..............................

Tuesday, June 19, 2012

ပြည်တွင်းငြိမ်းချမ်းရေးနှင့် တပ်မတော် (၁)

ဇွန်လ ၁၉ ရက် ၂၀၁၂

မာန်လက်

မြေရှင်ပဒေသရာဇ်စနစ်ကို ပြန်အသက်သွင်းနေတဲ့ လယ်ယာမြေဥပဒေ

သမတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ကြံ့ဖွတ်အစိုးရ ပြဋ္ဌာန်းလိုက်တဲ့ လယ်ယာမြေဥပဒေဟာ ကိုလိုနီ ခေတ် ကာလက မြေရှင်ကြီး စနစ်၊ မြေရှင် ပဒေသရာဇ်စနစ်ကို ပြန်လည် တွန်းပို့နေတဲ့ဥပဒေသာ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၃၀) ရက်နေ့က ၂၀၁၂ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၁၁) လယ်ယာမြေ ဥပဒေကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်မှတ်ထိုး ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုထုတ်ပြန်လိုက်ပြီးကာ မှ နိုင်ငံတ၀ှမ်း လုံးမှာ မြေယာသိမ်းယူမှုတွေ အံ့မခန်း အကြီးအကျယ် တိုးပွားများပြားလာခဲ့ပါတယ်။

မြို့ပြမှာလည်း မြို့ပြအလျှောက် ကြံ့ဖွတ်အစိုးရ ဒေသ အာဏာပိုင်တွေ အမိန့်နဲ့ မြေသိမ်းတဲ့ ကိစ္စ၊ အတင်းအကျပ် ပြောင်းရွှေ့မောင်းထုတ်တာကြောင့် ဒေသခံတွေ ဘ၀ ပျက်ကုန်သလို ကျေးလက်တော ရွာ တွေမှာဆိုလည်း ဘာမှ မသိနားမလည်တဲ့ ကျေးရွာသူကျေးရွာသားတွေကို ခြိမ်းခြောက်လို့ တဖုံ၊ မတန်တဆ ဈေးနှိမ်လို့တမျိုး ဇေကမ္ဘာတို့လို အစိုးရလက်ဝေခံ ငွေရှင်ကြေးရှင် ကုမ္ပဏီကြီးတွေက အစိုးရ အာဏာပိုင်တွေနဲ့ပေါင်းပြီး တရားဥပဒေမဲ့ နည်းမျိုးစုံနဲ့ နိုင့်ထက် စီးပိုးနေတာတွေ ကတော့ မြန်မာပြည် တပြည်လုံးမှာ ဦးသိန်းစိန် အစိုးရသစ် တက်လာပြီးနောက်မှာ သိသိသာသာ ထင်ရှားတဲ့ အပြောင်းအလဲတွေလို့ ဆိုရ ပါလိမ့်မယ်။

လယ်ယာမြေကြီးနဲ့ အသက်မွေးဝမ်းကျောင်းပြုနေရတဲ့ မိသားစုတွေ ဘ၀ကတော့ အစိုးရပြောင်းလိုက်မှ ကို နဂို အခြေဘ၀တွေ လဲပြိုကုန်တာ ဆိုတော့ အပြောင်းအလဲ ဆိုတာကြီးကို နဖူးတွေ့ ဒူးတွေ့ ကောင်း ကောင်း ခံစား နေကြရပါတယ်။

ဒီလယ်ယာမြေဥပဒေမှာ အရင်ဥပဒေဟောင်းတွေတုန်းက ပြဋ္ဌာန်းချက်တွေ ရှိနေ ပါလျှက်နဲ့ အခု ဥပဒေ ပြဋ္ဌာန်း လိုက်မှ ဥပဒေမဲ့ လယ်မြေ လက်လွှတ် ဆုံးရှုံး သွားသူတွေနဲ့ သူတို့ကို ဘယ်လို ကာကွယ်ပေးနိုင် မယ်ဆိုတဲ့ ဥပဒေ တလုံးတပါဒမှ မပါဝင်တဲ့အပြင် အခုလို လယ်ယာမြေတွေ လိုက်လံ သိမ်းပိုက် နေတာကို ဒီဥပဒေက အကာအကွယ် မပေးနိုင်ပါဘူး။ လယ်သမားတွေရဲ့ ရိုးသားတဲ့ အားနည်းချက် တွေ အပေါ်မှာ လုပ်ငန်းရှင်တွေနဲ့ အာဏာပိုင်တွေက ဝင်ပြီးတော့ သိမ်းဆည်းသွားတာတွေ ရှိပါတယ်။ အဲဒါမျိုးတွေကို မကာကွယ်ပေးနိုင်ခဲ့ဘူး။ အဲဒါကြောင့်လည်း ဒီနေ့ နိုင်ငံတဝှမ်းမှာ အခုလို ပြဿနာမျိုး ပေါ်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျေးရွာ စီမံခန့်ခွဲရေး အဖွဲ့တွေက မှန်မှန်ကန်ကန် စည်း ကမ်းချက်တွေနဲ့ လုပ်သွားမယ်လို့ အခုဥပဒေမှာ ဖော်ပြထားပေမဲ့ ဒီကျေးရွာ စီမံခန့်ခွဲရေး အဖွဲ့တွေဆို တာ က ကောက်ရိုးပုံထဲ အပ်ရှာရတဲ့ ပုံစံမျိုး ဆိုတော့ တပ်အပ်သေချာ ပြောလို့ မရသေးပါဘူး။

အခု လက်ရှိ လက်လုပ်စိုက်ပျိုးခွင့်ရနေကြတဲ့ လယ်သမားတွေကို လယ်ယာမြေ လုပ်ပိုင်ခွင့် အသိ အမှတ်ပြု လုပ်ပိုင်ခွင့်တွေ ထုတ်ပေးတော့မယ် ဆိုတာကတော့ ဒီဥပဒေရဲ့ ကောင်းမွန်တဲ့ ထူးခြားချက် တချက်လို့ ပြောနိုင်ပေမဲ့ လက်တွေ့မှာက လယ်ယာမြေကို လုပ်ပိုင်ခွင့် လက်မှတ်လောက် မပြောနဲ့၊ ဂရန်မြေ ထုတ်ပေးထားတာ တောင် တရားမ တရားရုံးတွေမှာ ပြောင်းပြန်ဖြစ် ဗြောင်းဆန်နေတာ အား လုံးအသိ လက်ရှိ အနေအထားပါပဲ။ ဆိုတော့ လယ်ယာမြေလုပ်ပိုင်ခွင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားရုံလောက်နဲ့တော့ အခုနကပြောတဲ့ ကျေးရွာ၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့တွေက တိကျ မှန်ကန်စွာ လုပ်ပေးနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။

အကြောင်းက အဲဒီလိုစီမံခန့်ခွဲမယ့်အဖွဲ့တွေ ကိုယ်တိုင်ကိုယ်က ဥပဒေရေးရာ အလွတ် ကျွမ်းကျင်သူ တွေ မဟုတ်ကြသလို တရား စီရင်ရေး အသွင်ဆောင် လုပ်ငန်းကို ဖော်ဆောင်နေတဲ့ အဖွဲ့ကလည်း အဲဒီ ဝန်ကြီးဌာန လက်အောက်ကပဲ ဖြစ်နေတာ၊ တနည်းအားဖြင့် လွတ်လပ်တဲ့ စီမံခန့်ခွဲသူတွေ၊ လွတ် လပ်တဲ့ ဥပဒေကျွမ်းကျင်သူတွေ မပါဝင်တာကြောင့် ဝန်ကြီးဌာန စီမံခန့်ခွဲရေးဌာန ဘက်ကိုပဲ ဘက် လိုက်တဲ့ ကိစ္စတွေ ဖြစ်ပေါ်လာအုံးမယ် ဆိုတာ အသေအချာပါပဲ။ အဲဒါကြောင့် ဒီလယ်ယာမြေ ဥပဒေ မှာ တောင်သူလယ်သမား တရားစီရင်ရေးအတွက် ခိုင်မာတဲ့ မူ မရှိပါဘူး။

နောက်ပြီး ဒီဥပဒေ အာဏာတည်တဲ့ရက်ကို နိုင်ငံတော်သမ္မတက မကြေညာသေးတာကြောင့် အာ ဏာသက်ဝင်ခြင်း မရှိသေးသလို အဲဒါထက် အဆိုးဝါးဆုံးက ဒီဥပဒေ အာဏာသက်ဝင်ခြင်း မတိုင် ခင်က အငြင်းပွားနေတဲ့ ပြဿနာရပ်တွေကို ဘယ်ဥပဒေတွေနဲ့ ဘယ်ဥပဒေစံတွေနဲ့ ဖြေရှင်းမယ် ဆိုတဲ့ ပြဋ္ဌာန်းချက်မျိုး လုံးဝ ပါဝင်လာခြင်း မရှိတာဟာ တောင်သူလယ် သမားတွေအတွက် အကြီးအကျယ် မျှော်လင့်ချက်မဲ့ သွားစေပါတယ်။ တဖြည်း ဖြည်း ပြုပြင်ပြောင်းလဲမယ် ဆိုတာ မျှော်လင့်ကောင်းတဲ့ အရာတခု ဖြစ်ပေမဲ့လို့ ဒီကာလတွေအတွင်းမှာကို ဘဝတွေ ပျက်နေတဲ့ မိသားစုတွေကိုလည်း ထည့် စဉ်းစားပေးရပါလိမ့်မယ်။

တတိုင်းတပြည်လုံးမှာ လက်ရှိဖြစ်ပွားနေတဲ့ မြေယာသိမ်းပိုက်မှုတွေ ထဲက အချို့ကို အကျဉ်းပြောပြချင် ပါတယ်။ ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာ ဆိုရင် တပ်ကသိမ်းတဲ့ မြေတွေရှိတယ်၊ လုပ်ငန်းရှင်တွေက သိမ်းတဲ့မြေ တွေရှိတယ်။ သူတို့သိမ်းတာက တောင်သူ လယ်သမားတွေရဲ့ဂရန်မရှိတဲ့၊ လုပ်ပိုင်ခွင့်မရှိတဲ့၊ စနစ် တကျ မှတ်ပုံတင် မထားခြင်း ရှိတဲ့မြေတွေကို မြေပုံပေါ်ကြည့်ပြီး ဌာနဆိုင်ရာ အာဏာပိုင်တွေနဲ့ ပေါင်း ပြီးတော့ သိမ်းယူလိုက်တာပါ၊ ဒါပေမဲ့ တကယ်တမ်း တွေးကြည့်ရင်၊ အမှန်တရားကို စိစစ်တွေးကြည့် မယ်ဆိုရင် ဒီဒေသခံ အားလုံး၊ ကျေးရွာဥက္ကဋ္ဌအပါအဝင် ဆရာတော်က အဆုံး ဒီမြေတွေဟာ ဒီလူတွေ ပဲ ဓါးမဦးချ လုပ်ကိုင်ခဲ့ကြတယ်။

တာဘောင်တာရိုးတွေကို ဖို့တယ်။ ငုတ်ထွင်တယ်၊ ရှင်းလင်းတယ်။ အဲဒီလို ရှင်းလင်းပြီး လုပ်ကိုင် စား သောက်ခဲ့တယ်ဆိုတာကို ဒေသခံတွေ အကုန်လုံး သိကြပါတယ်။ အဲဒါကြောင့် ဒီလိုဒေသခံတွေက ဥ ပဒေကို နားမလည်ပေမဲ့ ဆုံးဖြတ်တဲ့အထဲမှာ ဒါဟာ ဘယ်သူ့ဥစ္စာ၊ ဘယ်သူပိုင်ရှင် အရင်းအမှန် ဆိုတာ ကို သူတို့ ကောင်းကောင်းသိပေမဲ့လို့ အစိုးရအာဏာပိုင် စစ်တပ်တွေကို မကျော်လွှားဝံ့ကြပါဘူး။ နိုင် ငံတော်သမ္မတပြောတဲ့ တရားဥပဒေစိုးမိုးရေး ရှိမရှိဆိုတာ မြန်မာပြည်အနှံ့ လက်ရှိဖြစ်ပွားနေတဲ့ လယ် ယာမြေသိမ်းယူမှုတွေက အဖြေပေးနေတာပဲ။

ပုပ္ပါးတောင်တ၀ိုက်မှာ လက်ဖက်စိုက်ပျိုးဖို့ ထူးကုမ္ပဏီက တောတွေ ရှင်းနေတာ၊ ဟူးကောင်းတောင် ကြားဒေသမှာ စိုက်ပျိုးရေး (ဘာတွေစိုက်မယ်တော့မသိ) လုပ်ဖို့ ယုဇနကုမ္ပဏီက.. တောတွေရှင်း နေ တာ၊ ဘီလင်းနယ် အကျဉ်းဦးစီးရဲဘက်စခန်းက စိုက်ပျိုးထားတဲ့ ရော်ဘာခြံတွေကို ပုဂ္ဂလိကရောင်း လိုက်တာ၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက ရေနက်ကွင်းတွေကို ပုဂ္ဂလိက ကို ရောင်းလိုက်တာ၊ လော လောလတ်လတ် စစ်ကိုင်းတိုင်းက လက်ပတောင်းတောင် ကြေးနီ လုပ်ကွက်တွေအတွက် ထူး ကုမ္ပဏီ နဲ့ တရုတ်ကုမ္ပဏီတခုက အနီးတ၀ိုက်က ကျေးရွာတွေ လယ်မြေတွေကို အဓမ္မရွှေ့ပြောင်း ခိုင်းနေတာ စတဲ့ မြေယာသိမ်းပိုက်မှုတွေက သက်ဆိုင်ရာ အာဏာပိုင်အစိုးရတာဝန်ရှိသူတွေရဲ့ အဂတိ လိုက် စားမှု မပါဘဲ လက်လွှတ်စံပယ်လုပ်လို့ ရနိုင်တဲ့ကိစ္စမျိုးတွေ မဟုတ်တော့ နိုင်ငံတော်သမ္မတကြီး ပြောနေတဲ့ မိုးလုံးပြည့် တရားဥပဒေစိုးမိုးရေးဆိုတာ ဘယ်မှာသွားရှာရ နိုင်မှာပါလဲ။

ပုပ္ပါးတောင်တ၀ိုက်မှာ လက်ဖက်စိုက်ချင်စိုက် ဘိန်းစိုက်ချင်စိုက် ကြိုက်တာ စိုက်လို့ရတယ်။ နွား တရှဉ်းလောက်နဲ့လုပ်တဲ့ လယ်သမားငအေးကတော့ သူ့လယ်ထဲမှာတောင် သူစိုက်ချင်တဲ့ သီးနှံစိုက် ချင် လို့မရဘူး။ စပါးစိုက်ဆို စပါးပဲ စိုက်၊ ဆည်ရေရောက်တဲ့နေရာမှာ နွေစပါး မစိုက်ချင်လို့ မရဘူး.. တွက်ခြေ ကိုက်ကိုက်- မကိုက်ကိုက် စိုက်ပဲ။ မစိုက် ချင်ရင် မြေယာကော်မတီနဲ့ တွေ့သွားမယ်။ အာဏာ ကြီးတဲ့ မြေယာကော်မတီက ဒေသခံ စစ်တပ်ကို အကြောင်းကြား လိုက်ရင် လယ်လုပ်ပိုင်ခွင့်ကို စစ်တပ် က ၀င်ယူလိုက်တော့ လယ်လုပ်ခွင့်တောင် ဆုံးရှုံးရသူတွေ ဒုနဲ့ဒေးပါ။

စစ်တပ်ဆိုတာက နိုင်ငံတော်ကာကွယ်ရေး အတွက် အဓိက တာဝန် ထမ်းဆောင်ဖို့သာဖြစ်လို့ အခုလို စစ်ဗိုလ် ချုပ်ကြီးတွေရဲ့ အမိန့်အာဏာ အလွဲသုံးစားလုပ် ခိုင်းစေနေတာကို ဦးနှောက်သုံးပြီး အလိမ္မာနဲ့ ဖြေရှင်း သွားနိုင်ဖို့ အထူး လိုအပ်ပါတယ်။ မဟုတ်ရင် စစ်ဗိုလ်ချုပ်ကြီး တစုရဲ့ ကိုယ်ကျိုးစီးပွား တခုတည်း အတွက်နဲ့ တပ်မတော် တခုလုံးအပေါ် တိုင်းရင်းသားပြည်သူ တရပ်လုံးက အမြင်မှား အထင်မှား သံသယ အမုန်းပွားဖို့သာ ရှိတာကြောင့် တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ ဒီမိုကရေစီ အသွင်ကူး ပြောင်း ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်း ရေးဖြစ်ပေါ်လာရေး တို့မှာ အထင်ကရ အရေးကြီး ပါကြောင်း။

တပ်မတော်သားစစ်သည် မိသားစုတွေရဲ့ အနာဂတ်ဘ၀ သာယာစိုပြေလှပစေဖို့ တိုင်းရင်းသားပြည်သူ တရပ်လုံးနဲ့ ပူးပေါင်းလက်တွဲကြပါစို့…

မာန်လက်


0 comments:

အပေါ်သို့