..............................

Thursday, October 27, 2011

ဖွံဖြိုးရေးအတွက် အခြေခံလွတ်လပ်ခွင့်တွေ လိုအပ်

သားညွန့်ဦး
ဗုဒ္ဓဟူး, 26 အောက်တိုဘာ 2011

ဖွံဖြိုးတိုးတက်မှုလို့ ဆိုတဲ့နေရာမှာ လွတ်လပ်မှုတွေ ချုပ်ခြယ်မှုတွေမရှိမှသာ တိုးတက်ဖွံဖြိုးမှု ရှိနိုင်မယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ တရားမဲ့မှု၊ မမျှတမှု၊ အာဏာရှင်ဆန်မှု၊ လူထုအပေါ် တာဝန် ယူလိုစိတ် ကင်းမဲ့မှု ဒါတွေကို ဖယ်ထုတ်ရေးဟာ ဖွံဖြိုး တိုးတက်မှုအတွက် အရေးကြီးတယ်လို့ ပြောဆို သွားတာပါ။ ဒါနဲ့ ပတ်သက်လို့တော့ ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

ဖွံဖြိုးတိုးတက်မှုဆိုတဲ့နေရာမှာ အခြေခံလွတ်လပ်မှုတွေကို ချန်ထားလို့မရဘူးလို့ အမေရိကန် ပြည်ထောင်စု၊ ဒေါ်အောင်ဆန်း စုကြည်ကို ပေးအပ်တဲ့ မစ်ချီကန် တက္ကသိုလ်ကနေ Wallenberg ဆုပေးပွဲ အခမ်းအနား မိန့်ခွန်းထဲ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုသွားတာပါ။ စီးပွားရေး နိုဗယ်ဆုရှင် ဒေါက်တာ Amartya sen ရဲ့ ဖွံဖြိုး တိုးတက်မှုနဲ့ လွတ်လပ်မှု ဒွန်တွဲနေတယ် ဆိုတဲ့အမြင်ကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ တိုင်းပြည်တရပ်၊ လူ့အဖွဲ့အစည်း တရပ် ဖွံဖြိုး တိုးတက် လာရေးအတွက် ချုပ်နှောင်မှုတွေကို ဖယ်ရှားပစ်ဖို့ လိုအပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

“ဖွံဖြိုးရေးအတွက်ဆိုရင် အဓိကကျတဲ့ ချုပ်ခြယ်မှုတွေကို ဖယ်ရှားပစ်ဖို့ လိုပါတယ်။ ဆင်းရဲမွဲတေမှု ပပျောက်ဖို့ လိုသလို အာဏာရှင် ဆန်ဆန် အုပ်ချုပ်မှုတွေ အဆုံးသတ်ဖို့ လိုပါတယ်။ စီးပွားရေး လုပ်ပိုင်ခွင့်တွေ လိုအပ်သလို လူမှုရေး ရပိုင်ခွင့်တွေလည်း စနစ်တကျရှိဖို့ လိုပါတယ်။ အများပြည်သူ လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ ပျက်ကွက်တာတွေကို ဖယ်ရှားပစ်လို သလိုပဲ မတူတဲ့ အမြင် အယူအဆတွေ အပေါ် သည်းခံမှု အားနည်းတာ၊ လိုတာထက်ပိုပြီး တုံ့ပြန် အရေးယူတဲ့ ဖိနှိပ်မှုတွေကိုလည်း ဖျောက်ပစ်ဖို့ လိုပါတယ်။”

၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှု စတင်တဲ့အချိန်တုန်းက မြန်မာလူထုထဲ ကုလသမဂ္ဂရဲ့ လူ့အခွင့် အရေး ကြေညာ စာတမ်းကို မသိသူ အတော်များများ ရှိခဲ့ပေမယ့် တကယ်တန်း မြန်မာလူထုဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အနှစ်သာရကို နားလည် သဘောပေါက် နေကြပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ၁၉၈၈ ခုနှစ် အထက်မြန်မာပြည် မန္တလေးခရီးစဉ် တခုအတွင်း ဘာကြောင့် ဒီမိုကရေစီ လိုချင်တာလဲ ဆိုတာကို ဈေးချိုက သူ့ကို ထောက်ခံသူတဦး ဖြေတာကို ဥပမာပြောပြီး မြန်မာလူထုရဲ့ ဒီမိုကရေစီအပေါ် နားလည်မှုကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့တာပါ။

“အဲဒါမှာ သူမရှင်းပြပါတယ်။ သူ့မှာ ဈေးဆိုင်ငယ်ကလေး ရှိတယ်တဲ့၊ သူ့အနေနဲ့ သူ့စီးပွားရေးကို ရိုးရိုးသားသား လွတ်လွတ် လပ်လပ် လုပ်ကိုင်ခွင့်ရပြီး အာဏာပိုင်တွေ နှောင့်ယှက်မှာကို ကြောက်ရွံ့​ နေရတာတွေ မရှိဘဲ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင် ချင်တာပါတဲ့။ ဒါကြောင့် ဒီလို အခြေခံ အခွင့်အရေးလေးတွေ ရလာရင်တော့ ကောင်းရာမွန်ရာ နေထိုင် လုပ်ကိုင်လို့ ရမယ်လို့ သူယုံကြည်တဲ့ အကြောင်း ပြောပါတယ်။ သူမဟာ တကယ်တော့ ဒီမိုကရေစီ စနစ်ရဲ့ တကယ် အရေးကြီးတဲ့ အချက်ကို နားလည် လိုက်တယ်လို့ ကျမ ယူဆမိပါတယ်။ ဒီမိုကရေစီဆိုတာ အဆုံးသတ် ပန်းတိုင် မဟုတ်ဘဲနဲ့ လူ့အဖွဲ့အစည်းတရပ် အောင်မြင်မှုအတွက် နည်းလမ်းတရပ် ဖြစ်ပါတယ်။”

တချိန်တည်းမှာပဲ မြန်မာဒီမိုကရေစီလှုပ်ရှားမှုအတွင်းမှာ ကြောက်ရွံ့ခြင်းကနေ ကင်းဝေးဖို့ သူ့အနေနဲ့ လှုံ့ဆော် ပြောဆို ခဲ့ရတာဟာ ကြောက်ရွံ့မှု အခြေခံဟာ လွတ်လပ်မှု၊ လွတ်မြောက်မှု အတွက် အဓိက အတားအဆီး တခု ဖြစ်နေတာကြောင့်လို့ ပြောသွားပါတယ်။

“ကျမတို့လှုပ်ရှားမှုအတွက် ကြောက်ရွံ့ခြင်းကနေ လွတ်ကင်းဖို့ အဓိက ပြောနေရတဲ့ အကြောင်းကတော့ ဒါဟာ အခြား လွတ်မြောက်မှုတွေကို ဖွင့်ပေးနိုင်မယ့် အဓိက သော့ချက် ဖြစ်နေလို့ပါ။ ကြောက်ရွံ့မှုကြောင့် လူတွေဟာ ထုံထိုင်းပြီး ပြုသမျှ ခံနေရပါတယ်။ လူတွေကို ဘာမှ မလုပ်မကိုင် တတ်အောင် ဖြစ်စေပါတယ်။ ပြောဖို့ဆိုဖို့ ကြောက်ရွံ့နေရင် လွတ်လပ်စွာ ပြောဆိုခွင့်ရဖို့ ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။

မတရား မမျှတတာတွေကို ပြန်လည်စိန်ခေါ်ဖို့ စိုးရွံ့နေမယ်ဆိုရင် မိမိရဲ့ လွတ်လပ်စွာယုံကြည်မှုကို အကာ အကွယ် လုပ်နိုင်မှာ မဟုတ်ပါဘူး၊ ဒါ့အပြင် လူမှုရေး၊ စီးပွားရေးတွေလည်း ဖရိုဖရဲဖြစ်ပြီး ဘ၀ သေသွားပါလိမ့်မယ်”

မစ်ချီကန် တက္ကသိုလ်ကပေးအပ်တဲ့ Wallenberg ဆုဟာ ဆိုရင် အများပြည်သူ လွတ်လပ်မှုအတွက် ကိုယ်ကျိုးစွန့် ကြိုးပမ်း သူတွေကို ချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။ မီချီကန် တက္ကသိုလ်ရဲ့ ကျောင်းသားဟောင်း Raoul Wallenberg ကို ဂုဏ်ပြုပြီး ပေးအပ်တဲ့ ဆုပါ။ Wallenberg ဟာ ဒုတိယ ကမ္ဘာစစ် အတွင်း ဆွီဒင်နိုင်ငံရဲ့ သံတမန် တဦးအနေနဲ့ တာဝန်ယူရင်း နာဇီလက်ထဲက ဂျူးလူမျိုးတွေကို ကယ်တင် ပေးခဲ့သူဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆုရတာ ၂၁ ဦးမြောက် ဖြစ်ပြီး နိုဗယ်ဆုရှင် တိဗက်က ဘုန်းတော်ကြီး ဒလိုင်လားမားနဲ့ တောင်အာဖရိက ခရစ်ယာန် ဘုန်းတော်ကြီး ဒတ်စမွန် တူးတူးတို့လည်း အရင်က ဒီဆု ရခဲ့ဖူးပါတယ်။

Ref: VOA News

0 comments:

အပေါ်သို့