..............................

Monday, September 17, 2012

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် စတင်

2012-09-16

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမြင့်ဆုံး ဆုတံဆိပ်ဖြစ်တဲ့ ကွန်ဂရက်ရဲ့ ရွှေတံဆိပ်ဆုကို လက်ခံ ရယူဖို့အတွက် ဒီကနေ့ ည (၇) နာရီ မိနစ် (၄၀) မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာ သွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၁၆) ရက်ကြာ အမေရိကန် ပြည်ထောင်စုခရီးစဉ်အတွင်း နာမည်ကျော် တက္ကသိုလ်တွေကို သွားရောက် လေ့လာဖို့ ရှိတဲ့ အပြင် မြန်မာမိသားစု အသိုင်းအဝိုင်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။

"မနက်ဖြန် ဝါရှင်တန် ဒီစီရောက်မယ်။ ကွန်ဂရက် လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆုယူမယ်။ နောက်တခြား ဆုတွေလည်း ယူမယ်။ Yale တက္ကသိုလ် သွားမယ်။ Harvard တက္ကသိုလ် သွားမယ်။ ဒေါ်အောင်ဆန်းစုကြည်က Miss Clinton တို့၊ President Obama တို့နဲ့တွေ့မယ်လို့တော့ ကျွန်တော်တို့ ယူဆတယ်"

ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သူမရဲ့ ကိုယ်ရေး အရာရှိ ဒေါက်တာတင်မာအောင်၊ ရုံးအဖွဲ့မှူး ကိုဇော်မင်းဦးနဲ့ နေပြည်တော် ပုဗ္ဗ္ဗသီရိမြို့ နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော်တို့ လိုက်ပါ သွားကြပါတယ်။

ဒီကနေ့မှာပဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း အပါအဝင် လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌတွေဟာ သြစတေးလျနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့ကို လေ့လာဖို့ အတွက် ၉ ရက်ကြာ ခရီးကို စတင် ထွက်ခွာ သွားပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့