..............................

Thursday, April 19, 2012

ဝန်ကြီး ဦးအောင်မင်း၏ နော်ဝေ ခရီးစဉ် အတိုင်းထက်အလွန် အောင်မြင်ဟုဆို

မျိုးသန့်
ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁၈ ရက် ၂၀၁၂

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာအစိုးရ ဝန်ကြီးတဦး၏ ပထမဆုံးသော နော်ဝေနိုင်ငံ ခရီးစဉ်အဖြစ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ရထားဝန်ကြီး ဦးအောင်မင်း နော်ဝေ အစိုးရ ဝန်ကြီးများနှင့် အော်စလိုမြို့သို့ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ရာ အလွန်အောင်မြင်သည့် ခရီးစဉ် ဖြစ်ခဲ့သည်ဟု ခရီးစဉ်အတွင်း လိုက်ပါသွားခဲ့သူ ဒေါက်တာ ကျော်ရင်လှိုင်က ပြောသည်။

ဦးအောင်မင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Jonas Gahr Støre နှင့် ဒေသတွင်း ဖွံ့ဖြိုးရေးဝန်ကြီး Liv Signe Navarsete တို့နှင့် အင်္ဂါနေ့က တွေ့ဆုံရာတွင် မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ စစ်ပြေးဒုက္ခသည် အရေးတို့တွင် နော်ဝေမှ အဓိကထား ကူညီသွားမည်ဖြစ်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ တွင် ကူညီမှုများ ပြုလုပ် သွားနိုင်ရန် ဆွေးဆွေး ခဲ့ကြသည်ဟုလည်း ဒေါက်တာ ကျော်ရင်လှိုင်က မဇ္ဈိမကိုပြောသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ဦးအောင်မင်း နှင့်အတူ ငြိမ်းချမ်းရေးအကျိုးဆောင်များ ဖြစ်ကြသည့် ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင် တို့အပါအဝင် ကိုယ်စားလှယ် ခြောက်ဦး လိုက်ပါသွားခဲ့ကြသည်ဟု သိရသည်။

ဗုဒ္ဓဟူးနေ့တွင်လည်း နော်ဝေနိုင်ငံရှိ NGO များမှ တာဝန်ရှိသူများနှင့် မြန်မာကိုယ်စားလှယ် အဖွဲ့တို့ ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် အကူအညီ ပေးနိုင်ရန် ဆွေးနွေးလျက် ရှိသည်။ မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ပြန်လာကြမည် ဖြစ်သည်။

နော်ဝေ အစိုးရ ဝန်ကြီးများနှင့် မြန်မာကိုယ်စားလှယ်တို့ ဆွေးနွေးခဲ့သည်များနှင့် ခရီးစဉ် အကြောင်းကို သိရှိနိုင်ရန် ဒေါက်တာ ကျော်ရင်လှိုင် အား မဇ္ဈိမ သတင်းထောက် မျိုးသန့် က မေးမြန်းထားသည်။

ဆွေးနွေးပွဲမှာ ဆရာတို့ ဘာတွေ ဆွေးနွေးခဲ့တယ်၊ နော်ဝေအစိုးရဘက်က ဘာတုန့်ပြန်တယ်ဆိုတာ ပထမဆုံး သိချင်ပါတယ်။


“နော်ဝေအနေနဲ့ကတော့ အစိုးရကို သူတို့အနေနဲ့ တတ်နိုင်တဲ့ဘက်က ထဲထဲဝင်ဝင် ကူညီပေးချင်တယ်ပေါ့။ သူတို့ ကတော့ ငြိမ်းချမ်းရေးကို ဦးဆောင်နေတဲ့ ဝန်ကြီး ဦးအောင်မင်းကို သူတို့က သေသေချာချာ ပြောတယ်။ ဦးအောင်မင်း ကလည်း စစ်ပြေး ဒုက္ခသည်တို့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအတွက်ကို အကူအညီတွေ အများကြီးလိုမှာ ဆိုတဲ့ အခါကျတော့ ကိုယ်တိုင် လာပြီးတော့ လိုအပ်မယ့် အကူအညီတွေကို ရှင်းပြတာပါ။ ကျနော်တို့ အဓိကပြောဖြစ် တာကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ Peace Process တွေကို အဓိက ပြောဖြစ်ပါတယ်။ နော်ဝေက အခုဆိုရင် မြန်မာနိုင်ငံ အပေါ်ကို ထားတဲ့ စီးပွားရေး ပိတ်ဆို့မှု အကုန်လုံးလောက် နီးပါးပေါ့လေ ရုတ်သိမ်း ပေးလိုက်တယ်။”

မြန်မာဘက်ကတော့ ဦးအောင်မင်း ဦးဆောင်တယ်ပေါ့။ နော်ဝေဘက်ကကော ဘယ်သူတွေ ပါပါသလဲ။ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ဖို့ အတွက် တခြား ဆွေးနွေးမှုတွေ ရှိခဲ့သေးလား။

“ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း တွေ့တယ်၊ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးနဲ့လည်း မနေ့က တွေ့ဖြစ်တယ်ပေါ့။ တနေ့ညမှာ တုန်းကတော့ နိုင်ငံခြားရေး ဝန်ကြီး၊ ဒုဝန်ကြီး၊ ဖွံ့ဖြိုးရေးဝန်ကြီး ဒုဝန်ကြီးတို့နဲ့ တွေ့ဖြစ်ပါတယ်။ နော်ဝေနဲ့ မြန်မာနိုင်ငံနဲ့က နော်ဝေ ဘက်ကသာ လာတာရှိတယ်။ မြန်မာနိုင်ငံဘက်က အစိုးရလူကြီး တယောက်အနေနဲ့ ဒါဟာ ပထမဆုံး အကြိမ် လာလည်တဲ့ အကြိမ်လည်း ဖြစ်ပါတယ်။ ဦးအောင်မင်းကလည်း ပြောပြပါတယ်၊ သမ္မတကြီး အနေနဲ့ လည်း အဲဒါတွေကို ဖြစ်စေချင်တဲ့ အတွက် သူ့ကို တာဝန်ပေးပါတယ် ဆိုတဲ့အကြောင်း ပြောပါတယ်။”

ဆရာတို့ ခရီးစဉ်အတွင်းမှာပဲ နော်ဝေက ပိတ်ဆို့မှုတချို့ ရုတ်သိမ်းကြောင်း ကြေညာတယ်။ ဆရာတို့ ခရီးစဉ်နဲ့ ဘယ်လို ပတ်သက်မှု ရှိပါသလဲ။

“နော်ဝေ နိုင်ငံခြားရေးဝန်ကြီးကလည်း ဦးအောင်မင်းကို ပြောပါတယ်။ သူတို့ ဒီလိုလုပ်ဖို့ အစီအစဉ် ရှိထားပြီးသား။ ဒါပေမယ့် အဲဒီဟာကို နော်ဝေနိုင်ငံကို ဝန်ကြီးဦးအောင်မင်း လာလည်တာကို ကြိုဆိုဂုဏ်ပြုတဲ့ အနေနဲ့ ဝန်ကြီးရောက်တဲ့ နေ့ပေါ့။ ရောက်ပြီး ၆ နာရီ ဝန်းကျင်လောက် အကြာမှာ နိုင်ငံခြားရေး ဝန်ကြီး ကိုယ်တိုင် ပိတ်ဆို့မှု ရုပ်သိမ်းကြောင်း ကြေညာပါတယ်။ နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးကလည်း ပွင့်ပွင့်လင်းလင်းကို ပြောပါတယ်။ ဝန်ကြီးလာမယ့်နေ့ကို တမင်လုပ်တာပါလို့ ပြောပါတယ်။”

ပိတ်ဆို့မှု ရုပ်သိမ်းရတဲ့ အကြောင်းရင်းကကော ဘာဖြစ်မလဲ။

“မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်တာတွေ အားလုံးကိုလည်း သူတို့ အသိအမှတ် ပြုတယ်။ ဦးအောင်မင်းနဲ့ အစိုးရ အဖွဲ့ဝင် လူကြီးတွေ၊ အစိုးရအဖွဲ့ဝင်တွေ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက် နေတာကိုလည်း အားရတယ်ပေါ့။ ကြိုဆိုတယ်ပေါ့။ ဒါတွေအတွက်ကို အသိအမှတ်ပြုတဲ့ အနေနဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်း ပေးတယ်ပေါ့။ ရှေ့ဆက်ပြီးတော့ ရင်းနှီး မြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ အစိုးရ အတွင်းမှာရှိတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့နေရာတွေမှာ သူတို့ တတ်နိုင်တာ တွေကိုဝင်ပြီး ကူညီပေးဖို့အတွက် လုပ်မယ်လို့လည်း ပြောပါတယ်။”

ခုနပြောတဲ့ ငြိမ်းချမ်းရေး ကိစ္စ၊ စစ်ပြေးဒုက္ခသည်တွေကိစ္စ နော်ဝေက ဘယ်လိုကူညီဖို့ရှိလဲ ခင်ဗျာ့။


“အခုလောလောဆယ် ကျနော်တို့ ငြိမ်းချမ်းရေးတွေ လုပ်နေကြတယ်။ စစ်ပြေး ဒုက္ခသည်တွေ ပြန်ခေါ်ဖို့ကိစ္စ ရှိတယ်ပေါ့။ အစိုးရ ဘက်ကလည်း တတ်နိုင်သလောက် လုပ်မယ်ဆိုပေမယ့် ကျနော်တို့ တိုင်းပြည် အခြေအနေအရ ဘဏ္ဍာရေး လိုအပ်ချက်တွေ ရှိနေတဲ့ အခါကျတော့ နော်ဝေ အနေနဲ့ ဘယ်လို ကူညီပေးမလဲ ဆိုတောတွေ ဆွေးနွေး ကြပါတယ်။ နောက်ပြီး နော်ဝေက ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အတွေ့အကြုံတွေ အများကြီးရှိတော့ ဘယ်လို အကောင်းဆုံးဖြစ်မယ် ဆိုတဲ့ဟာကို အစိုးရနဲ့ ပေါင်းပြီးတော့ Road Map တခုကို လုပ်မယ်ဆိုတာလည်း ဆွေးနွေးကြတာ တွေ့ရပါတယ်။ ရေတို လုပ်ငန်းကတော့ စစ်ပြေး ဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ လုပ်တော့မယ်။ ရွာတွေ ပြန်ဆောက်ဖို့ သူတို့အတွက် နေရာထိုင်ခင်း အဆင်ပြေဖို့ အတွက် စားဝတ်နေရေး အဆင်ပြေဖို့၊ အလုပ်တွေ ဘာတွေ ခေါ်ဖို့ အကူအညီပေးဖို့အတွက် သဘောတူညီချက်တွေ ရထားပြီးပါပြီ။”

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီးတော့ကော ဆွေးနွေးမှုတွေ ရှိသေးလား။


“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ အခွန်တွေ ဘာတွေ ကောက်မယ်ဆိုရင် ဘယ်လိုပုံစံနဲ့ ကောက်သင့် သလဲ။ အခွန်နဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲဖို့ တည်ဆောက်ရေး လုပ်ငန်းတွေ၊ ဆက်သွယ်ရေး လုပ်ငန်းတွေ၊ ခရီးသွား လုပ်ငန်းတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အနေနဲ့ တိုင်းပြည် အခြေအနေနဲ့ ဒေသတွင်း အခြေအနေကို ကြည့်ပြီးတော့ ဘယ်လို လုပ်မလဲ ဆိုတာကို သူတို့ ဘက်ကလည်း အကြံပြုချက်တွေ ပေးမယ်လို့လည်း ပြောပါတယ်။”

ဒါတွေကတော့ သူ့ဘက်က ပေးမှာတွေပေါ့လေ။ ကိုယ့်ဘက်က ပြန်ပေးရတာကော မရှိနိုင်ဘူးလား။


“နော်ဝေ ဝန်ကြီး နှစ်ပါးလုံး ပြောတဲ့အထဲမှာ ကောင်းတဲ့အချက်က ဘာလဲဆိုတော့ သူတို့က သူငယ်ချင်း တယောက် အနေနဲ့ အတွေ့အကြုံကို ဖလှယ်မယ်၊ ဝေမျှမယ်၊ မြန်မာအစိုးရ ဘက်က တောင်းဆိုလာတဲ့ အကြံဉာဏ်တွေကို သူတို့ဘက်က တတ်နိုင်သလောက် ကူညီမယ်ပေါ့။ ဟိုတုန်းက အနောက် နိုင်ငံကြီးတွေက ကူညီကြပြီ ဆိုရင် နိုင်ငံငယ်တွေ အပေါ်မှာ သူတို့ ဖြစ်စေချင်တာတွေကို ဇွတ်အတင်း လုပ်ခိုင်းတာတွေကို နော်ဝေက ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးဆိုတာလည်း ပြောသွားပါတယ်။”

ဆရာ ခုနပြောတဲ့ တည်ဆောက်ရေး လုပ်ငန်းတွေ၊ ဆက်သွယ်ရေး လုပ်ငန်းတွေ၊ ခရီးသွား လုပ်ငန်း တွေကကော ဘယ်တော့လောက် အကောင်အထည် ဖေါ်ဖို့ ရှိလဲ။


“အသေးစိတ်ကတော့ ကျနော်တို့ ဒီမှာ ဆွေးနွေးဖို့ အချိန်မရှိဘူးလေ။ ရင်းနှီးမြှုပ်နှံမှုတွေ အတွက် အကောင်းဆုံး ဘယ်လို လုပ်ရမလဲ ဆိုတာကို ဦးစားပေးပြီးတော့ လုပ်မလဲ ဆိုတာမျိုးကိုပဲ ပြောပါတယ်။ သူတို့ ရှေ့ဆက်ပြီးတော့ ဘယ်လိုလုပ်မလဲ ဆိုရင်တော့ မြန်မာပြည်မှာ ရှိပြီးသား စနစ်တွေကို ဘယ်လို ကောင်းအောင်လုပ်မလဲ ဆိုတာမျိုးတွေ ကိုတော့ သူတို့ အကြံပေးဖို့ရှိတယ်။ သူတို့ရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ကိုယ်စားလှယ်တွေကို မြန်မာနိုင်ငံကို လွှတ်ပြီးတော့ ဆွေးနွေး တိုင်ပင် ကြပါလိမ့်မယ်။ တချို့ ဟာတွေက ကျနော်ပြောရတာခက် သူတို့ Date တွေ ဘာတွေတော့ ပြောနေပြီ ဒါပေမယ့် သေသေချာချာ ချမှတ်ထားတာ မဟုတ်တဲ့ အတွက် ကျနော် မပြောချင်ဘူး။ ဒါပေမယ့် ပြောနိုင်တာ တခုက သူတို့ အမြန်ဆုံး ဆက်ပြီး ဆောင်ရွက်နိုင်အောင် သူတို့ လုပ်ကြလိမ့်မယ်။ နော်ဝေက ဝန်ကြီးတွေ ကလည်း မကြာခင်အချိန်မှာ မြန်မာနိုင်ငံကို သွားနိုင်အောင် သူတို့ ကြိုးစားမယ် ဆိုပြီးတော့ ပြောလာပါတယ်။”

မြန်မာ ကိုယ်စားလှယ်အဖွဲ့ကကော ဘာတွေ တင်ပြခဲ့ပါသေးလဲ။
“ကျနော်တို့ဘက်ကတော့ ဒီအချိန်မှာ အစိုးရက ပြုပြင်ပြောင်းလဲမှုတွေကို လုပ်နေတယ်။ နော်ဝေလို နိုင်ငံမျိုးက စီးပွားရေးလည်း အရမ်းကို အောင်မြင်နေတယ်။ ပို့ဆောင်ရေး လုပ်ငန်းတွေလည်း အရမ်းကို စနစ်တကျနဲ့ သွားနေ တယ်။ ထိုနည်းတူစွာပဲ တည်ငြိမ်တဲ့ ဒီမိုကရေစီ နိုင်ငံတတခု ဖြစ်တဲ့ အခါကျတော့ မြန်မာနိုင်ငံ အနေနဲ့ နော်ဝေနိုင်ငံ ဆီကနေ သင်ခန်းစာတွေ အများကြီး ယူလို့ရမယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီးနဲ့ လုပ်ပေးဖို့ အဓိကထား ပြောပါတယ်။ နော်ဝေအနေနဲ့ မြန်မာနိုင်ငံကို တခြားနိုင်ငံတွေက ဘယ်လိုကူညီသင့်တယ်ဆိုတာကို ဝိုင်းပြောပေးဖို့ ပြောပါတယ်။”

နော်ဝေက မြန်မာနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ဆရာပြောခဲ့တာ ရှိတယ်။ ဆိုတော့ ဒါကိုကော ဘယ်လို ဆက်လုပ် သွားမလဲ။

ဒါတွေအားလုံးကို အဆင်ပြေနိုင်ဖို့ မြန်မာနိုင်ငံမှာ သံရုံးအကြီးတော့မဟုတ်သေးဘူး ယာယီသံရုံးတခု စပြီး ဖွင့်တော့မယ်။ အဲဒါမျိုး သူတို့လုပ်ဖို့ ဆုံးဖြတ်ပြီးသွားပါပြီ။ ဦးအောင်မင်းကို ပြောပြီးပါပြီ။ တဖြည်းဖြည်းနဲ့တော့ ဆက်ဆံရေးက ပိုပြီးမြင့်လာဖို့ အလားအလာတွေ ရှိတာပေါ့။

ဆရာတို့ ခရီးစဉ် အောင်မြင်တယ်လို့ ပြောနိုင်မလား။


“အတိုင်းထက်အလွန်ပါပဲခင်ဗျာ့။ ကျနော်တို့ ရောက်လာတယ်။ ကျနော်တို့က ငြိမ်းချမ်းရေး ကိုယ်စားလှယ် အနေနဲ့ အခုကလည်း ငြိမ်းချမ်းရေး ကိစ္စတွေကို ဆွေးနွေးမှာ ဆိုတော့ ကျနော် လိုက်လာဖြစ်တာပါ။ အရင်တုန်းက ဆိုရင်တော့ ဒီလို ခရီးစဉ်မျိုးကို ကျနော် ကိုယ့်ဟာကိုယ် လာဖူးပါတယ်။ အဲဒီအခါတွေမှာ ကြည့်လိုက်ရင် ပွင့်ပွင့်လင်းလင်း ပြောရရင် မျက်နှာငယ်ရတဲ့ အပိုင်းပေါ့။ ဒါပေမယ့် အခုကျတော့ ပြောင်းပြန် ဖြစ်သွားပြီ။ ကျနော်တို့ မြန်မာနိုင်ငံက အစိုးရလူကြီး တယောက်နဲ့ စကားပြောခွင့်ရတယ် ဆိုတာကိုတည်းက သူတို့က ဂုဏ်ယူစရာ ဖြစ်နေတယ်။ NGO ခေါင်းဆောင်တွေက အစပေါ့။ သမ္မတကြီးကော ဘယ်တော့ လာမှာလဲ။ ဒါမျိုးတွေက အစ သူတို့ မေးလာကြတယ်။ အန်တီ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူတို့ ဖိတ်ချင်တယ် ဒါမျိုးတွေ ပြောတယ်။ ဟိုတုန်းက ပြောတယ်ဆိုရင် အန်တီ့ အကြောင်းကိုပဲ အဓိက ထားပြီးပြောတယ်။ အစိုးရ အကြောင်းကို ဘယ်သူမှလည်း မပြောချင်ဘူး။ အခုက မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တွေပဲ ဆိုပြီးတော့ အားလုံး အုပ်စုတစုထဲမှာ ထားပြီးတော့ ပြောတာ တွေ့ရတဲ့ အတွက်
နိုင်ငံရဲ့ Image ဟာ တော်တော်ကြီးကို ကောင်းလာတယ်။ မြန်မာဆိုတာ ဖြစ်ရတာ မျက်နှာငယ်စရာ မရှိတော့ဘူး ဆိုတဲ့ ဟာကို သူတို့အနေနဲ့ ကွက်ကွက်ကွင်းကွင်း မြင်တဲ့အတွက် အဲဒါကိုတော့ အောင်မြင်မှုတခုလို့ ကျနော် မြင်ပါတယ်။”

“ရေရှည်မှာ ကျနော်တို့ တိုင်းပြည် ပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့အခါမှာ လိုအပ်မယ့် အကူအညီ တွေကတော့ နော်ဝေလို နိုင်ငံကနေ ရဖို့ဆိုတာကတော့ တော်တော်ကြီး သေချာသလောက် ရှိပါတယ်။”

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့