..............................

Thursday, August 4, 2011

NLD အမှု ကုလသို့ တင်မည်

လင်းသန့်
Wednesday, 03 August 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် နိုင်ငံရေးပါတီအဖြစ် တရားဝင် ရပ်တည်နိုင်ရေး အတွက် ကုလ သမဂ္ဂထံ ရက်ပိုင်း အတွင်း တင်ပြသွားမည်ဟု NLD၏ ဥပဒေ အကြံပေး အဖွဲ့မှ ဦးဉာဏ်ဝင်းက ယနေ့ ပြောလိုက်သည်။

“ဒီကိစ္စက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ တင်ပြဖို့ အတွက် ကျနော်တို့ ဥပဒေ အကြံပေးအဖွဲ့က ရေးသား ပြုစုတာ အားလုံး အဆင်သင့် ဖြစ်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လူကြီးတွေ အားလုံး (တက်ရောက်တဲ့) အစည်း အဝေးမှာလည်း တင်ပြ လိုက်ပါပြီ” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။

တနင်္လာနေ့က စတင်ပြီး ၂ ရက်တာ ကျင်းပခဲ့သော NLD ခေါင်းဆောင်တို့၏ အစည်းအဝေးတွင် ထိုတိုင်ကြား စာကို သဘော တူကြောင်း ဆုံးဖြတ်ခဲ့ပြီး အနည်းငယ် ပြင်ဆင် ရေးသားနေသည် ဟု ဆိုသည်။

တိုင်ကြားစာတွင် လူ့အခွင့်အရေး ချိုးဖောက်မှု အချက် ၄ ချက်ကို စုစည်း ပြုစုထားသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ ဖြစ်သော်လည်း နှစ်ပေါင်း ၂၀ ကျော် ဖိနှိပ်ခံနေရခြင်း၊ နိုင်ငံရေးပါတီ တရပ်၏ ရပိုင်ခွင့်များ ချိုးနှိမ် ခံနေရခြင်း၊ ဒီပဲယင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်း ရန်ပြု တိုက်ခိုက်ခံရခြင်းနှင့် ပါတီဝင်တချို့ သတ်ဖြတ်ခံရခြင်း၊ နိုင်ငံသားများက နိုင်ငံ အုပ်ချုပ်သူကို ရွေးချယ်ခွင့် မရခြင်း စသည့် အချက်များ ပါဝင်သည်ဟု ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်သစ်က NLD တရားဝင်တည်ရှိမှု ပျက်ပြယ်ကြောင်း ၂၀၁၀ စက်တင်ဘာလ ၁၄ ရက် နေ့စွဲဖြင့် ကြေညာ ခဲ့သည်။

NLD က မြန်မာနိုင်ငံ တရားရုံး အဆင့်ဆင့်တွင် ဥပဒေကြောင်းအရ ရင်ဆိုင်ရာ အောင်မြင်မှု မရခဲ့ပေ။

နိုင်ငံအတွင်း ဥပဒေကြောင်းအရ ဆက်လက် လုပ်ဆောင်ရန် နည်းလမ်း ကုန်သွားပြီဖြစ်သောကြောင့် ကုလသမဂ္ဂ၊ လူ့အခွင့်အရေး ကောင်စီထံ တင်ပြရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဇွန်လ ၂ ၉ ရက်နေ့တွင် အစိုးရသစ် ပြည်ထဲရေး ၀န်ကြီးက NLD ပါတီ တရားမ၀င်တော့ကြောင်း အကြောင်း ကြားစာ ပေးပို့ခဲ့သည်။

ပါတီ တရားဝင် တည်ရှိမှုနှင့် ပတ်သက်ပြီး NLD နှင့် အစိုးရ ရှုမြင်ပုံ ကွာခြားနေသည့်အတွက် ညှိနှိုင်း အဖြေရှာကြရန် NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အကြောင်းပြန်ကြားခဲ့သည်။

ဤအတောအတွင်း NLD ၏ ၂ ရက်ကြာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးတွင် ပါတီ စတင် တည်ထောင် ခဲ့စဉ်က စ၍ ယနေ့ အထိ ကြုံတွေ့ရသော အခြေအနေများ အကြောင်းကို ပြန်လည် သုံးသပ်ကြပြီး အနာဂတ်အတွက် ဆွေးနွေးကြကြောင်း ပါတီ NLD ပြောခွင့်ရ ပုဂ္ဂိုလ်တဦး ဖြစ်သည့် ဦးအုန်းကြိုင်က ပြောသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့