး ကြိုးပမ်းနေ ကြသည့် ကျောင်းသား ခေါင်းဆောင် များအား ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ်ရေး မှူးက ခေါ်ယူ၍ အသင်းအပင်း ဖွဲ့စည်းခြင်း ဥပဒေအား ဖတ်ပြကာ သတိပေး ခဲ့ကြောင်း သိရသည်။

ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရ လွှတ်တော်တွင် ဗကသ ဗဟိုစည်းရုံးရေး ကော်မတီဝင် ၉ ဦးအား ဖိတ်ကြားကာ ၁၉၈၈ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်ခဲ့သည့် အသင်းအပင်း ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ အမှတ် ၆/၈၈ နှင့်ပါတ်သက်ပြီး အသိပေးရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေမှာ တရားဝင် ဖျက်သိမ်းခြင်း မပြုရသေးသဖြင့် တည်ဆဲ ဥပဒေအဖြစ် တည်ရှိနေသလို ဗကသများ အဖွဲ့ချုပ် သည်လည်း တရားဝင် အဖွဲအစည်း မဟုတ်ကြောင်း သတိပေးခဲ့သည်ဟု ယင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ သည့် ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ကိုစည်သူမောင် က ပြောသည်။

“တရားမဝင် အသင်းအဖွဲ့ ဆိုလို့ရှိရင် ဒီဥပဒေနဲ့ အရေးယူလို့ရတယ်ဆိုတာကို အသိပေးတာပါ။ တရားဝင် အသင်းအဖွဲ့ ဖြစ်ဖို့ဆိုရင် သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ကို အဆင့်ဆင့် တင်ပြပြီးတော့ တရားဝင်ခွင့်ပြုချက် ယူရမယ်ဆိုတာကို အဓိက ပြောတာပါ” ဟု မဇ္ဈိမကို ပြောသည်။

၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ရာတွင် ရန်ကုန်တိုင်း အုပ်ချုပ်ရေးမှူး ဦးသန်းအောင်နှင့် ဒု-ညွှန်ကြားရေးမှူး ဦးမျိုးအောင်သိန်း တို့က မည်သည့် အသင်းအဖွဲ့ မဆို ဥပဒေနှင့်အညီ ဖြစ်သင့်ကြောင်း ပြောဆိုခဲ့သည်။

သို့သော် ကျောင်းသားသမဂ္ဂသည် လွတ်လပ်မှုရှိသလို မှတ်ပုံတင်သည့် အစဉ်အလာ မရှိခဲ့ကြောင်းနှင့် ကျောင်းသားထု ကြားတွင် တရားဝင်မှု ရှိကြောင်းကို ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို က ပြန်လည်ဆွေးနွေး ခဲ့သည်ဟု ကိုစည်သူမောင် က ပြန်လည်ပြောပြသည်။

“ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းတည်ထောင်ခွင့် ရရှိရေးဟာ အစိုးရ တရပ်ဆီမှာ မှတ်ပုံ တင်စရာ မလိုဘူးလို့ နားလည် ထားပါတယ်။ ခေတ်မီတဲ့ တက္ကသိုလ် ဥပဒေ တရပ် ပေါ်ထွန်းလာတဲ့ အခါမှာ ကျောင်းသား သမဂ္ဂဆိုတာ ကျောင်းတွင်း အဖွဲ့အစည်းဖြစ်တဲ့ အတွက်ကြောင့် ကျောင်းရဲ့ အုပ်ချုပ်ရေးနဲ့ပဲ တိုက်ရိုက် သက်ဆိုင်ပါတယ်။ တက္ကသိုလ် ဥပဒေ ပေါ်ထွက်လာတဲ့ အခါမှာ တက္ကသိုလ် ဥပဒေအရ တရားဝင် ဖွဲ့စည်း တည်ထောင်ခွင့်ကိုပဲ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်း ထွေ/အုပ်နှင့် အဖွဲ့ကလည်း တက္ကသိုလ်ကောင်စီ ဥပဒေတရပ် ရေးဆွဲနေကြောင်းနှင့် ထိုဥပဒေ ထွက်မလာမီ အသင်းအပင်း ဖွဲ့စည်းမည် ဆိုပါက သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများထံ အကြောင်းကြား၊ ခွင့်ပြုချက်ယူရမည် ဟုဆိုကြောင်း ကိုစည်သူမောင်က ပြောသည်။

များမကြာခင်က အကျဉ်းထောင် အသီးသီးမှ ပြန်လည် လွတ်လာခဲ့ကြသည့် ကျောင်းသား ခေါင်းဆောင်များသည် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗဟို စည်းရုံးရေး ကော်မတီကို ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပြန်လည် ဖွဲ့စည်းခဲ့ကြသည်။

အဆိုပါ ကျောင်းသား ခေါင်းဆောင်အချို့သည် လွန်ခဲသည့် နှစ်များက မတရားသင်း ဥပဒေ ၁၇(၁)ဖြင့် ထောင်ဒဏ် ကျခံ ခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ ဖြစ်သည်။

ဤဥပဒေအရ သက်ဆိုင်ရာ၏ ခွင့်ပြုချက် မရရှိဘဲ အသင်းအပင်း၊ အဖွဲ့အစည်းများ ဖြစ်သည့် သမဂ္ဂ၊ အစည်းအရုံး၊ ကလပ်၊ တပ်ဦး စသဖြင့် ဖွဲ့စည်း လှုပ်ရှားပါက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သည်။

ဗကသများ အဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းသည့်နှစ်မှာ ၁၉၃၆ ခုနှစ် မေလ ၈ ရက်နေ့ ဖြစ်ပြီး ပထမဆုံး ဥက္ကဋ္ဌမှာ ဦးရာရှစ်ဖြစ် ၍ ဒုက္ကဋ္ဌမှာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့