..............................

Friday, May 18, 2012

ခေတ်မီတပ်မတော်တရပ်ရဲ့ ရှေ့ခရီး အပိုင်း (၁၁)

မေလ ၁၈ ရက် ၂၀၁၂

ဟန်လင်း
စစ်တပ်နဲ့ပေါ်တာ

ကျနော်တို့မြန်မာပြည်သားတွေ စစ်တပ်ရဲ့တာဝန်ကို ပုခုံးထမ်းပိုးပြီး ကူညီပေးရတဲ့ အဖြစ်ဟာ ၁၉၄၂ -၄၅ ခုနှစ် ဂျပန်ခေတ် မှာချွေးတပ် ဆိုတဲ့ ဝေါဟာရ ဆိုးနဲ့ စတင် ရင်းနှီးခဲ့ကြတာပါ။ လုပ်အားအဖြစ် ချွေးတင်မက လှည်းနွား တစုံနဲ့ လူတယောက် နှုန်း ချွေးတပ်ဆွဲခံရပြီး ယိုးဒယား ဘန်ပေါင်အရပ်ကနေ မြန်မာပြည် သံဖြူဇရပ်ထိ ၁၇၅ မိုင်အရှည်ရှိ မဟာဗျူဟာ စစ် ရထားလမ်းဖေါက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ မြန်မာပြည်သား ၈သောင်းကျော်နဲ့ ဗြိတိသျှ စစ်သုံ့ပန်း ၁၇၀၀ ကျော် သြစတေးလျှ ၁၂၀၀၊ ဒတ်ခ်ျစစ်သည် ၆၀၀ကျော်တို့ အသက် စွန့်ခဲ့ကြရပါတယ်။ ဒါကြောင့် ပြန်လမ်းမရှိတဲ့ သေမင်း တမန် လမ်းမ အဖြစ် ကမ္ဘာမှာ ကျော်ခဲ့တာပါ။

လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ်ကာလ အစောပိုင်းမှာ စစ်တပ် ပစ္စည်း ထမ်းပိုးပေးရတဲ့ ကိစ္စ သိပ်မရှိခဲ့ဘဲ ၁၉၇၀ ခုနှစ်တွေလောက်ကျ ပေါ်တာ အဖြစ် အမည်သစ်နဲ့ ပြန်ပြီး တစခန်း ထလာခဲ့ပါတော့ တယ်။

မဆလခေတ် ပြည်သူ့စစ် မဟာဗျူဟာနဲ့ သောင်းကျန်းသူ အမြစ်ပြတ်ချေမှုန်းရေုး များနဲ့ နယ်စပ်ဒေသ ထိုးစစ်ကြီးတွေမှာ အရပ်သား ၀န်ထမ်းတွေ ဆင့်ခေါ်ရာက ပေါ်တာ-ပေါ်တာဆွဲတယ်-ပေါ်တာကြေး စသည်ဖြင့် ဝေါဟာရတွေ တွင်ကျယ်လာ ခဲ့ပါတယ်။ ပေါ်တာဆိုရင် လူတိုင်းက သေမလောက် ကြောက်ရပါတော့တယ်။ ပေါ်တာဆွဲခံရလို့ နကိုအတိုင်း အကောင်း နဲ့ အိမ်ပြန်ရောက်တဲ့လူက ခပ်ရှားရှားမို့ပါ။ ဖျားနာ၊ ငှက်ဖျား၊ ကျိုးပဲ့ လူစဉ်မမီဖြစ် မိုင်းနင်းမိတာတွေ အပြင် စစ်တပ်က မထမ်း မပိုးနိုင်လို့ ပစ်သတ်ထားခြင်း ခံခဲ့ရသူတွေ ထွက်ပြေးလို့ ပစ်သတ် ခံရသူတွေ မြန်မာပြည် တလွှားမှာ ဒုနဲ့ဒေးပါ။ အခုပြောခဲ့တာ က ရိုးရိုးသာမန် အရပ်သားပြည်သူတွေကို စစ်တပ်က ပေါ်တာ ဆင့်ခေါ်ခိုင်းစေတဲ့ဖြစ်စဉ်ပါ။

ဒါနဲ့ အလားသဏ္ဍန် တူတဲ့ နောက်ထပ် အမျိုးအစား တခုကတော့ ၀န်ဆောင်တပ် လို့ခေါ်ပြီး စေတနာ လုပ်အားရှင် များလို့ နံမည် လှလှလေးပေးထားတဲ့ အကျဉ်းသားပေါ်တာ ကိစ္စပါ။ ရှေ့တန်း ၀န်ထမ်း တပ်တွေကို အကျဉ်းထောင်များ အသီးသီမှ ထောင်ကျ အကျဉ်းသားတွေ ထုတ်နှုတ်ကာ ပစ္စည်း ထမ်းပိုးပေါ်တာ လိုက်ခိုင်းတဲ့ ကိစ္စဟာ မြန်မာ-တရုပ် နယ်စပ်က မင်းရန်အောင် ထိုးစစ်နောက်ပိုင်း မြန်မာ့မြေမှာ ခေတ်စား လာခဲ့ပါတယ်။ မဆလခေတ်မှသည် ရှေ့တန်း လုပ်အားရှင်များ၊ ရဲဘက် များလို့ နံမည်လှလှပေးပြီး အဓမ္မ ထမ်းပိုး လိုက်ပါစေခိုင်း ခဲ့ရာကနေ ဒီကနေ့အထိ နှစ် ၆၀ကျော်ကြာ ပြည်တွင်းစစ် အတွင်း ပြည်သူတွေ သောင်းချီပြီး သေဆုံး သွားခဲ့ကြ ပါပြီ။ ရှေ့တန်းသို့ ပေါ်တာပါပြီး ပြန်မရောက်တဲ့ အရပ်သားနဲ့ အကျဉ်းကျ ရဲဘက်တွေရဲ့ စုစည်း မရသေးတဲ့ သတင်းတွေလည်း အများစုပါ။ မြန်မာနိုင်ငံ တနံတလျားမှာ ကယားပြည်နယ်က မထော ခူ။ ရှမ်းတောင်က ကျိုင်းတောင်း၊ မြိတ်ဖက်က ရွာသစ်စခန်းတို့လို စစ်တပ်များ အတွက် ပေါ်တာတပ်ရင်း အခြေချ(၆)ခု လောက်ရှိပါတယ်။ ၁၉၉၇ ခုနှစ် တနင်္သာရီတိုင်း အတွင်း KNU တပ်ဖွဲ့တွေကို ထိုးစစ်ဆင်ခဲ့တုံးက ပေါ်တာပေါင်း၁၃၀၀-၁၄၀၀ လောက် သုံးခဲ့ရာမှာ ငတ်ပြတ်တာ ဖျားနာ ဒဏ်ရာနဲ့ စစ်သားတွေရဲ့ ရိုက်နှက် ပစ်သတ်တာတွေကြောင့် ဒီစစ်ဆင်ရေး တခုတည်းမှာ ကို ပေါ်တာ ရာဂဏန်းလောက် အသက် ဆုံးခဲ့ရဖူးပါတယ်။

သာမန်အပြစ်လျှော့ရက်တွေအပြင် အထူးအခွင့်အရေးအဖြစ် ရှေ့တန်းပေါ်တာက ပြန်ရောက်တာနဲ့ ထောင်က လွှတ်ပေး တာမျိုး။ ပေါ်တာ တပ်ရင်းတွေမှာ ငွေပေး လိုင်းဝင်ပြီး မိသားစုနဲ့တွေ့ဆုံနိုင်ခွင့် ရတာတို့လို အခွင့်အရေး အသီးသီးကို ပေါ်တာ ခေါ် ၀န်ဆောင် ရဲဘက်များကို အစိုးရက မက်လုံးပေးခဲ့ပါတယ်။ ထောင်အပြင် တန်းမရှိဘူးလို့ ဆိုပေမဲ့ ထောင်ထဲကျနေတာ ထက် ပိုပြီး သက်သာခွင့်လေး တချို့ ရဖို့ မြန်မြန် ပြန်လွတ်လေမလား ဆိုတဲ့ မျှော်လင့်ချက် တခုနဲ့ ဒီလိုဆိုးဝါးလွန်းလှတဲ့ သေ လမ်းကိုပဲ ထောင်ကျ အကျဉ်းသားတွေ ကိုယ်တိုင်က သက်ဆိုင်ရာ အကျဉ်း ထောင်မှူးနဲ့ထောင်ဝန်ထမ်းတွေထံ လာဘ်ထိုးပြီး ရှေ့တန်း လိုက်ပါခွင့် ရရေး ဆောင်ရွက်နေကြရတယ် ဆိုကလည်း မြန်မာ့ တရားစီရင်ရေးနဲ့ အကျဉ်းထောင် စနစ်ရဲ့ အံ့ဖွယ် ရာပါ။

ပေါ်တာဆိုတဲ့ခေါင်းစဉ်နဲ့ တပ်ရင်းမှူးတိုင်းအတွက် ရွှေခေတ်ကာလကောင်းကြီး တခုလည်း တပ်မတော်ထဲမှာ ရှိခဲ့ဖူးပါတယ်။ ၁၉၆၈ ခုနှစ် မင်းရန်အောင် ထိုးစစ်နောက်ပိုင်း ကနေ ဦးနေ၀င်း မဆလခေတ် အဆုံးထိ ပြီးတော့ န၀တခေတ်ဦးပိုင်း အထိပါပဲ။ ရှေ့တန်းထွက် တပ်ရင်း စစ်ကြောင်းတခု ပေါ်တာ(၆၀)နီးပါး ဆင့်ခေါ်ခွင့်ပြုခဲ့သလို လုပ်အားခနေ့တွက်ကို တွက်ချက်ပြီး အထက်ဌာနသို့ တင်ပြတောင်းခံခွင့် ရှိခဲ့ကြပါတယ်။ တပ်ရင်း၊ စစ်ကြောင်းနဲ့ တပ်ခွဲအလိုက် သုံးစွဲခဲ့တဲ့ ပေါ်တာစာရင်းကို နေ့စဉ် တပ်လှုပ်ရှားမှု အစီရင်ခံစာမှာ တင်ပြပြီး တောင်းခံကြရပါတယ်။ ဒီငွေတွေကို အရာရှိနဲ့ အကြပ်တချို့သာ ခံစားကြရ ပါတယ်။ ပြီးတော့လည်း ရှေ့တန်းအတွက် လိုအပ်တဲ့ ပေါ်တာကို ပိုဆွဲပြီး ငွေနဲ့ ပြန်ရွှေးနှုတ်စေတဲ့ နည်းကိုလည်း တပ်ရင်း တိုင်းမှာ ကျင့်သုံးတတ်ပြန်ပါတယ်။ ဒီနည်းက ပိုပြီး ငွေအရ များပါတယ်။ ဒါကြောင့်လည်း ပေါ်တာကြေး မရိုးမသားပြု ဖြတ် စားတာမျိုးနဲ့ ခရီးမထွက်ဘဲ အထွက်ပြပြီး ပေါ်တာကြေး ထုတ်ယူကြတဲ့ ပြဿနာ တသီကြီးဟာ အဲဒီခေတ်တုံးက အရာရှိ တွေကို အရေးယူ ရာထူးဖြုတ်ခံကြရတဲ့ ဖြစ်စဉ်တွေပါပဲ။

၁၉၉၀လွန် ခုနှစ်တွေ နောက်ပိုင်းမှာ ကကကြည်းကနေ တပ်ရင်းတွေအတွက် ပေါ်တာ ခွင့်ပြုငွေများ တွက်ချက် ချပေးတဲ့ ကိစ္စတွေ သိပ်မရှိတော့ ပြဿနာတွေလည်း တစုံတရာလျော့ပါးလို့ သွားခဲ့ပါတော့တယ်။ ၂၀၁၁ ခုနှစ် အတွင်း အခိုင် အမာစစ်ဆင်ရေး ၂ ခုအတွင်း အကျဉ်းသားပေါ်တာ ၁၂၀၀ သုံးစွဲခဲ့ကြောင်း သက်သေရှိပြီး ကုလသမဂ္ဂလူ့ အခွင့်အရေး ကော်မရှင်က ၂၀၁၀ခုနှစ်ထုတ်ပြန်တဲ့ လမ်းလျှောက်နေသော လူသေများ ဆိုတဲ့ အစီရင်ခံစာ ထဲမှာ အစိုးရနဲ့ သူပုန် အဖွဲ့ တွေရဲ့ ကလေးစစ်သား သိမ်းသွင်းမှု၊ မြေမြှုပ်မိုင်းနဲ့ အဓမ္မပေါ်တာ ဆင့်ခေါ်မှုတွေကို ဖွင့်ချထား ပါတယ်။ ဒီလိုအမှုအခင်း မျိုး တွေ မရှိကြောင်း ယခင်ရော ယခု အရပ်သား တပိုင်း အစိုးရက ငြင်းဆိုခဲ့သလို နိုင်ငံတကာက ပိတ်ဆို့ အရေးယူမှု ပြုခဲ့လို့ ပြီးခဲ့တဲ့ နှစ်ပေါင်း၂၀ကျော် စီးပွားရေးချို့ငဲ့ခဲ့ရ လူထု ဆင်းရဲမွဲတေခဲ့ရတဲ့ အဖြစ်တွေကလည်း အုပ်စိုးသူ စစ်ထိပ်သီးတွေရဲ့ အဓမ္မ လုပ်အားပေးနဲ့ တိုင်းရင်းသားများ အပေါ် စစ်ဆင်နွဲရာကဖြစ်ပေါ်လာတဲ့ ပေါ်တာဆွဲ၊ သတ်ဖြတ် လုယက် မုဒိမ်းမှုတို့လို လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကြောင့်ပဲ ဖြစ်ခဲ့ပါတယ်။ ကိုယ့်တိုင်းပြည်အတွင်းမှာ အုပ်ချုပ်သူနဲ့ပြည်သူတွေ အဆင်ပြေ နေသမျှတော့ ဘယ်နိုင်ငံကမှ လာပြီး စီးပွားရေးပိတ်ဆို့ဖို့ နေနေသာသာ စီးပွားရေးကိုပဲ လာရောက်လုပ်ကိုင်လိုကြမှာပါ။

အဓမ္မလုပ်အားပေးနဲ့ပေါ်တာစနစ်ကို လူထုအပေါ်မှာပဲ စစ်တပ်ကအတင်း လုပ်ဆောင်ခိုင်းစေတာ မဟုတ်ပါဘူး။ နမူနာတခု ထုတ်နှုတ်ပြောရရင် ရခိုင်ပြည်နယ် စစ်တွေ အခြေစိုက် အမတ(၃၇၃) အမြောက်တပ်ရင်းက စစ်သည်နဲ့အကြပ်နဲ့ အရာရှိ တချို့တွေတင် သာမက မိသားစုဝင်တွေပါ နေ့စဉ်လိုလို သန့်ရှင်းရေးလုပ်၊ ကျောက်တူး၊ မြေဖို့ လုပ်ငန်းတွေ လုပ်ကိုင်နေရပါ တယ်။ တခြား တပ်ရင်းတွေမှာတော့ စနေ၊ တနင်္ဂနွေနေ့တွေလောက်ပဲ လုပ်ကြရတာပါ။ ဒါကြောင့် လုပ်အားပေး ကိစ္စအပြင် တပ်ရင်းမှူးက လက်အောက်လူတွေကို ဆဲဆိုကြိမ်းမောင်းတဲ့ ဒဏ်ကို သည်းမခံနိုင်သူ အမတ (၃၇၃) တပ်ရင်းက ကွန်ပြူ တာစာရေး တကက စာရေး ဇော်မျိုးနိုင် အပါအ၀င် အခြား တပ်ကြပ်ကြီး ၂ ယောက်နဲ့ တပ်သား ၄ ဦးတို့ တပ်မှ ထွက် ပြေးသွားတာကိုကြည့်ရင် တပ်မတော်သားများ ကိုယ်တိုင်လည်း ဒီအဓမ္မ ဒဏ်ချက်တွေအောက်က မကင်းလွတ်ခဲ့ရှာပါဘူး။

၂၀၁၅ခုနှစ်အရောက်မှာ မြန်မာနိုင်ငံတွင်း အဓမ္မခိုင်းစေမှုများ ပပျောက်ရေး နားလည်မှု သ၀ဏ်လွှာ တခုကို IL0 နဲ့ မြန်မာ အစိုးရတို့ ၂၀၁၂ မတ်လ ၁၆ ရက်နေ့က လက်မှတ် ထိုးခဲ့ပြီး လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးမင်းအောင် လှိုင်ကလည်း မေလ ၂ ရက်နေ့တုန်းက ILO အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဂရစ်ဗိန်းနဲ့ တွေ့ဆုံစဉ် တပ်မတော်သားတွေ ကနေ လူထုကို အဓမ္မ အလုပ်စေခိုင်းတာ ရှိလာရင်တော့ အရပ်ဖက် အလုပ်သမား ဥပဒေအရ အရေးယူခံရမှာလို့ ထပ်ခါ ကတိပြု ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဦးသိန်းစိန် အစိုးရထုတ်ပြန်လိုက်တဲ့ ပေါ်တာ မထမ်းရတဲ့ဆိုတဲ့အမိန့်ဟာ ဝေးလံခေါင်သီတဲ့ ချင်း ပြည်နယ်၊ မတူပီ နယ်စပ်ဒေသို့ ၂၀၁၂ ဧပြီလဆန်းမှ စတင် အာဏာ သက်ရောက်ခဲ့တာပါ။ ဒီအမိန့်ကြောင့် နယ်မြေခံ စစ်တပ်စခန်းများနဲ့ ရဲတပ်ဖွဲ့ ၀င်မိသားစု လိုင်းများအတွက်ပါ လူထုကဆောက်ပေးစရာ မလိုတော့ပါဘူး။ ယခင် တပ်မတော် အစိုးရ လက်ထက်တုံးက ပြည်သူတွေကို ကျေးရွာအလိုက် ခွဲတမ်းချပြီး ကိုယ့်စရိတ်နဲ့ကိုယ် ဆောက်ခိုင်း ခဲ့တာပါ။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်အာဏာ သက်ရောက်မှု ရှိမရှိဆိုတာကလည်း တပ်တွေကို ချပေးတဲ့ စစ်သုံး ဘတ်ဂျက်နဲ့ သွား သက်ဆိုင်လို့ နေပြန်ပါတယ်။ အခုထိ တပ်စခန်းနဲ့ ရဲတပ်ဖွဲ့ဝင်မိသားစုလိုင်းတွေကို ပြုပြင်စရိတ် ချထားပေးတာ မရှိတာ အခက်ခဲတခုပါ။

လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော်ပြည်တွင်းစစ်မှာ ပေါ်တာဆိုတဲ့ခေါင်းစဉ်အောက်ကနေ သေကြေ ခဲ့ရသူ စာရင်းကို ဒီကနေ့ စု စည်းမယ်ဆိုရင် ဂျပန်ခေတ် ချွေးတပ် ဆွဲခံခဲ့ရတုန်းကထက် ပိုပြီး များလိမ့်မယ်လို့ ထင်မိပါတယ်။ ပြည်တွင်းစစ်ရဲ့ အနိဋ္ဌာရုံ ကို သိရှိပြီးနောက် ငြိမ်းချမ်းရေးကို တည်ဆောက်ကြမယ် ဆိုရင်တော့ အစိုးရရော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များပါ ဒီလို စာရင်းတွေကို အမှန်အတိုင်းပြုစုထားဖို့ လိုပါတယ်။

တကယ်တမ်းပြောရမယ် ဆိုရင် စစ်ပွဲတွေကို ပြည်သူတွေက ဖန်တည်းခဲ့တာ မဟုတ်ပေမယ့် ပေါ်တာလို့ပဲ ဆိုဆို ၀န် ဆောင်တပ်လို့ပဲ ပြောပြော ဒီလိုခေါင်းစဉ်တွေအောက်မှာ စစ်ကြောင့် ဒုက္ခရောက်ရ သူတွေဟာ ပြည်သူတွေပါပဲ။ ဒဏ်မခံ နိုင်တဲ့ ဒေသခံ လူထုကတော့ နောက်ဆုံးမှာ ရွှေ့ပြောင်းဒုက္ခသည်များ အဖြစ် ဆက်ပြီး သံသရာ လည်နေကြရဦးမှာပါ။

နောင်မှာခေတ်မီမီ မြန်မာ့တပ်မတော်တရပ်ကို ထူထောင်လိုချင်တယ်ဆိုရင်ဖြင့် အဲဒီလို သမိုင်း သင်ခန်းစာတွေကို ဆင်ခြင် သုံးသပ်ပြီး ရှေ့ခရီးကို ဆက်ကြရမှာပါပဲ။ သမိုင်းဟောင်းဆိုးကြီးတွေ ဆက်ပြီး မဖြစ်ပေါ်စေဖို့ အထပ်ထပ်ပြန် သံသရာ မလည်စေဖို့ကတော့ ဒီကနေ့ခေတ်သစ် တပ်မတော်သား တိုင်းရဲ့ တာဝန်များသာ ဖြစ်ပါလိမ့်မယ်။ လူထုကို မထိခိုက်မနစ် နာစေသော ၀န်ထုပ်ဝန်ပိုး မပိစေသော စစ်တပ်မျိုး သာလျှင် တကယ့် ပီပီပြင်ပြင် တပ်မတော်တရပ် အဖြစ် ကမ္ဘာ့အလယ်မှာ ဂုဏ်တင့်နိုင်ပါလိမ့်မယ်။ ၁၉၅၄ ခုနှစ် တုံးက ၀ါရှင်တန်ပို့စ် သတင်းစာပါ ပါးစပ် ပါးစပ်ချင်း ပြောကြ ဆိုကြတာဟာမျိုးက စစ်ခင်းရတာထက် ပိုပြီး ကောင်းတယ်လို့ ဆာဝင်စတန် ချာချီ ရေးသား ခဲ့ဖူးတဲ့ ဆောင်ပုဒ်တခုကို မြန်မာ စစ်ဗိုလ်ချုပ် အဟောင်း နဲ့အသစ်တွေမှန်သမျှ အစဉ်အမြဲ နှလုံးသွင်းနေသင့် လှပါတယ်။ ဒါမှလည်း ဆိုးဝါး ခါးသည်းလွန်းလှသော ပြည်တွင်းစစ်နဲ့ ဒီစစ်ရဲ့နောက်ဆက်တွဲ ပေါ်တာပြဿနာတွေကို တပါတည်း ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။


0 comments:

အပေါ်သို့