..............................

Thursday, April 19, 2012

မြန်မာအစိုးရနှင့် အပစ်ရပ်ရေး ဆွေးနွေးရန် နာဂ NSCN (K) ပြင်ဆင်

နေမျိုး
ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁၈ ရက် ၂၀၁၂

နယူးဒေလီ (မဇ္ဈိမ) ။ ။ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (K) နှင့် မြန်မာ အစိုးရတို့ အကြား ဧပြီ လကုန်ပိုင်းတွင် အပစ်အခတ် ရပ်စဲရေး ဆွေနွေးရန် ပြင်ဆင်မှုများ ရှိနေကြောင်း သိရသည်။

၃၂ နှစ်ကျော်ကြာ နာဂတိုင်းရင်းသားအရေး လက်နက်ကိုင် လှုပ်ရှားနေသည့် NSCN (K) အနေဖြင့် ပထမဆုံး အကြိမ် မြန်မာ အစိုးရနှင့် အပစ်ရပ်ရေး ဆွေးနွေးရန်အတွက် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်ရန် ဧပြီလ ၂ဝ ရက်နေ့တွင် ၎င်းတို့ ဌာနချုပ်ရှိရာ စစ်ကိုင်းတိုင်း အထက်ပိုင်း နာဂတောင်တန်း တနေရာတွင် ထိပ်ပိုင်း ခေါင်းဆောင်များ တွေ့ဆုံကြမည် ဖြစ်သည်။

သို့သော် မည်သည့်အကြောင်းအရာများ ဆွေးနွေးမည်ဆိုသည်ကိုမူ သတင်းထွက်ပေါ်မှု မရှိသေးကြောင်း နာဂ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစောစ က မဇ္စျိမကို ပြောသည်။

“သူတို့ အပစ်အခတ်ရပ်စဲရေးကို လုပ်ဖို့ စိုင်းပြင်းနေကြတာ ကြာလှပြီလေ။ လောလောဆယ် အနေအထား ကတော့ အပစ်အခတ် ရပ်စဲတာပဲ လုပ်ကြမယ်။ လောလော ဆယ်တော့ ဘယ်အချက်တွေ ဆွေးနွေးမယ်ဆိုတာ မသိရသေးဘူး။ တဖြေးဖြေးနဲ့ နိုင်ငံရေး ဆွေးနွေးကြမယ် ဆိုရင်လည်း ကောင်းပါတယ်” ဟု ပြောသည်။

ထိုအစည်းအဝေးသို့ တက်ရောက်ရန် နာဂခေါင်းဆောင်များ မြန်မာပြည်သို့ လမ်းကြောင်း နှစ်ခုခွဲ၍ ထွက်ခွါ သွားကြပြီ
ဖြစ်ပြီး မဟာဗျူဟာနှင့် အပစ်ရပ်ရေး အတွက် စံချိန်စံညွှန်းများကို ဆွေးနွေး ချမှတ်ကြမည်ဖြစ်ကြောင်း နာဂလန်း ပို့စ်တွင်
ဖော်ပြ ထားသည်။

S.S.Khaplang ဦးဆောင်သည့် NSCN (K) အဖွဲ့သည် ယခုအခါ အင်အား ၅ဝဝ ခန့်ရှိပြီး မြန်မာပြည် နာဂ တောင်တန်း
ဒေသ၊ စစ်ကိုင်းတိုင်း လဟယ် မြောက်ခြမ်းဒေသနှင့် နန်းယွန်းမြို့နယ် များတွင် အခြေစိုက် လှုပ်ရှားနေကြောင်း သိရသည်။

မူလ NSCN ကို ၁၉၈ဝ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်နေ့က စတင်ဖွဲ့စည်းပြီး အိန္ဒိယ အရှေ့မြောက် ပြည်နယ် များတွင် အခြေချ နေထိုင်သည့် နာဂမျိုးနွယ် စုများနှင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း အတွင်းရှိ နာဂ မျိုးနွယ်စုများ ပြန်လည် သွေးစည်း ညီညွှတ်ရေး၊ နာဂ အမျိုးသားများ လွတ်လပ်ရေး အတွက် လက်နက်ကိုင် လှုပ်ရှား ခဲ့ကြသည်။

၁၉၈၈ ခုနှစ်တွင် NSCN အဖွဲ့သည် S.S.Khaplang ဦးဆောင်သည့် NSCN (K) နှင့် Isak Chisi Swu နှင့် Thuingaleng Muivah တို့ ဦးဆောင်သည့် NSCN (IM) ဟူ၍ နှစ်ခြမ်း ကွဲသွားခဲ့သည်။ IM အဖွဲ့မှာ အိန္ဒိယ နယ်မြေတွင် အခြေစိုက်ကာ K အဖွဲ့မှာ မြန်မာ နယ်မြေတွင် အခြေစိုက် လှုပ်ရှားနေကြခြင်းဖြစ်သည်။

၂ဝ၁၁ ဧပြီလ ၂၈ ရက်နေ့က NSCN (K) အဖွဲ့သည် အိန္ဒိယအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ထားပြီး ဧပြီလ မကုန်မီ သက်တမ်းထပ်မံ တိုးမြင့်ရန်ရှိသည်။

မြန်မာနိုင်ငံ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံတွင် နာဂတောင်တန်းဒေသ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များကို စုစည်းကာ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ဖော်ပြထားပြီးနောက် ၂ဝ၁ဝ ခုနှစ်တွင်းမှစ၍ မြန်မာ အစိုးရနှင့် NSCN (K) တို့အကြား တိုက်ခိုက်မှုများ မရှိခဲ့ကြောင်း သိရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့