..............................

Tuesday, August 2, 2011

မြန်မာ-အိုမန် ပွဲပျက်မှု ဖီဖာ စတင်စစ်ဆေး

ရန်ပိုင် Monday, 01 August 2011 17:55
E-mail Print
မြန်မာ-အိုမန် ကမ္ဘာ့ဖလား ၂၀၁၄ ခြေစစ်ပွဲ ပျက်ပြားခဲ့ရခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က စုံစမ်း စစ်ဆေးမှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။

ဇူလိုင်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ယှဉ်ပြိုင်နေစဉ် ပရိသတ်တချို့က အရာဝတ္ထု မျိုးစုံဖြင့် ကွင်း အတွင်းသို့ ပစ်ပေါက်ကြ သဖြင့် ပွဲပျက်သွားခဲ့သည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ဖီဖာ၏ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက စုံစမ်း စစ်ဆေးမှုများ စတင် ပြုလုပ်နေကြောင်း ဖီဖာ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MNL) ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက “အရေးယူတာတော့ ခံရလိမ့်မယ်။ သက်သက် ညှာညှာ စဉ်းစားပေးဖို့လည်း စာတင် ထားတယ်” ဟု ပြောသည်။

နိုင်ငံပေါင်း ၃၀ ကျော်ဖြင့် ဖွဲ့ည်းထားသည့် ဖီဖာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီသို့ ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ရိုက်ကူး ထားသည့် ဗီဒီယို အခွေများ၊ ကွင်းထဲသို့ ကျရောက်ခဲ့သည့် အရာဝတ္ထု ပစ္စည်းများကို သက်သေအဖြစ် ပေးအပ်ခဲ့ကြောင်း ဦးစိုးမိုးက ပြောသည်။

ဖီဖာ၏ ဥပဒေအရ ကွင်းအတွင်း ကျရောက်သည့် အရာဝတ္တုတခု အတွက် ဒဏ်ကြေး အဖြစ် အမေရိကန် ဒေါ်လာ ၅၀၀၀ သတ်မှတ် ထားသည်။

ပစ်ပေါက်ရာတွင် ထီးအလက်ပေါင်း ၂၀ကျော်၊ ဖိနပ်ပေါင်း များစွာ၊ ခဲများနှင့် ကွန်ပါ ဆူးချွန်များလည်း ပါဝင်သည်ဟု ဘောလုံး သတင်းများကို သီးသန့်ဖော်ပြသည့် Soccer Myanmar အင်တာနက် စာမျက်နှာတွင် ရေးသား ထားသည်။

ထိုပစ်ပေါက်မှုတွင် ပါဝင်သည်ဟု မသင်္ကာသူများကို ပွဲအပြီးတွင် ဖမ်းဆီး ထိန်းသိမ်းမှုများ ရှိခဲ့ကြောင်း ဘောလုံးပွဲ သွားရောက် ကြည့်ခဲ့သည့် ပရိသတ်တဦးက ပြောသည်။

“ဘောလုံးကွင်းကအထွက် လုံခြုံရေးတွေက ခြေထောက်ကို ကြည့်တယ်။ ပြီးတော့ ဖိနပ်မပါရင် တခါတည်း ခေါ်ထား လိုက်တယ်။ တော်တော်များများ ခေါ်အထား ခံရတယ်” ဟု ၎င်းကဆိုသည်။

ဆူပူမှုနှင့် ပတ်သက်၍ ဗီဒီယိုဖြင့် မှတ်တမ်းတင်ထားပြီး ပါဝင်သည့် သူများကို ညပိုင်း အချိန်တွင် ရပ်ကွက်များသို့ လိုက်လံ ဖမ်းဆီး နေကြောင်း ပြည်တွင်းထုတ် The Voice Weekly ဂျာနယ် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ ပွဲစဉ်တွင် MNL က အများပြည်သူ ကြည့်ရှုနိုင်စေရန်အတွက် ရိုးရိုးတန်း လက်မှတ်များကို ၀ယ်ယူစရာ မလိုဘဲ အခမဲ့ ၀င်ခွင့်ပြုကြောင်း၊ ကွင်းအတွင်း လူပြည့် သွားချိန်တွင် ကွင်းပြင်ပတွင် ကျန်ရှိနေသည့် လူအများက ၀င်ရောက်နိုင်ရန် ကြိုးစားသည့် အတွက် လုံခြုံရေး တပ်ဖွဲ့များက မထိန်းသိမ်း နိုင်တော့ဘဲ ဖွင့်ပေး လိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ယနေ့ကျင်းပမည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်မှစတင်ပြီး လက်မှတ်များကို စစ်ဆေးခြင်း၊ ပစ္စည်းများ ရှာဖွေခြင်း၊ ရေသန့် ဗူးများကို ကွင်းအတွင်းသို့ ယူဆောင်ခွင့် မပြုခြင်းများ ပြုလုပ်နေသည် MNL ပြောခွင့်ရ ဦးစိုးမိုးက ပြောသည်။

“လက်မှတ်၊ ဖိတ်စာ အကုန်ပါမှ ပေးဝင်မယ်။ ဘယ်သူနဲ့ သိလို့၊ ဘယ်ဝါနဲ့ သိလို့ဆိုတာမျိုး မရတော့ဘူး” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းက သုဝဏ္ဏကွင်းတွင် ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအဆင့် မြန်မာ-မွန်ဂိုလီးယား ပွဲစဉ် တွင်လည်း မြန်မာ ဘောလုံး အသင်းကို အားပေးရန် အတွက် ပရိသတ်ကို အခမဲ့ ကြည့်ရှုခွင့် ပေးခဲ့သော်လည်း ပြဿနာ တစုံတရာ ပေါ်ပေါက်ခြင်း မရှိခဲ့ပေ။

ယခု မြန်မာ-အိုမန် ပွဲ ဆူပူမှုဖြစ်ကာ ရပ်ဆိုင်းခဲ့ရခြင်းနှင့် ပတ်သက်၍ အစိုးရ သတင်းစာများတွင် ဖော်ပြခြင်း မရှိပေ။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့