..............................

Friday, September 21, 2012

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် ကချင်ဒေသ စစ်ပွဲများ အပိုင်း - ၂

မောင်ထက်မွန်
သြဂုတ်လ ၂၁ ရက် ၂၀၁၂ ခုနှစ်

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာအစိုးရ သမတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ ၀ါရှင်တန်မှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေဟာ မေရီလန်းပြည်နယ် ရော့ဘေးမြို့က ခန်းမ တခုမှာ ၁၉ ရက်နေ့ ညပိုင်းက တွေ့ဆုံ ခဲ့ကြပါတယ်။

ဝန်ကြီး ဦးအောင်မင်းက မြန်မာနိုင်ငံမှ သမတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့အတွင်း အပြန် အလှန် နားလည်မှု မရှိ၊ ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့် လုပ်ရ ကိုင်ရ ခက်ခဲရတဲ့ အခြေအနေတွေကို ပြောပြ သွားခဲ့ပါတယ်။

“ ကျနော်တို့တွေ ဒီပွဲ သိပ် ကြည့်မကောင်းဘူး။ ဒီ Team Work ဒီ Team ရဲ့ ဒီဘောလုံး အသင်းကြီးနဲ့၊ မကောင်းတဲ့ အသင်းကြီးနဲ့ ဘော်လုံး ဆက်ကန်ရင်တော့ ရှုံးဖို့ဘဲ များတယ်။ ဆိုတော့ ကျနော်တို့ကို Team ကို ပြောင်းပေးပါ။ ဒါမှ မဟုတ်ရင်လည်း ကျနော်တို့ ထွက်မယ်။ ဒီလိုဘဲ ပြောတော။့ သမတကြီးက မဟုတ်ဘူး။ မင်းတို့ ထွက်တာတော့ ငါတို့ ခွင့်မပြုဘူး။ မင်းတို့ ငါတို့ကို ၀ိုင်းလုပ်ပေးရမယ်။ ဘာလုပ်ရမယ် ဆိုတာလဲ မင်းတို့က သေချာ အစီအစဉ်ဆွဲ၊ ဆွဲပြီးတော့ လုပ်ကြရအောင် ဆိုပြီးတော့၊ ကျနော်တို့ အဲ့ဒီ့က စပြီးတော့ ကျနော်တို့ လုပ်ကြတယ်။

ကျနော်က ထွက်စာ သုံးကြိမ်တင်ပြီးပြီဗျ။ အဲ့ဒီ့ သုံးကြိမ်တင်တဲ့အခါမှာ သမတကြီးက ငါထွက်မှ မင်းတို့ ထွက်ရမယ် ဆိုတဲ့ အခါကြတော့လည်း ဆက်နေတဲ့ သဘောဘဲ။ တချို့ကလည်းပြောတယ် ကျနော်တို့ကိုလေ။ ဟာ မင်းတို့ သမတရုံး ရောက်သွားပြီ၊ လုပ်ပိုင်ခွင့် မရှိတော့ဘူး။ လိုအပ်တာ ရှိရင် ငါတို့ကို ပြောပါ။ ငါတို့ ၀ိုင်းလုပ်ပေးမယ်။ ဆိုပြီးတော့လည်း တချို့ သူငယ်ချင်းတွေက ကျနော်တို့ကို သနားလို့ ပြောကြတယ်။” လို့ ဦးအောင်မင်းက ဆိုပါတယ်။

သမတရုံးဝန်ကြီးဌာန ဝန်ကြီးတဦးလည်း ဖြစ်ပြီး၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးအောင်မင်း ကို မကြာသေးမီ ရက်ပိုင်း အတွင်းက နေပြည်တော်မှာ ဧရာဝတီ မဂ္ဂဇင်းက တွေ့ဆုံမေးမြန်းရာမှာလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဦးအောင်မင်း က အခုလို ပြောခဲ့ပါသေးတယ်။

“ ဒီ Peace Process လုပ်တဲ့အခါမှာ အချက် ၆ ချက်နဲ့ ကိုက်ညီဖို့ လိုတယ်။
နံပါတ် (၁) အချက်က နိုင်ငံတော်ကို ခေါင်းဆောင်တဲ့ သမ္မတကြီး ကိုယ်တိုင်က ဒါကို လိုလို လားလားနဲ့ လုပ်ချင်တဲ့စိတ် ရှိဖို့ လိုတယ်။ နံပါတ် (၂) ပြည်သူလူထု သန်း ၆၀ ကလည်း ဒါကို လိုလိုလားလား ရှိရမယ်။ လွှတ်တော်လည်း ပါတယ်။ နံပါတ် (၃) တိုင်းရင်းသားတွေ ကိုယ်တိုင် ကလည်း ငြိမ်းချမ်းရေး လိုချင်တဲ့စိတ် ရှိရမယ်။ နံပါတ် (၄) သူတို့နဲ့ ရင်ဆိုင်နေတဲ့ တပ်ကလည်း ငြိမ်းချမ်းရေးကို လိုလိုလားလားနဲ့ လိုချင်တဲ့စိတ် ရှိရမယ်။ နံပါတ် (၅) နိုင်ငံတကာကလည်း ထောက်ခံအားပေးမှု လိုအပ်တယ်။ နံပါတ် (၆) Player တွေ ကောင်းဖို့ လိုတယ်။ Player တွေကတော့ ကျနော်တို့ပေါ့ဗျာ။ ” လို့ ပြောဆို သွားခဲ့ပါတယ်။

အခုလို ဦးအောင်မင်းရဲ့ ပြောဆိုမှုတွေကို သုံးသပ်ကြည့်ရင် သမတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့ အတွင်း ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့် ဟန်ချက်ပျက်နေတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတာကို ထင်ထင် ရှားရှား မြင်တွေ့နိုင်သလို။ တပ်မတော် အနေနဲ့ ငြိမ်းချမ်းရေးကို လိုလိုလားလား ရှိဖို့နဲ့ ၂၀၁၁ အောက်တိုဘာ (၁၀) ရက်နေ့က သမတ ဦးသိန်းစိန် ညွှန်ကြားတဲ့ အမိန့်ကို တိတိကျကျ လိုက်နာပြီး ကချင်ဒေသမှာ ဖြစ်ပွါးနေတဲ့ တပ်မတော်ရဲ့ ထိုးစစ်တွေကို ချက်ချင်း ရပ်ဆိုင်းပစ်ဖို့ လိုကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။

“ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့” ဖြစ်တဲ့ ဒီကနေ့ စက်တင်ဘာ ၂၁ ရက်နေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက “တနိုင်ငံလုံး စစ်ပွဲရပ်” ဆိုတဲ့ လှုပ်ရှားမှုကို ပြည်တွင်းစစ် ရပ်တန့်ပြီး၊ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး၊ ငြိမ်းချမ်းရေးကို လက်တွေ့ အကောင်အထည် ဖော်ရေးတို့အတွက် ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ခေတ်ရဲ့ လူငယ်တွေ အပါအ၀င် ပြည်သူလူထုကြီးဟာ ငြိမ်းချမ်းရေး ဆာလောင်နေကြပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပြည်တွင်းစစ် မီးလျှံအောက် ကျရောက်နေခဲ့တာ နှစ်ပေါင်း(၆၄) နှစ် ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့အတွက် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေ ပေါ်ပေါက် ခဲ့ဖူးပါတယ်။ သမိုင်းဆိုင်ရာ အချက် အလက်တွေကို ပြန်လေ့လာကြည့်တဲ့ အခါ ဆရာကြီးဦးဆောင်တဲ့ ပထမ ပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့ (၈) ဦးကော်မတီ အနေနဲ့ မြန်မာပြည် အရပ်ရပ်ကို လှည့်လည် စည်းရုံးကြရာမှာ တနိုင်ငံလုံး ချိမ့်ချမ့်သဲ ငြိမ်းချမ်းရေး ဆန္ဒတွေနဲ့ တုန်ဟီးစေခဲ့ ပါတယ်။ ၁၉၅၇ -၅၈ ခုနှစ်တို့မှာ တိုင်းပြည်အနှံ့ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုကြီး ကြီးထွား အုံကြွလာပါတယ်။ အထူးခြားဆုံးမှာ (၁၈. ၃. ၅၈) ရက်နေ့မှာတော့ တနေ့တည်း၊ တရက်တည်း၊ တချိန်တည်းမှာ တပြိုင်နက်တည်း တပြည်လုံးရှိ ခရိုင်၊ မြို့နယ် အသီးသီးမှာ ကျင်းပပြုလုပ်ကြတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဆန္ဒပြပွဲကြီးပင် ဖြစ်ပါတယ်။ တတိုင်းပြည်လုံးရှိ လူထုရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး တောင်းဆိုသံတွေ ဘ၀ဂ်ညံခဲ့တယ်လို့ ဆိုရပါမယ်။

၁၉၅၈ ခုနှစ်၊ အောက်တိုဘာလမှာ ဗိုလ်နေ၀င်း ဦးဆောင်တဲ့ ပထမ အကြိမ် စစ်အာဏာ သိမ်းမှုကြီး ပေါ်ပေါက် လာခဲ့ပြီး နောက်မှာတော့ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားမှုများ ခက်ခဲလာပြီး၊ ၁၉၅၉ ခုနှစ်မှာ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ (၈) ဦးကော်မတီကို ဖျက်သိမ်းပစ်ခဲ့ရပါတယ်။

“ ဆရာ မသေခင် တိုင်းပြည်မှာ ငြိမ်းချမ်းရေး ရတာ မြင်သွားချင်တယ် ” လို့ အကြိမ်ကြိမ် မြွက်ကြားခဲ့တဲ့ ဆရာကြီး ခမျာ၊ ၁၉၆၄ ခုနှစ်မှာ ဆုံးပါးသွားချိန် အထိ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဲ့ အရိပ်အယောင်ကိုတောင် မြင်မသွားခဲ့ရ ရှာတဲ့ အဖြစ်ဟာ တိုင်းပြည်နဲ့ တမျိုးသားလုံးအတွက် ကျေကွဲစရာ ဖြစ်ရပ်တခု ပါဘဲ။

သွားလေသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထားရစ်ခဲ့တဲ့ ကတိစကားတွေကြောင့် ကချင်ဒေသတွင်းက တရုပ် စီးပွါးရေးလုပ်ငန်းတွေရဲ့ လုံခြုံမှု အာမခံချက် တခုတည်းအတွက် ကချင်ဒေသမှာ အောက်ခြေ တပ်မတော်သားတွေရဲ့ အသက်တွေ စတေးပြီး၊ ကာချုပ် ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ရင်ဆိုင်နေတဲ့ စစ်ပွဲတွေကို အခုလို တတိုင်းပြည်လုံး ငြိမ်းချမ်းရေး လိုလားတောင့်တ နေချိန်မှာ ရပ်ဆဲသင့်ပြီ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

အပိုင်း (၁) ဖတ်ရန်

0 comments:

အပေါ်သို့