..............................

Wednesday, May 16, 2012

မူးယစ်ဂိုဏ်း အဖွဲ့ဝင် ၂၅ ဦး လက်နက်ချ အလင်းဝင်

2012-05-15

ရွှေတြိဂံနယ်မြေက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ စိုင်းနော်ခမ်းရဲ့ အဖွဲ့ဝင် ၂၅ ဦးဟာ တာချီလိတ် မြို့နယ်က တပ်စခန်း တစ်ခုမှာ မနေ့ ညနေပိုင်းက လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ် ၀င်ရောက်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ အခမ်းအနားနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။

မြန်မာအပါအ၀င် ဒေသတွင်းနိုင်ငံတွေက အလိုရှိနေတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် စိုင်းနော်ခမ်းကို ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက လာအို အာဏာပိုင်တွေက ရွှေတြိဂံဒေသမှာ ဖမ်းဆီး ရမိ လိုက်ပြီးနောက် သူရဲ့ အဖွဲ့သားတွေဖြစ်ကြတဲ့ ဦးယောဟန် ဦးဆောင်တဲ့ အဖွဲ့ဝင် ၆ ဦး၊ ဦးယားအီ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဦးအားထူ ဦးဆောင်တဲ့ အဖွဲ့ဝင် ၄ ဦး တို့ဟာ တာချီလိတ်မြို့ အခြေစိုက် ခမရ ၃၅၉ တပ်ရင်းကို လက်နက်ချ အလင်း ၀င်ခဲ့ကြတာ ဖြစ်တယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်သူထံမှ သိရပါတယ်။

သူတို့ ၃ ဖွဲ့ဟာ M16 , M22 အမျိုးအစား မောင်းပြန်ရိုင်ဖယ်တွေ၊ AK 47 မောင်းပြန်ရိုင်ဖယ်တွေ၊ လောင်ချာသေနတ်တွေ၊ ပစ္စတိုတွေနဲ့  မိုင်းဗုံးတွေ ယူဆောင် လာကြပြီး နာရီပိုင်း အတွင်း တစ်ဖွဲ့စီ ၀င်ရောက် လာကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ ခမရ ၃၅၉ တပ်ရင်း ရိပ်သာခန်းမမှာ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးခင်မောင်စိုး၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးသက်လွင်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူးတို့ ဦးဆောင်ပြီး ကြိုဆိုပွဲနဲ့ ထောက်ပံ့ရေး ပစ္စည်း ပေးအပ်ပွဲ အခမ်းအနား လုပ်ခဲ့တယ်လို့ အာဏာပိုင်နဲ့ နီးစပ်သူတစ်ဦး ထံမှ သိရှိရပါတယ်။

မူးယစ်မှောင်ခို ဂိုဏ်းခေါင်းဆောင် စိုင်းနော်ခမ်းအဖွဲ့ဟာ ထိုင်း မြန်မာနဲ့ လာအိုနိုင်ငံတွေရဲ့ နယ်နမိတ်ချင်း ထိစပ်ရာ ရွှေတြိဂံဒေသက ရှမ်းပြည် အရှေ့ပိုင်း တာချီလိတ် နယ်အတွင်းမှာ အခြေပြု လှုပ်ရှားနေတဲ့ အဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး မူးယစ်ဆေး မှောင်ခို ကုန်ကူးတာနဲ့ မဲခေါင်မြစ် အတွင်း ဖြတ်သန်း သွားလာတဲ့ သဘောင်္၊ စက်လှေတွေကို ဆက်ကြေးကောက်တာ၊ ပစ်ခတ် တိုက်ခိုက်တာတွေနဲ့ နာမည်ကြီးတဲ့ အဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့