..............................

Tuesday, September 18, 2012

နိုင်ငံရေး အာဏာလုပွဲ အလားအလာများ

မင်းဝဏ်
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်၊ အင်္ဂါနေ့၊


စက်တင်ဘာလ ၁၅ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ကို လွှတ်တော် ဝန်းသဘင် ဆောင်မှာ ဒုတိယ အကြိမ်အဖြစ် ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ အစိုးရသစ် လက်ထက်မှာ မနှစ်ကပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်း အနား မှာတော့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက “ကျွန်တော်ဒီမိုကရေစီ ဘက်တော်သား” လို့ ကြွေးကြော် ခဲ့ဖူးပါတယ်။

- အခုလည်း ပြည်ထောင်စုလွှတ်တော်နာယကရာထူးကို ၂ နှစ်ခွဲ ထမ်းဆောင်နေတဲ့ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က “ပြည်သူ့ကိုယ်စား တာဝန်ထမ်းဆောင် နေကြတဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီ ရင်ရေးဆိုင်ရာ မဏ္ဍိုင် အသီးသီးမှ ပုဂ္ဂိုလ်များဟာ ပွင့်လင်း မြင်သာဖို့ လိုကြောင်း၊ ဒီမိုကရေစီနေ့ ဆောင်ပုဒ်ဖြစ်တဲ့ အားလုံးပါဝင် ဆွေးနွေးလျက် - ဒီမိုကရေစီ ဗဟိုချက် အရ နိုင်ငံသား အားလုံး ပါဝင် ဆောင်ရွက်နိုင်ရေး အတွက် ပြည်သူ့ကိုယ်စား တာဝန်ယူ ဆောင်ရွက်ရသူ အသီးသီးက ပွင့်လင်း မြင်သာ ဆောင်ရွက်ကြဖို့ ” ပြောခဲ့ပြီး၊ သူရ ဦးရွှေမန်း ကတော့ “ ပြည်သူ့ဆန္ဒ သဘောထား မပါတဲ့ အမိန့် ညွှန်ကြားချက်နဲ့ ဥပဒေများဟာ ဒီမိုကရေစီ မဟုတ်၊ အာဏာရှင်ဆန်တဲ့ စံနစ် ဖြစ်သွားလိမ့်မယ် ” လို့ ပြောဆို ခဲ့ပါတယ်။

အရင် စစ်အစိုးရ လက်ထက်က စိတ်ဓာတ် စစ်ဆင်ရေး ဌာနမှာ ညွှန်ကြားရေးမှူး ရာထူးအထိ တာဝန် ထမ်းဆောင်ဖူးခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း ဦးခင်အောင်မြင့်နဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ရာထူးအထိ ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း တို့ရဲ့ “ ဒီမိုကရေစီ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံ၊ ပြည်သူ့ဝန်ထမ်း ” စတဲ့ စကားလုံးတွေကို အဲဒီနေ့ အခမ်း အနားမှာ အတော်လေး ဖေါဖေါသီသီ ကြားခဲ့ရပါတယ်။

- လွှတ်တော်ဥက္ကဌတွေက ကြီးမှူး ကျင်းပတဲ့ အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီ နေ့မှာ နိုင်ငံသား တဦးရဲ့ မူလအ ခွင့်အရေး၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ စုဝေးခွင့် ကိစ္စတွေကို အသားပေး ပြောဆိုနေချိန်မှာ လက်ပံ တောင်းတောင် မုံရွာကြေးနီ စီမံကိန်းကို ကန့်ကွက် ဆန္ဒပြသူတွေ၊ လယ်ယာမြေ မတရား သိမ်းဆည်းခံရလို့ ဆန္ဒထုတ်ဖေါ် သူတွေကို အာဏာပိုင်တွေက ဖမ်းဆီး စစ်ကြော နှိပ်ကွပ်မှုတွေ လုပ်နေတာကလည်း ဒီမိုကရေစီ ပန်းတိုင်ဆီ ချီတက်နေတယ် ဆိုတာနဲ့ သဟဇာတ မဖြစ်တဲ့ ကိစ္စတွေပါပဲ။

- ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်က စတင် ကျင်းပခဲ့တဲ့ ပထမ အကြိမ် လွှတ်တော် ပထမ ပုံမှန်အစည်း အဝေးကနေ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၇ ရက်မှာ ပြီးဆုံးခဲ့တဲ့ စတုတ္ထ ပုံမှန် အစည်းအဝေး အထိ ပြည်ထောင်စု လွှတ်တော် ၁၈ လတာ သက်တမ်း ကာလအတွင်း ဥပဒေသစ် ၂၈ ခုသာ ပြဌာန်း နိုင်ခဲ့ပြီး ခေတ်နဲ့ မလျော်ညီတဲ့၊ အာဏာရှင် စံနစ်ကို အထောက်အပံ့ ပေးပြီး ပြည်သူလူထုရဲ့နိုင်ငံသား အခွင့်အရေးတွေကို ပိတ်ပင် ကန့်သတ်ထားတဲ့ ဥပဒေတွေ အများကြီး ကျန်ရှိနေသေးတာ တွေ့ရပါတယ်။ အသစ်ပြဌာန်းတဲ့ ဥပဒေတွေမှာ လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက နည်းဥပဒေတွေ ဆက်လက် ထုတ်ပြန်ဖို့ လိုတာထက် ပိုပြီး အချိန်ကြာ တာ၊ အချို့ ဥပဒေတွေ ဆိုရင် နည်းဥပဒေ ထုတ်ပြန်နိုင်ဖို့ တနှစ်ကျော် ကြာနေတာမျိုးတွေ ရှိနေပါတယ်။

- လွှတ်တော်ကိုယ်စားလှယ်များအတွက် ထောက်ပံ့လစာ၊ လွှတ်တော် အစည်းအဝေး ၄ ကြိမ် အတွက် ကုန်ကျ စားရိတ်များနဲ့ ကြည့်မယ်ဆိုရင် ပြည်သူလူထု အနေနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ခံစားနိုင်ဖို့၊ ဘဝနေထိုင်မှု လုံခြုံရေးနဲ့ သက်သာ ချောင်ချိမှုတွေ ဖြစ်စေဖို့ ဥပဒေများ ပေါ်ထွက်လာတဲ့ ရလဒ်က အတော် နည်းပါသေးတယ်။ “ ပြည်သူ့အသံ လွှတ်တော်အသံ ” ၊ “ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ” ဆိုပြီး ရှေးဟောင်း ကြွေးကြော်သံတွေနဲ့ အချိန် ဆွဲနေမယ့် အစား ပြုပြင်ပြောင်းလဲရေး တကယ်လိုလားရင် နိုင်ငံတော် ဘဏ္ဍာငွေတွေ ကုန်ကျမှုနဲ့ ထိုက်ထိုက် တန်တန် ဖြစ်အောင် လုပ်သွားသင့်ပြီလို့ ဝေဖန်သံတွေ ထွက်လာပြီ ဖြစ်ပါတယ်။ ဒီမိုကရေစီ မြေစမ်း ခရမ်းပျိုး ကာလမှာ မုဆိုးစိုင်သင်- သွားနေရပါတယ် ဆိုတဲ့ ဆင်ခြေမျိုး အစား ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး တလုံး တပါဒမျှ မပြော၊ မလုပ်ခဲ့ပဲ လွှတ်တော်ထဲ ရောက်နေ သူတွေလည်း ဒီမိုကရက်တစ် အမတ်တွေအဖြစ် ကိုယ့်ကိုကိုယ် အပြောင်းအလဲ လုပ်ယူကြမှသာ ဥပဒေပြု လွှတ်တော်တွေက အရွေ့ တကယ်ရှိလာမှာ ဖြစ်ပါတယ်။

- ပထမအကြိမ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး နောက်ဆုံး ရက်တွေမှာ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ဝန်ကြီး အဖွဲ့ အပြောင်းအလဲနဲ့ ပတ်သက်ပြီး လွှတ်တော်ကို အကြောင်းကြား ခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်း ပုံမှာ နိုင်ငံတော် သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့် ဖေါ်ပြချက်ဖြစ်တဲ့ ပုဒ်မ ၂၀၂ (က) (ခ) တို့အရ “ ပြည်ထောင်စု အစိုးရ ဝန်ကြီးဌာန များကို လိုအပ်သလို သတ်မှတ်နိုင်သည်၊ ထို့အပြင် ဝန်ကြီးဌာနများကို ပြင်ဆင် သတ်မှတ်ခြင်း၊ ဖြည့်စွက်ခြင်း ပြုနိုင်သည်။ ပြည်ထောင်စုဝန်ကြီး ဦးရေကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် သတ်မှတ် ဦးရေကို တိုးခြင်း၊ လျှော့ခြင်း ပြုနိုင်သည် ” လို့ ဖေါ်ပြထားတဲ့ အတွက် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်မှာ ကျမ်းကျိန်ခဲ့တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ကို ၁၈ လ အတွင်း လိုအပ်သလို အပြောင်းအလဲ လုပ်ခဲ့တယ် လို့ဆိုရမှာပါ။ လျှပ်စစ် ၁ ဝန်ကြီး ဦးဇော်မင်းနဲ့ ဆောက်လုပ်ရေး ဝန်ကြီး ဦးခင်မောင်မြင့်တို့ နှုတ်ထွက်တာ၊ ရှိနေတဲ့ ဝန်ကြီးတွေကို ဌာနရွှေ့တာ၊ မြန်မာ့ စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို ဖြုတ်တာ၊ လျှပ်စစ် ၁ နဲ့ ၂ ကို တဌာနထဲ အဖြစ် ပေါင်းတာ၊ ဒု-ဝန်ကြီးတချို့ ဝန်ကြီးဖြစ်လာတာ၊ ဒု-ဝန်ကြီး အသစ် ၁၅ ဦးခန့်တာ၊ သမ္မတရုံး ဝန်ကြီးဌာနမှာ ဝန်ကြီး ၆ ဦး ထားလိုက်တာတွေ ဖြစ်ပါတယ်။

- ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရ အဖွဲ့က ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ၊ တနိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသား ရေးရာဝန်ကြီး ၂၉ ဦး အနေနဲ့ အလုပ်အကိုင် မယ်မယ်ရရ မရှိချိန်၊ ဘတ်ဂျက် ခွဲဝေပေးနိုင်မှု ဘယ်ဆီနေမှန်း မသိ ဖြစ်နေချိန်မှာ ဦးသိန်းစိန်က ပြည်ထောင်စု အဆင့် ဝန်ကြီးအဖွဲ့ကို သူ့စိတ်တိုင်းကျ ပြင်လိုက်တာပါ။ ဗဟိုချုပ် ကိုင်မှုလျော့ချရေး၊ ဖွဲ့စည်းပုံနဲ့ အညီ ပြည်နယ်နဲ့တိုင်း ဒေသကြီး အစိုးရတွေကို လုပ်ပိုင်ခွင့် အာဏာ ခွဲဝေပေးရေး တွေက ၂၀၀၈ ဖွဲ့စည်းပုံ စာအုပ်ထဲမှာသာ ဖြစ်နေပြီး လက်ရှိ အခင်းအကျင်းမှာ သမ္မတရဲ့ အာဏာပါဝါ တည်ဆောက်ရေးကို စတင် အရှိန်ယူ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ဝန်ကြီးဌာန ၃၄ ခုမှာ ဝန်ကြီး ၃၀ ဦး နဲ့ အစိုးရ အဖွဲ့ကို စတင် ဖွဲ့စည်းခဲ့ပေမယ့် အခုချိန်မှာ ဝန်ကြီးဌာန ၃၁ ခုကို ဝန်ကြီး ၃၆ ဦးက ကိုင်တွယ်စီမံပြီး အစိုးရ ယန္တယား လည်ပတ် သွားမယ့် သဘောဖြစ်ပါတယ်။ ခေတ်ပြောင်း စံနစ်ပြောင်းမှာ အပြောင်း အလဲတွေ သိသာထင်ရှားစွာ ထွက်ပေါ်လာဖို့ အတွက် အစိုးရအဖွဲ့ကို အပြောင်းအလဲ လုပ်ရတာပါ လို့ သမ္မတ ဦးသိန်းစိန်က စက်တင်ဘာလ ၁၀ ရက်နေ့ ဒု-ဝန်ကြီးတွေ ကတိသစ္စာ ပြုပွဲမှာ ပြောခဲ့ပေမယ့် ဗိုလ်သန်းရွှေ ဖွဲ့ပေးခဲ့တဲ့ အစိုးရ အဖွဲ့ကို ခုမှ စပြင်ခွင့် ရတယ်ဆိုတာ ကိုတော့ မြန်မာ့ နိုင်ငံရေး လေ့လာသူတွေက သတိထား မိကြပါတယ်။

- စင်္ကာပူမှာနှစ်စဉ်ပြုလုပ်တဲ့ အာရှလုံခြုံရေး ဆိုင်ရာ - ရှန်ဂရီလာ ဆွေးနွေးပွဲကို တက်ရောက် ခဲ့တဲ့ ကာကွယ် ရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး လှမင်းက သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ဒီမိုကရက်တစ် ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်နေမှုများ အပေါ် တပ်မတော်က ရာနှုန်းပြည့် ထောက်ခံပြီး အရပ်သား အစိုးရရဲ့ ညွှန်ကြားမှုတွေကို လိုက်နာ လုပ်ဆောင် သွားမယ်လို့ ဇွန်လ ၂ ရက်က ပြောခဲ့ ဖူးပါတယ်။ သူ့နေရာမှာ ဒု-ဗိုလ်ချုပ်ကြီး ဝေလွင်ကို ပြောင်းလဲ တာဝန် ပေးလိုက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒု-ဗိုလ်ချုပ်ကြီး လှမင်းကို စစ်ဖက် မူလ တာဝန်တွေ ထမ်းဆောင်ဖို့ ကက (ကြည်း) ကို ပြန်ခေါ် လိုက်တာဟာလည်း ပြည်ထောင်စု အစိုးရ အပြောင်းအလဲ ထဲက ထူးခြားချက် တခုပါပဲ။

- လွှတ်တော်မှာရှိတဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို သင့်တော်တဲ့ အချိန်မှာ လျှော့ချသွားမယ် လို့ပြောခဲ့ တာလည်း ဒု-ဗိုလ်ချုပ်ကြီး လှမင်းပဲ ဖြစ်ပါတယ်။ စစ်ဗိုလ် အမတ်တွေ လွှတ်တော် တွေထဲက ဘယ်အချိန် ထွက်သွားကြမယ် မသိပေမယ့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇေယျာ အောင်က ရထား ပို့ဆောင်ရေး ဝန်ကြီး ဖြစ်လာတာ တွေ့ရတာမို့ အစိုးရ အဖွဲ့ထဲမှာ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးတွေ အပြင် စစ်တပ် ယူနီဖေါင်းနဲ့ နောက်တဦး ထပ်တိုး လာတာ တွေ့ရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ သဘောအရတော့ သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်အကြား သဘော မျှကြတယ် ဆိုရင် စစ်ဗိုလ်တွေကို ဝန်ကြီး လုပ်ခိုင်းလိုက်၊ စစ်တပ် ပြန်ပို့လိုက် - လုပ်လို့ရတာမို့ စစ်နည်း ဗျူဟာထဲက ပြောင်းလွယ် ပြင်လွယ် ရှိမှုကို ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ် မင်းအောင်လှိုင်တို့ အဆင်ပြေသလို သုံးနေကြတာလည်း ဖြစ်နိုင်ပါတယ်။

- လွှတ်တော်ဥက္ကဌ ဗိုလ်ချုပ်ဟောင်းများ ကလည်း ဒီမိုကရေစီကို အာပေါက်အောင် ပြောနေတဲ့ အချိန်၊ သမ္မတ လုပ်တဲ့ ဗိုလ်ချုပ်ဟောင်းကလည်း ပြည်သူတွေက ကျွန်တော်တို့ကို ယုံယုံကြည်ကြည် ရွေးကောက် တင်မြှောက် လိုက်တာမို့ ပြည်သူ့ အစိုးရ ဆိုပြီး ကိုယ့်ကိုကိုယ် ရဲဆေးတင်၊ နိုင်ငံတကာ ထွက်ပြနေတဲ့ အချိန်မျိုးတွေမှာ တရားစီရင်ရေး ပိုင်းက နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ရေးဆွဲရာမှာ အဓိက အခန်းကဏ္ဍတွေကနေ ပါဝင်ခဲ့ကြသူ တချို့နဲ့ ဖွဲ့စည်းထားတဲ့ ခုံရုံးအဖွဲ့ဝင် ၉ ဦး ကတော့ စတေး ခံလိုက်ရပြီ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ဇတ်ညွှန်းနဲ့ ဒါရိုက်တာကြီး ဗိုလ်သန်းရွှေ အလွန် ၁၈ လမှာ သမ္မတကလည်း သူ့ပါဝါကို အားဖြည့် တည်ဆောက် လာပြီမို့ သာမန်ပွတ်တိုက်မှုမျိုး မဟုတ်တဲ့ နိုင်ငံရေး အာဏာ လုပွဲတွေကို မြင်ယောင်မိကြောင်း တင်ပြ လိုက်ရပါတယ်။

0 comments:

အပေါ်သို့