..............................

Thursday, December 6, 2012

သံဃာတွေ ထိုင်သပိတ်စတင်ဆင်နွှဲမည်

2012-12-06

လက်ပန်းတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့ အတွက် သံဃာတွေဟာ မနက်ဖြန် ဒီဇင်ဘာလ ၆ ရက်နေ့မှာ မြို့အတော်များများမှာ ထိုင်သပိတ်မှောက် ဆန္ဒပြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီတစ်ကြိမ်ပြုလုပ်မယ့် သံဃာ့သပိတ်ဟာ ပြီးခဲ့တဲ့သပိတ်တွေနဲ့မတူဘဲ၊ သံဃာတွေ တောင်းဆိုတဲ့အချက် ၅ ချက်ကို အစိုးရက ချက်ချင်း အကောင်အထည်ဖော်ပေး ရမယ်လို့ တောင်းဆိုမှာဖြစ်ပါတယ်။

တကယ်လို့ အစိုးရက ပျက်ကွက်မယ်ဆိုရင် အဲဒီ သံဃာ့ထိုင်သပိတ်ကိုအရှိန်မြှင့်ပြီး ရက်ရှည်ပြုလုပ်ဖို့ ရှိတယ်လို့ အဲဒီ့ သပိတ်ရဲ့ ဦးဆောင် သံဃာတော်တစ်ပါးဖြစ်တဲ့ မန္တလေး၊ မဟာဂန္ဓာရုံကျောင်းတိုက် ဘဝအလင်း ဆရာတော် ဦးသောဘိတက RFA ကို မိန့်ကြားပါတယ်။

မနက်ဖြန် ဒီဇင်ဘာလ ၆ ရက်နေ့မှာ စတင်မယ့်သံဃာ့သပိတ်ကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး ၊စစ်ကိုင်း၊ ချောက်၊ ပခုက္ကူ၊ မိတ္ထီလာနဲ့ ဝါးခယ်မမြို့တွေမှာ ကျင်းပမှာလို့ ဆိုပါတယ်။

မနက်ဖြန်ပြုလုပ်မယ့် သံဃာ့ထိုင်သပိတ်မှာ ကိုင်ဆွဲတောင်းဆိုမယ့် အချက်ငါးချက်အကြောင်းနဲ့ ပတ်သတ်ပြီး ဘဝအလင်း ဆရာတော် ဦးသောဘိတက အခုလို မိန့်ကြားပါတယ်။

"အောက်ပါအချက် ၅ ချက်က (က) နိုင်ငံတော်အစိုးရနဲ့ အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရသော သံဃာတော် များကို အမြန်ဆုံး လာရောက် ဝန်ချတောင်းပန်ရန် (ခ) အကြမ်းဖက်နှိမ်နင်းမှုတွင် တာဝန်ရှိသော သူများအား ထိရောက်စွာ အရေးယူပေးရန် (ဂ) ကြေးနီ စီမံကိန်းနဲ့ ပတ်သက်ပြီး ဖမ်းဆီး ထားသူများကို ချက်ခြင်းပြန်လွှတ်ရန် (ဃ) ကြေးနီစီမံကိန်းကို ဒေသခံများနဲ့ပြည်သူများ လက်ခံနိုင်အောင်ဆောင်ရွက်ပေးရန် (င) ဒီမိုကရေစီ အစိုးရစစ်စစ် ပေါ်ပေါက်လာဖို့နဲ့ နောက်နောင်တွင် အခုကဲ့သို့ အကြမ်းဖက်မှု မပေါ်ပေါက်စေရန် လွှတ်တော်များနဲ့ အစိုးရ အဖွဲ့များတွင် ပါဝင်လျက်ရှိသော တပ်မတော်သားများ အမြန်ဆုံးနုတ်ထွက်ပေးရန်၊ အထက်မြန်မာပြည် သံဃာတော်များ"

နိုဝင်ဘာလ ၂၉ ရက်နေ့ မနက် ၂ နာရီခွဲလောက်မှာ လက်ပန်းတောင်းတောင် သပိတ်စခန်းတွေကို လုံခြုံရေး တပ်တွေက အင်အားသုံး အကြမ်းဖက် ဖြိုခွဲခံရပြီးနောက် ကန့်ကွက်ရှုံ့ချ ဆန့်ကျင်ပွဲတွေဟာ မြန်မာနိုင်ငံဒေသ အချို့မှာ တစ်ခုပြီး တစ်ခု ပေါ်ပေါက်နေခဲ့တာဖြစ်ပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့