..............................

Thursday, June 7, 2012

အကြမ်းဖက်မြန်မာ့တပ်မတော်

ဇွန်လ ၇ ရက် ၂၀၁၂

ဟန်လင်း

စစ်တပ်ဆိုတာမျိုးဟာ မတစ်ထောင်သားတွေနဲ့ ဖွဲ့တည် ထားတာမို့ ပရမ်းပတာ မဖြစ်ရ လေအောင် အထက်အမိန့် တခုတည်း အောက်မှာ တင်းကြပ်တဲ့ စည်းကမ်းများနဲ့ ပြတ်သားစွာ အုပ်ချုပ် ကွပ်ကဲ ထားရတဲ့ အဖွဲ့အစည်း တခုပါ။ အထက်က အမိန့်တွေ ဘယ်လောက်ပဲ တင်းကြပ်ပေမယ့် အောက်ခြေမှာ ချိုးဖေါက်မှု မျိုးစုံလည်း ဖြစ်တတ် ပြန်ပါတယ်။

အနိမ့်ဆုံး ဆိုမာလီပင်လယ်ဒါးမြ တပ်တွေ ထဲမှာပဲ ဖြစ်ဖြစ် မြောက်ကိုရီးယားလို အာဏာရှင် တပ်မတော်တွေ ထဲမှာပဲ ဖြစ်ဖြစ် အမေရိကန် ဒီမိုကရေစီ တပ်မတော်မှာပဲ ဖြစ်ဖြစ် အကြမ်းဖက်မှုတွေ ရှိတတ် စမြဲပါ။ ဒါကြောင့် စစ်တပ်ဆို တဲ့ အကြမ်းဖက် အဖွဲ့အစည်း တခုကို ပြည်သူ့ အကျိုးပြု အဖွဲ့အစည်း တခု ဖြစ်လာအောင် တည်ဆောက် ယူရတာမျိုး ဆိုတာ သိပ်ပြီးတော့ မလွယ်လှပါဘူး။

ဂျပန်ခေတ် ကျနော်တို့ မြန်မာ့ တပ်မတော်ရယ်လို့ ရဲဘော် သုံးကျိပ်နဲ့ စတင် အခြေတည်ပြီး ဖွဲ့ခဲ့ကြ တုံးကလည်း တပ်မှူး လုပ်သူတွေ ကိုယ်တိုင် ခပ်မိုက်မိုက် ခပ်ကြမ်းကြမ်း ကိုင်တွယ် အုပ်ချုပ် ခဲ့ရတာပါပဲ။ ယိုးဒယား နယ်စပ်မှ မြန်မာ ပြည်တွင်းသို့ ဂျပန် တပ်မ (၅၅) နဲ့ အတူ တပ်ဦးကနေ ချီတက် ထိုးဖေါက် ၀င်ရောက် လာစဉ် ဗြိတိသျှ အားကိုးဖြင့် လူထု အပေါ် မတရားမှု ပြုလွန်းသူ သထုံခရိုင် ပေါင်မြို့နယ် သဲဖြူကုံး သူကြီး အဗ္ဗဒူရာရှစ် ဆိုသူကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဘက်နက်နဲ့ ထိုး စီရင် ခဲ့ရကြောင်း သမိုင်းသက်သေ ရှိခဲ့ပါတယ်။

၁၉၄၆ ခုနှစ်မေလ ၂၄ ရက်နေ့ အိန္ဒိယ ဘုရင်ခံချုပ်နဲ့ တွေ့ဆုံစဉ် ဘုရင်ခံက မေးမြန်းရာမှာ ဗိုလ်ချုပ်အောင်ဆန်း က ပွင့်လင်း ရိုးသားသူ ပီပီ မကြောက်မရွံ့ ဟုတ်မှန်ရာ အတိုင်း ၀န်ခံ ခဲ့ပါတယ်။ ထို့အတူ ယခင် စစ်ဦးစီးချုပ် ဟောင်း ဗိုလ်ချုပ် ကျော်ဇောကလည်း တပ်ထဲက လူဆိုး လူမိုက် အကြပ် တယောက်ကို အပြစ်အရ သူကိုယ်တိုင် ဘက်နက်နဲ့ထိုး အပြစ်ပေး စီရင်ခဲ့ဖူးကြောင်း ဖွင့်ဟ ဖူးပါတယ်။

မလွှဲမရှောင်သာလို့ အဲဒီလိုစီရင်ခဲ့ကြရ သလို ဖြစ်စဉ်တွေ အပေါ် ခေါင်းဆောင်ပီပီ တာဝန်ယူစိတ် ရှိရှိ ဖွင့်ဟခဲ့တာ တွေကိုကြည့်ရင် မြန်မာ့ တပ်မတော်ရဲ့ နိဒါန်း အဖွင့်မှာ အကြမ်းဖက်မှုတွေနဲ့ စခဲ့ပေမယ့် ပြည်သူ လူထု အများ အတွက် တပ်မတော်ကြီး တခုလုံး အတွက် နောင်စံနမူနာ အဖြစ် ဆုံးဖြတ် စီရင် ခဲ့ကြရတာလို့ ဆိုရ ပါလိမ့်မယ်။

ဗိုလ်ချုပ်ထူထောင်ခဲ့တဲ့ မြန်မာ့တပ်မတော် စစ်စည်းကမ်းတွေ ထဲမှာတော့ ပြည်သူအပေါ် လူထုအပေါ် တပ်မတော် သား အချင်းချင်း အပေါ် အကြမ်းဖက် ဖြေရှင်းဖို့ ချမှတ်ထားတဲ့ စည်းကမ်း တချက် ကလေးမှ မပါရှိခဲ့တာ တပ်မတော်သားတိုင်း အသိပါ။ ခေတ်အဆက်ဆက် စွဲကိုင်ခဲ့တဲ့ တပ်မတော်ရဲ့ ဆောင်ပုဒ် ကိုယ်တိုင်ကလည်း ရန်သူ အပေါ်မှာသာ မီးလိုနေလို ကျင့်သုံးပြီး ပြည်သူ အပေါ်မှာ ရေလိုလလို ဆက်ဆံကြဖို့ မဟုတ်ပါလား။

အရင်တုံးကဖြစ်ခဲ့တဲ့လူထုအုံကြွမှုအမျိုးမျိုးကို စစ်တပ်နဲ့ စစ်တပ် အသွင်ပြောင်း လုံထိန်းတွေ ကိုယ်တိုင် အကြမ်းဖက် ဖြိုခွဲခဲ့ပြစ်လေ့ ရှိခဲ့သလို ဒီကနေ့လို ခေတ်ပြောင်း ကာလမှာလည်း ပြည်သူလူထု အပေါ်မှာ စစ်တပ်ရဲ့ အကြမ်း ဖက် အနိုင်ကျင့်မှု သတင်းတွေ တစ်စ တစ်စနဲ့ တောက်လျောက် ထွက်ပေါ်လို့ လာနေပြန်ပါပြီ။

ကချင်ပြည်ထိုးစစ်အတွင်း မြန်မာ စစ်တပ်က လူထုကို သတ်ဖြတ်တာ မုဒိန်း ကျင့်တာတွေ အထူး ပြုလုပ်ခဲ့လို့ ကချင် မျိုးနွယ်စုအပေါ် လူသားမျိုး ဖျောက်ဖျက်ဖို့ စစ်ဆင်နွဲနေတဲ့ အကြောင်းနဲ့ တားဆီးပေးဖို့ KIA ကချင် တပ်မတော် ကနေ ကုလသမဂ္ဂသို့ တိုင်ကြားခဲ့ပါတယ်။ တနင်္သာရီတိုင်း မော့တောင်ဒေသ အခြေစိုက် ခလရ ၂၂၄ ဆိုရင် အကြမ်းဖက် သတ်ဖြတ် တတ်လွန်းလို့ လူထုက အသေကြောက် ကြပါတယ်။

ယခုမေလအတွင်း ရန်ကုန် ပတ္တမြားမြို့သစ်က လ္ဘက်ရည် ဆိုင်သို့ လုံထိန်းရဲ တပ်ရင်း (၈)က ရဲတပ်ဖွဲ့ဝင် ၅၀ လောက် လက်နက်ကိုယ်စီ ကိုင်ပြီး လ္ဘက်ရည်ဆိုင်နဲ့ ရပ်ကွက်ထဲ အထိ ကို ၀င်ရောက် ရိုက်နှက် ဖျက်ဆီး ခဲ့ပါတယ်။ စစ်တပ် အသွင်ပြောင်း ဖွဲ့စည်းထားတဲ့ လုံထိန်း တပ်ရင်းတွေ အကြမ်းဖက်တာ များလွန်းလို့လည်း လွှတ်တော် အတွင်း လုံထိန်း တပ်ရင်တွေ ဆက်မထား ရှိသင့်တော့ကြောင်း အဆို တင်နေကြပါတယ်။

စစ်သားနဲ့ အသွင်ပြောင်း လုံထိန်းတွေ သာမက စစ်ပြန် စစ်မှုထမ်းဟောင်း တွေနဲ့ ဖွဲ့စည်း ထားတဲ့ ဦးပိုင် ကော်ပိုရေးရှင်း လက်အောက် ရန်ကုန်ရှိ ပါရမီနဲ့ ဗန္ဓုလ ခရီးသည် ပို့ဆောင်ရေး လိုင်းတွေမှာလည်း ခရီးသည် ပြည်သူတွေကို မောက်မာ စော်ကား ရိုင်းပြစွာ ဆက်ဆံရာနေ ရိုက်နှက် သတ်ဖြတ်မှုတွေ အထိ ပြောင်ပြောင် တင်းတင်း လုပ်နေကြတာ ပါပဲ။ လက်ရုံးတပ် တခုဖြစ်တဲ့ ရဲတပ်ဖွဲ့တွေ ထဲမှာလည်း အလားတူ အကြမ်းဖက်မှု တွေကို တွေ့ရပြန်ပါတယ်။

ပြည်သူလူထုအပေါ် အကြမ်းဖက် ဆက်ဆံကြဖို့ တပ်မတော် အက်ဥပဒေ ထဲမှာလည်း မရှိ ရဲလက်စွဲ ဥပဒေတွေ ထဲလည်း မပါပေမယ့် ဒီဖြစ်စဉ်တွေကို ခြုံငုံ သုံးသပ်ပြီး ယခုခေတ် စနစ်နဲ့ အုပ်ချုပ်မှု အသွင်သစ် ပြောင်းနေ ပါပြီလို့ ဆိုနေတဲ့ ဦးသိန်းစိန် အစိုးရ လက်ထက် အတွင်း ဘာကြောင့်များ ခုလိုမျိုး ထူးခြားစွာ ဆက်တိုက် ဖြစ်ပေါ် လာနေရသလဲ ဆို တာကတော့ မေးခွန်း ထုတ်ကြည့် ချင်စရာပါ။

မဆလခေတ်၊ န၀တ-နအဖ တပ်မတော် ခေတ်တုံးက ရှေ့တန်း ထွက်ရတဲ့ စစ်ကြောင်း၊ တပ်ရင်းတိုင်း လိုလိုဟာ တပ်မတော် နည်းဥပဒေထဲလည်း မပါ တပ်တည်မြဲ အမိန့်တွေ အတိုင်း မဟုတ်တဲ့ သွယ်ဝိုက်သော အမိန့်များ အတိုင်း လိုက်နာလို့ လုပ်ဆောင် ခဲ့ကြရ ဖူးပါတယ်။

အမိန့်အများစုဟာ ရန်သူသို့ ရန်သူလို့ ယူဆရသူ အရပ်သားများ ရန်သူ သတင်းပေးများလို့ ထင်ရသူတွေ သို့မဟုတ် ဖမ်းဆီး မိလာတဲ့ သုံ့ပန်းတွေကို အပြတ် ရှင်းခိုင်းတဲ့ အမိန့်တွေပါပဲ။

အထက်အမိန့်ပေးသူကနေ သတ်ပြစ်လိုက်ပါလို့ ဘယ်တုံးကမှ အမိန့် မပေးခဲ့ကြပါဘူ။ လက်အောက် တပ်ရင်း စစ်ကြောင်း တာဝန်ခံတွေကို မင်းတို့ အိပ်ကပ်ထဲက ဘော်လုံးကို လေလျှော့ ပြစ်လိုက်တော့။ ဒါမှမဟုတ် ရိက္ခာစား လျှော့ပြစ်လိုက်လို့ ဆိုတဲ့ ကြေးနန်း စက်ကနေ စကားဝှက်တွေ သုံး ညွန်ကြားလေ့ ရှိပါတယ်။ ဒီလို ကြေးနန်းစာ(သို့) နှုတ်ပြောစကား RT ရပြီးတဲ့နောက် တောတွင်း လမ်းဘေး တနေရာမှာ ဒီလူတွေကို သတ်ဖြတ် လိုက်ကြပါတော့ တယ်။ ပြည်တွင်းစစ်ရှိန် မြင့်မားလာတာနဲ့ အမျှ ဖမ်းဆီးသတ်ဖြတ်မှုတွေ တိုးလာခဲ့ပြီး စစ်တပ်ရဲ့ လက်လွှတ်စပယ် သတ်ဖြတ်တဲ့ ဖြစ်စဉ်တွေဟာ ထမင်းစား ရေသောက် ကိစ္စမျိုးလို မဆန်းလှတော့တဲ့ အထိပါ။

သာမန်ကျေးရွာ လူထုလည်းစစ်ရဲ့ သားကောင်များ အဖြစ် သတ်ဖြတ်ခြင်း ခံရပါတော့တယ်။ တောတွင်း ရန်သူ (သို့) သူပုန်လို့ စွပ်စွဲပြီးနောက် သတ်ဖြတ်မှုတွေနဲ့ သတ်ဖြတ် ခဲ့သူတွေ မှန်သမျှ န၀တ-နအဖ ခေတ်မှာ ဘယ်စစ်ခုံရုံး မှာမှ မတက် ခဲ့ရပါဘူး။ လက်စ ဖျောက်ထား ခဲ့ကြတာ ကနေ့ အထိပါ။

၂၀၀၅ခုနှစ်တုံးက ကယားပြည်နယ်တွင်း စကခ(၇)က စစ်ဆင်ရေး ၀င်နေတုံး ခမရ (၂၅၀) တပ်က ကင်းပုန်း ၀ပ်နေ တဲ့ နေရာကို ကရင်နီ လက်နက်ကိုင် အဖွဲ့ ၀င်လာလို့ ပစ်ခတ်တာ ၁ လောင်း၊ ၁ လက် ရကြောင်း အထက်သို့ အစီရင် ခံပါတယ်။ အထက် ဌာနကလည်း အသေအချာ စောင့်ခိုင်းတဲ့ ညွှန်ကြားချက် အောက်မှာ ဒီလောက်ပဲ ရတာကို မကျေနပ်လို့ ရတဲ့ အလောင်းနဲ့ လက်နက်ပြပါလို့ ပြောပါတယ်။ ဒီအလောင်းကို ခေါင်းတခြား ကိုယ်တခြား ဖြတ်တောက် လွှင့်ပြစ် သဂြိုလ်ပြီး ဖြစ်လို့ ပြမရ နိုင်တော့ကြောင်း အောက်ခြေတပ်က ပြန်စောဒက တက်ခဲ့ပါတယ်။ နောက်ဖြစ်ရပ် တခုကလည်း ထိုင်းမြန်မာ နယ်စပ် အနီး အကြံအဖန် လက်နက် ၀ယ်ပြီး တိုက်ပွဲ ဖြစ်စဉ် တင်ပြကာ အလောင်း လက်နက် ရကြောင်း လိမ်ညာပြီး တင်တဲ့ တပ်ရင်း တခုကို အထက် ဗျူဟာမှူးက မကျေနပ်လို့ ရတဲ့ အလောင်း ပြခိုင်းတဲ့ အခါမှာ အလားတူ တစ်စစီ ဖြတ်တောက် လွှင့်ပြစ် သဂြိုလ်ခဲ့ကြောင်း ပြန်လည် တင်ပြခဲ့ပါတယ်။

သူတို့သတ်ဖြတ်ထားသူကို ဘယ်သူဘယ်ဝါမှန်း မသိတော့အောင် သို့မဟုတ် နောက်လူတွေ ကြောက်လန့် သွားအောင်လို့ မြန်မာ စစ်တပ်ဟာ သေဆုံးသူ ကိုယ်ခန္ဓာကို အပိုင်းပိုင်း ဖြတ်တောက်ပြီး အလောင်း ဖျောက်တဲ့ အနေနဲ့ တနေရာစီခွဲ လက်စ ဖျောက်ပြစ် တတ်ပါတယ်။ ခုပြောခဲ့တာ တွေက လူသား မဆန်လွန်းလှတဲ့ အကြမ်းဖက်မှုတွေ ရက်စက်မှုတွေကို အထက်ဌာန ကိုယ်တိုင် သိပေမဲ့ တရားဝင် ခွင်ြ့ပုထားခဲ့တဲ့ နမူနာတွေပါ။

ဒါတင်မက တပ်ရင်းတိုင်းမှာ ဖမ်းမိထားတဲ့ သုံ့ပန်း၊ အရပ်သားနဲ့ မလိုက်ပါ နိုင်တော့တဲ့ ပေါ်တာ မှန်သမျှကို ရဲဘော် သစ်တွနဲ့ သတ်ဖြတ် ခိုင်းပြီး သွေးရဲ လာအောင်လို့ လေ့ကျင့် ပေးတတ် ကြပြန်ပါတယ်။ ဒီလိုနဲ့ လူသား မဆန်စွာ သတ်ရဲ၊ ဖြတ်ရဲ၊ အကြမ်းဖက်ရဲသော တပ်မတော်ကြီး တခု အဖြစ် မဆလ-န၀တ-နအဖ ခေတ်မှာ မျိုးဆက် အလိုက် ဆက်ခံ မွေးမြူခဲ့ကြတာပါပဲ။

စစ်ရာဇ၀တ်သားကောင်များအဖြစ် နံမည်ဆိုး ရှိတဲ့ ဖြစ်စဉ်တွေ ကြောင့်လည်း တောင်အာဖရိက နိုင်ငံမှာ သံအမတ် အဖြစ် ခန့်အပ်ခြင်း ခံရတဲ့ ဦးမြင့်နောင်ဟာ သူအရင် ဗိုလ်မှူးချုပ်မြင့်နောင် ဘ၀က လူ့အခွင့်အရေး ချိုးဖေါက်မှု သံသယဖြင့် တောင်အာဖရိက လွှတ်တော်တွင်း မေးမြန်း စုံစမ်းခြင်း ခံခဲ့ရ ဖူးပါတယ်။ နောင်ကမ္ဘာနဲ့ ဆက်ဆံမှုတွေ တိုးများလာရင် အရင် အတိပ်ဟောင်းက လူသား မဆန်လွန်းခဲ့ သူတွေ အတွက် နေရာ မရှိပါဘူး။

၁၉၉၆ ခုနှစ် တုံးက ဂွာတီမာလာ အရေးမှာ ဂွာတီမာလာ စစ်တပ် အထူးတပ်ဖွဲ့မှ စစ်သားဟောင်း Pimentel Rios (၅၅)နှစ် အပေါ် လူ ၂၀၁ ဦးအား ရက်စက်စွာ သတ်ဖြတ် အလောင်း ဖျောက်ဖျက် ခဲ့မှုကြောင့် မနှစ်ကပဲ အမေရိကန် တရားရုံးမှ ထောင်ဒဏ် (၆၀၆၀) နှစ် ချမှတ်ခဲ့တဲ့ ဖြစ်ရပ်မျိုးကို မြန်မာ့ တပ်မတော်ထဲမှာ မကြားမိဖူး ပါဘူး။ ထွက်ပေါ်လို့ လာခဲ့ရင်လည်း ဖွင့်ဟပြီး တာဝန်ခံမယ့်သူ မြန်မာ့ တပ်မတော် အတွင်း ရှိနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့်မို့ ဦးသိန်းစိန် အစိုးရသစ်က မြန်မာပြည်မှာ သမိုင်း စာမျက်နှာ အသစ်ကို ဖွင့်လှစ် လိုက်ပြီလို့ ဆိုပြီး တိုင်းပြည် ရဲ့ အုပ်ချုပ်ရေး စနစ်ကို ပြောင်းလဲကြရာမှာ မြန်မာ့ တပ်မတော်တွင်း ကျူးလွန်ခဲ့သော အကြမ်းဖက် သတ်ဖြတ်မှု သမိုင်း သက်သေခံ အထောက် အထားတွေ မှန်သမျှကို အတင်းအဓမ္မ ကျော်လွှား မေ့ပျောက်ခိုင်း နေတယ် လို့ပဲ သတ်မှတ် နေရဦးမှာပါ။

ဟန်လင်း


0 comments:

အပေါ်သို့