..............................

Thursday, July 7, 2011

အဖါးမှားပြီး ရှေ့နေ မလိုက်မိစေဖို့

Write by အဘစ်
၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လ (၇) ရက်၊ ကြာသပတေးနေ့။

စစ်အာဏာသိမ်း (နဝတ၊ နအဖ) ဆီကနေ နိုင်ငံတော်အာဏာကို အမွေ လွှဲပြောင်းဆက်ခံ ခဲ့တဲ့ ကြံ့ဖွံ့အစိုးရက “တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား စည်းလုံးညီညွတ်မှု ခိုင်မာရေး ” ကြွေးကြော်သံတွေ ကျယ်ကျယ် လောင်လောင် ထုတ်လွှင့်နေပေမယ့် လက်တွေ့မှာတော့ မြန်မာနိုင်ငံ နယ်စပ် တလျှောက်မှာ (KNU/KNLA) (DKBA) (KNPP) နဲ့ (SSA -တောင်ပိုင်း) တိုင်းရင်းသား တပ်ဖွဲ့ တွေနဲ့ စစ်ပွဲတွေ ဖြစ်ပွားနေတာ၊ အပစ်ရပ်ထားတဲ့ (KIO/KIA) ကချင် တပ်ဖွဲ့တွေနဲ့ ဇွန်လ (၉) ရက်ကစပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာ၊ တပြိုင်တည်းမှာ (NLD) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်းပစ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်လှည့် စည်းရုံးရေး ခရီးစဉ်တွေကို ကန့်သတ်မှုတွေ လုပ်ဆောင်မယ့် ခြေလှမ်းတွေ ထပ်တိုး လုပ်ဆောင် လာတာကို ကြားသိ နေရပါတယ်။

(၂ဝ၁၁) ခုနှစ် ဇွန်လ (၂၈) ရက် ရက်စွဲနဲ့ “ ပြည်ထဲရေးဝန်ကြီးဌာနက ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကို ဥပဒေနှင့် အညီ လိုက်နာ ဆောင်ရွက်ရန် အကြောင်းကြားစာ ” ဆိုပြီး ပေးပို့ခဲ့သလို “ပြည့်စုံအောင်” နာမည်ခံပြီး “ ရွေးချယ်ခွင့်က လက်ထဲမှာ ” ဆိုတဲ့ ကြံ့ဖွံ့အစိုးရ အာဘော် ဆောင်းပါးကို အစိုးရပိုင် မီဒီယာတွေမှာ ဖေါ်ပြခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း “NLD ဟာ နဝတ ဥပဒေအမှတ် (၄၊၈၈) အရ မှတ်ပုံ တင်ခဲ့တဲ့ တရားဝင် နိုင်ငံရေး ပါတီအဖြစ် ဆက်ရှိနေကြောင်းနဲ့ အဖွဲ့ချုပ်အနေဖြင့် တရားဥပဒေ စိုးမိုးရေးကို လိုလားသည့် အလျှောက် ဥပဒေနှင့် အညီ ဆက်လက် ရပ်တည် နေခြင်းဖြစ်ကြောင်း ” ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကိုကိုထံသို့ လိပ်မူတုန့်ပြန် ဖြေရှင်းခဲ့ပါတယ်။ နောက်ဆက်တွဲ အဖြစ် ပြန်ကြားရေးဝန် ကြီးဌာနပိုင် မီဒီယာ အသီးသီးကနေ “ ကိုကိုအောင် ” နာမည်ခံပြီး “ အတွေးများပြီး အရေးမမှားစေလို ” ဆို တဲ့ဆောင်းပါးနဲ့ ကြံ့ဖွံ့ အစိုးရ အာဘော်ကို ထပ်မံ ရေးသား ဝါဒဖြန့်ချိလာတာ တွေ့ရပါတယ်။

ဒီဖြစ်စဉ်တွေရဲ့အခြေခံ အကြောင်းအရင်းကတော့ (၁၉၉ဝ) ပြည့်နှစ် မေလ (၂၇) ရက် ပါတီစုံဒီ မိုကရေစီ အထွေ ထွေရွေးကောက်ပွဲမှာ တပြည်လုံးနီးပါး အနိုင်ရရှိခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို မြန်မာပြည်ရဲ့ နိုင်ငံရေး အာဏာ အခင်းအကျင်း ထဲကနေ ဆွဲထုတ် ဖယ်ရှားရေး ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အလိုတူ အလိုပါ အုပ်စုတစုရဲ့ ရည်မှန်းချက်ကြောင့်ပဲ ဖြစ်ပါတယ်။ နိုင်ငံရေး အာဏာကို လက်မလွှတ်ရေး အားခဲ လုံးပမ်းခဲ့ကြတဲ့ စစ်တပ် ဗိုလ်ချုပ် အဆက်ဆက်ဟာ (NLD) နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမြစ်ဖြုတ် ချေမှုန်းဖို့ (၁၉၉ဝ) မေလ ရွေးကောက်ပွဲ မတိုင်မီကနေ ဒီကနေ့အထိ နှစ်ပေါင်း (၂ဝ) ကျော် အတွင်း နည်းလမ်း ပေါင်းစုံသုံး တိုက်ခိုက်လာခဲ့တာ အားလုံး သတိပြု မိကြမှာပါ။ မတရားတဲ့ ဥပဒေတွေနဲ့ နေအိမ် အကျယ်ချုပ် ချခြင်း အပါအဝင် လူရိုက်ပွဲ၊ အစုအပြုံလိုက် သတ်ပွဲတွေ ဖန်တီးတာတွေ ကနေ (၂ဝ၁ဝ) ရွေးကောက်ပွဲကို ဝင်ချင်သူနဲ့ သပိတ်မှောက်ရေး အုပ်စုတွေ ကွဲပြား သွားအောင်အထိ နည်းဗျုဟာ အမျိုးမျိုး ချမှတ် ကျင့်သုံးခဲ့ပါ တယ်။ ခုနောက်ဆုံးကတော့ “နအဖ ဥပဒေ အမှတ် (၂ ၊ ၂ဝ၁ဝ)၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၂၅) အရ ရက်ပေါင်း (၆ဝ) အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပြန်လည် လျှောက်ထားခြင်း မရှိသဖြင့် (NLD) ဖျက်သိမ်းပြီးသား ဖြစ်လေသတည်း” ဆိုပြီး မဲပြာပုဆိုး ဇတ်ထုတ်နဲ့ လုပ်ဇတ်ခင်းတာပါပဲ။

(၁၉၉ဝ) မေလ ရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီးဖို့ စစ်အာဏာသိမ်း အုပ်စုက ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး ကြွေးကြော်သံနဲ့ အမျိုးသား ညီလာခံ ဆိုတဲ့ လုပ်ဇတ်ကို (၁၄) နှစ်ကျော် ကြာအောင် လုပ်ဆောင်ခဲ့ပါတယ်။ နာဂစ်မုန်တိုင်း စဲစ ကာလမှာပဲ ပြည်သူ့ဆန္ဒ ခံယူပွဲကိုလုပ်၊ ဆန္ဒမဲ ပေးခွင့်ရှိသူ (၁ဝဝ) မှာ (၉၉) ဦးက မဲလာ ပေးပြီး (၉၂ ၏ ၄၈) ရာခိုင်နှုန်း ထောက်ခံတာဖြစ်လို့ (၂ဝဝ၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်စေ ဆိုတဲ့ လုပ်ဇတ်ကို ခင်းပါတယ်။ (၂ဝဝ၈) ဖွဲ့စည်းပုံ ပုဒ်မ (၄၄၃) ဖေါ်ပြချက်ဖြစ်တဲ့ “ ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာ တည်သည့်နေ့ မတိုင်မီ (နအဖ) က ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည် ဖေါ်ရေးအတွက် ကြိုတင် ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဆောင်ရွက်သည်ဟု မှတ်ယူရမည် ” ဆိုတာကို ကိုးကားသုံးစွဲပြီး (၂ဝ၁ဝ) ရွေးကောက်ပွဲ အတွက် ဥပဒေတွေ ထုတ်တာ တရားဝင်ကြောင်း ဆောင်းပါးရှင် ကိုကိုအောင် က ကြံ့ဖွံ့ အစိုးရကိုယ်စား ရှေ့နေ လိုက်ပေးတာပါ။

(၂ဝဝ၈) ဖွဲ့စည်းပုံမှာ ပုဒ်မ (၄၄၁)၊ (၄၄၂)၊ (၄၄၃) တွေဟာ (နအဖ) ကနေ ကြံ့ဖွံ့လက်ထဲ အာဏာလွှဲပေးတဲ့ အခါ တရားဝင်မှု ရအောင် ဥပဒေအဖြစ် ပြဌာန်းထားပေမယ့် လက်တွေ့မှာ ကြောင်းကျိုး ဆက်စပ် ညီညွတ်မှု မရှိတာတွေ ကိုတွေ့ရပါတယ်။ ပုဒ်မ (၄၄၁) အရ (၂ဝဝ၈) ဖွဲ့စည်းပုံဟာ ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအ ဝေးစတင်ကျင်းပတဲ့ (၂ဝ၁၁) ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့မှာ အာဏာတည်ရတာ ဖြစ်ပြီး တိုင်းပြည် အချုပ်အခြာ အာဏာကို (နအဖ) က ကျင့်သုံးခွင့် ရှိတာလည်း ဇန်နဝါရီ (၃၁) ရက်က နောက်ဆုံး ဖြစ်ကြောင်း ပုဒ်မ (၄၄၂) က အခိုင်အမာ ဖေါ်ပြထားပါတယ်။ ဒီလိုဆိုရင် (၂ဝ၁၁) ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်ကစပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာဟာ ပြည်ထောင်စု လွှတ်တော်ထံမှာသာ ရှိရမှာဖြစ်ပြီး အဲ့ဒီ လွှတ်တော်တွေက (နအဖ) စစ် ကောင်စီနဲ့ ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးစီးတဲ့ ဝန်ကြီးများ အားလုံးကို အသိအမှတ် ပြုပေးမှု လုပ်ခဲ့တာ (လုံးဝ) မရှိခဲ့ပေ မယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အုပ်စုတစုက အာဏာပိုင်တွေလို နောက်ကွယ်က ဆက်လက် လုပ်ဆောင် ခဲ့ကြပါတယ်။ အကျဉ်းချုပ် ဆိုရရင် (၂ဝ၁၁) ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်ကနေ မတ်လ (၃ဝ) ရက်နေ့ ကြံ့ဖွံ့ အစိုးရသစ် ကျမ်းကျိန်တဲ့ ကာလအထိ နှစ်လလုံးကို ရူးချင်ယောင် ဆောင်ပြီး တိုင်းပြည်ကို လက်တလုံးခြား လှည့်ဖျား ခဲ့ကြတာပါ။ (NLD) နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နှိပ်ကွပ်ဖို့ ဥပဒေ အကိုးအကားတွေနဲ့ “ပြည့်စုံအောင်၊ ကိုကိုအောင်” နာမည်ခံပြီး ဆောင်းပါး ထိုင်ရေးပေးနေတဲ့ ကပ်ဖားတွေလည်း ဒီအချက်ကို သတိ ပြုမိလောက်မယ် ထင်ပါတယ်။

ကိုကိုအောင်က “ အတွေးများပြီး အရေးမမှားစေလို ” ဆောင်းပါးကို လိုရာဆွဲ နိဂုံးချုပ်တဲ့ အခါ “ယ္ခင် သူမ၏ ဆောင်ပုဒ်အတိုင်း “ အာဏာဟူသမျှဆန့်ကျင်ကြ ” ဟု ဆက်လက် ခံယူ ကျင့်သုံး နေရော့သလား” လို့ ဆိုထားတဲ့ အတွက် ပြည်သူလူထုကို အကြောက်တရားက ကင်းလွတ်စေရေး အတွေးအခေါ် မျိုးစေ့ ချပေးနိုင်ဖို့ ဒေါ်အောင် ဆန်းစုကြည်က “မတရားတဲ့အမိန့်အာဏာ မှန်သမျှ၊ တာဝန်အရ ဖီဆန်ကြ” လို့ပြောခဲ့တာကို ဖုံးကွယ်ပြီး လီဆည် ရေးသား ထားတာကိုလည်း သတိပြုမိပါတယ်။ အာဏာရှင်များ စိတ်တိုင်းကျ လိုရာ ရေးဆွဲထားသော ဥပဒေများ ကိုင်စွဲ ကိုးကားပြီး အကျယ်ချုပ်က ပြန်လွှတ်ပေးလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ (NLD) တို့ကို မြန်မာ့ နိုင်ငံရေးတွင်းမှ ထွက်ခွါ သွားစေရန် ကြိုးပမ်း ဆောင်ရွက်ခြင်းဟာ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြား စေတဲ့အတွက် အာဏာပိုင်တွေရဲ့ အလိုတော်ရိတွေ အနေနဲ့ “အဖါးမှားပြီး ရှေ့နေ မလိုက်မိစေဖို့ ” သတိပြုဆင်ခြင်နိုင်ရန် စေတနာအရင်းခံဖြင့် တင်ပြလိုက်ပါတယ် ခင်ဗျား။



0 comments:

အပေါ်သို့