..............................

Friday, May 18, 2012

မြောက်ကိုးရီးယားမှ စစ်လက်နက်များ ထပ်မံမဝယ်ယူတော့ဟု သမ္မတပြော

မျိုးသန့်
ကြာသပတေးနေ့၊ မေလ ၁၇ ရက် ၂၀၁၂

ချင်းမိုင် (မဇ္ဈိမ) ။ ။ လွန်ခဲ့သည့်အနှစ် ၂ဝ အတွင်း မြောက်ကိုရီးယားထံမှ သာမန်စစ်လက်နက်ပစ္စည်းများကိုသာ ဝယ်ယူခဲ့ပြီး ဆက်လက် ဝယ်ယူတော့မည် မဟုတ်ဟု မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီး လာရောက်ခဲ့သော တောင်ကိုရီးယား သမ္မတ မစ္စတာ အီမြောင်ဘတ်ကို မြန်မာသမ္မတ ဦးသိန်းစိန်က ကတိပေးပြောကြားသည်ဟု ဝါရှင်တန်ပို့စ် သတင်းစာ၏ အွန်လိုင်း စာမျက်နှာတွင် ရေးသားထားသည်။

မြန်မာသမ္မတက တောင်ကိုရီးယားသမ္မတကို ပြောကြားရာတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် နျူကလီးယား စီမံကိန်းများ ပူးပေါင်း လုပ်ဆောင်မှု မည်သည့် အခါကမျှ မရှိခဲ့ဟု ငြင်းဆို သွားသည်ဟုလည်း ဝါရှင်တန်ပို့စ်က ရေးသားသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၁၈ နှင့် ၁၈၇၄ တို့တွင် မြောက်ကိုရီးယားနိုင်ငံမှ ထုတ်လုပ် သည့် စစ်လက်နက် ပစ္စည်းများကို အခြား ကမ္ဘာ့နိုင်ငံများမှ ဝယ်ယူခွင့် မပြုရန် ဆုံးဖြတ်ထားပြီး ထိုတားမြစ်ချက်ကို လိုက်နာသည့် အနေဖြင့် မြောက်ကိုရီးယားမှ လက်နက်များ ဝယ်ယူမည်မဟုတ်ဟု ပြောဆိုသည် ဟုလည်း ဝါရှင်တန်ပို့စ်က ရေးသားသည်။

မြန်မာနိုင်ငံသို့ နှစ်ရက်ကြာလာရောက်ခဲ့သည့် တောင်ကိုရီးယားသမ္မတသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အင်္ဂါနေ့တွင် တွေ့ဆုံခဲ့ အပြီး သတင်းစာ ရှင်းလင်းပွဲတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ချမှတ်ထားသော ဆုံးဖြတ်ချက်များကို ချိုးဖေါက်သည်ဟု ယူဆရသည့် မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံမှု မပြုလုပ်ရန် မြန်မာသမ္မတ နှင့် ဆွေးနွေး ခဲ့သည်ဟုလည်း သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်းပြောသွားသည်ဟု သိရသည်။

မြောက်ကိုရီးယား၊ မြန်မာ ဆက်ဆံရေးတွင် ယခင်စစ်အစိုးရ တတိယခေါင်းဆောင် ဖြစ်ခဲ့သူ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် နျူကလီးယား စီမံကိန်းများ ပူးပေါင်း လုပ်ဆောင်ရန် မြောက်ကိုရီးယားသို့ သွားရောက် ခဲ့သည်ဟု စွပ်စွဲချက်များ လွန်ခဲ့သည့်နှစ်များအတွင်း ထွက်ပေါ်လာခဲ့ရာ ထိုစွပ်စွဲချက်များကို ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း သတင်းစာ ရှင်းလင်းပွဲတခုတွင် ငြင်းဆို သွားခဲ့သေးသည်။

“တချို့စွပ်စွဲတာကတော့ နျူကလီးယားကိစ္စ အပါအဝင် မိမိသွားပြီးတော့ လက်မှတ်ထိုးခဲ့တယ်လို့ပြောတယ်။ မဟုတ်ပါဘူး။ နျူကလီးယား ကိစ္စဆိုတာ အင်မတန်မှ ကြီးမားတဲ့ ကိစ္စပါ။ ဒီကိစ္စ မိမိ လတ်မှတ် ထိုးလို့လည်း ရနိုင်တဲ့ အနေအထား မဟုတ်ပါဘူး” ဟု သူရဦးရွှေမန်းက ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ချမှတ်ထားသည့် မြောက်ကိုရီးယားမှ လက်နက် မဝယ်ရေး ဆုံးဖြတ်ချက်ကို မြန်မာ အစိုးရအနေဖြင့် အကောင်အထည်ဖေါ်နိုင်ရန် မျှော်လင့်ကြောင်း သူ၏ ခရီးစဉ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သေးသည်။

တောင်ကိုရီးယားသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်သည် နှစ်ပေါင်း ၃ဝ အတွင်း ပထမဆုံးအကြိမ်လာရောက်သည့် ခရီးစဉ် ဖြစ်သည်။ ၁၉၈၃ ခုနှစ် တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်က အာဇာနည် ခေါင်းဆောင်ကြီး များ၏ ဂူဗိမာန်သို့ သွားရောက် ဂါရဝပြုရာတွင် မြောက်ကိုရီးယား သူလျှိုများ၏ ဗုံးခွဲတိုက်ခိုက်ခြင်း ခံခဲ့ရသည်။ တိုက်ခိုက်မှု အတွင်း ခရီးစဉ် နောက်ကျပြီးမှ ရောက်လာသူ တောင်ကိုရီးယား သမ္မတ ထိခိုက်ခြင်း မရှိသော်လည်း တောင်ကိုရီုးယား အစိုးရအဖွဲ့ဝင်များ အပါအဝင် မြန်မာအရာရှိ ၂၁ ဦးသေဆုံးခဲ့သည်။

မစ္စတာ အီမြောင်ဘတ်သည် အာဇာနည်ဗိမာသို့ အင်္ဂါနေ့တွင် သွားရောက်၍ ၁၉၃၈ ခုနှစ် တိုက်ခိုက်မှုအတွင်း ကျဆုံး သွားကြသည့် ကိုရီးယား သမ္မတ ဝန်ကြီးများကို ရည်စူး၍ လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့သည်ဟု နိုင်ငံပိုင် ကြေးမုံသတင်းစာ တွင် ဖေါ်ပြပါရှိသည်။ မြန်မာနိုင်ငံသို့ နှစ်ရက်တာ လာရောက်ခဲ့သည့် မစ္စတာ အီမြောင်ဘတ်သည် အင်္ဂါနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့မှ ပြန်လည် ထွက်ခွာသွားပြီဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့