..............................

Thursday, July 7, 2011

၇ ရက် ဇူလိုင်

ဦးမျိုး (ဥပဒေ)
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၀၆ ရက် ၂၀၁၁

မေမေကျွေးတဲ့ ထမင်းကို ဗိုက်ကားအောင် မနက်စောစော စားပြီး ကျောင်းသွားနေကျ။ နေ့လည်စာ အတွက် ၅ ပြားပဲ ရလို့ မနက်စာကို အဝကြိတ်ပြီး ကျောင်းလာတာပါ။ ကျောင်းနဲ့ အိမ်က တမိုင်လောက် သွားရတယ်။ လမ်းမှာ သူငယ်ချင်းတွေ ကိုလည်း ဝင်ခေါ်ရသေးတယ်။

သူငယ်ချင်း မောင်တင်အောင်၊ မောင်တင်လှနဲ့ ကျနော်ဟာ ရဲသုံးဖော်ပေါ့။ ရှေ့ဆုံးတန်းမှာထိုင်တဲ့ စံပြ ကျောင်းသား လေးတွေလို့ ဆိုရပါမယ်။ ကျနော်တို့ သုံးယောက်က စာမေးပွဲဆို ပထမ၊ ဒုတိယ၊ တတိယ ၃ နေရာစလုံး ယူပြီး အောင်မြင်နေကျ။ ကျောင်းတက် တရက်မှ အပျက်မခံ။ နေမကောင်းလည်း ကျောင်းက တက်လိုက်သေး။ အဲဒီလို ကျောင်းချစ်၊ ကျောင်းစွဲ၊ ကျောင်းပျက် မခံရဲသူတွေ။ အဲဒီလိုထဲကမှ နေ့တနေ့ကို ကောင်းကောင်းကြီး မှတ်မိနေတယ်။

“ ဟေ့ကောင် … ငပု၊ မင်းကျောင်းမသွားနဲ့တော့။ ဒီနေ့ ကျောင်းပိတ်တယ်”

ကျနော်တို့ သူငယ်ချင်း ၃ ယောက်စလုံးက “ ကျောင်းသွားမယ်” လို့ ပြိုင်တူ အော်ပစ်လိုက်တယ်။
“ မသွားပါနဲ့ ညီလေးတို့ရာ။ ဒီနေ့ဟာ ဆဲဗင်း ဇူလိုင်နေ့လေ။ တက္ကသိုလ်က ငါတို့ ကျောင်းသား အကိုကြီးတွေကို နေဝင်း စစ်တပ်က ပစ်သတ်လို့ ကျောင်းသား တရာကျော် သေတဲ့နေ့လေ။ ငါတို့နဲ့အတူ လိုက်ခဲ့ပါကွာ”

တောင်းတောင်းပန်ပန် ချော့ခေါ်နေသူတွေ အထဲမှာ ကျနော့် အကိုဝမ်းကွဲတွေ၊ အမဝမ်းကွဲတွေ ပါနေပါတယ်။

အကိုတွေ၊ အမတွေက ကျနော့်နား ကပ်လာပြီး ချီပါလေရောလား။ သူငယ်ချင်း ၂ ယောက်က ပါးစပ် အဟောင်းသားနဲ့ ကျနော့်ကို ငေးကြည့် နေကြတယ်။ ကျနော်က ရုန်းကန်ပြီး အကို့ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်ပြီး သူငယ်ချင်းတွေဆီ ထွက်ပြေးတယ်။ အကိုတွေ၊ အမတွေက ကျနော်တို့ကို လိုက်ခေါ်ပါတယ်။

ဆရာမ ဒေါ်ခင်ကြီးက ပြန်ကြမယ်လေ ပြောမှ ကျနော်တို့ အိမ်ဘက်ကို မျက်နှာမူပါတော့တယ်။ ကျနော်တို့ အဲဒီနေ့က ကျောင်းမတက်ခဲ့ပါ။

ကျနော်တို့ မူလတန်း ကျောင်းနှင့် အိမ်အကြားတွင် အထက်တန်းကျောင်း ရှိနေတယ်။ ရွာထဲဖြစ်လို့ ကျောင်းရှေ့မှာ လူတွေ အများကြီး စုဝေး နေကြတယ်။ ကျောင်းသားတွေချည်း မဟုတ်။ လူထုတွေပါ လာကြတယ်။ ဘာဖြစ်ပါလိမ့်ပေါ့။ ကျနော်တို့ သွားကြည့်ပါတယ်။

ခဏနေတော့ သီချင်းသံ အကျယ်ကြီးထွက်လာတယ်။ ဟော … မမမိငယ် အသံပါလား။ ကိုယ့်အိမ်မှာ နေတဲ့ ကိုယ့်အမကြောင့် ပြောတာ မဟုတ်ပါ။ မမမိငယ်မှာ ရုပ်ရှင်မင်းသမီးတွေထက် ချောလှပြီး၊ အသံလည်း အင်မတန် သာယာပါတယ်။ “ တက္ကသိုလ် ဒို့ကျောင်းတနေရာ အုတ်မြစ် စုလျက်ပုံလျက်နေပြန်တာ” အစချီတဲ့ သမဂ္ဂ သီချင်းတပုဒ်ကို စဆိုပါတော့တယ်။ အိမ်မှာ မမဆိုတဲ့ “တဝဂူ” သီချင်း အလိုက်အတိုင်း ဆိုသံကို ကြားနေကျမို့ ပိုလို့ ကောင်းနေပါတယ်။ ကျနော့်ဘေးက အကို ကဗျာဆရာက ငိုပါလေရောလား။

တခြား ကျောင်းသူကျောင်းသားတွေလည်း ငိုနေကြပြီလေ။ ကျနော့်မှာ ရှိုက်လို့သာ နေပါတော့တယ်။ ရင်ဘတ်မှာ နှင်းဆီပန်း အနီတွေနဲ့ချည်း ကျောင်းသားကြီးတွေ ငိုနေလေပြီလေ။ ကျနော် တက္ကသိုလ်ရောက်တော့ သူငယ်ချင်းတွေကို မှတ်မှတ်ထင်ထင် ပြောပြဖြစ်ခဲ့ပါတယ်။ ကျနော့် ဘဝ အစပါ။

၁၉၆၂ ဇူလိုင် ၇ ရက်ကို သစ်ပုတ်ပင်အောက်ထိုင်ရင်း သူငယ်ချင်းတွေနဲ့ စကားဝိုင်း ဖွဲ့ဖြစ်ကြတယ်။ အဲဒီနေ့က တက္ကသိုလ် ရွှေရတု သဘင် (၁၉၇ဝ) ကျင်းပနေတဲ့ ဒုတိယနေ့ပါ။ ကျနော်တို့ ဒီအတိုင်း ထိုင်နေကြမလားပေါ့။ ဘာလုပ်ကြမလဲ ဆွေးနွေးနေစဉ်မှာ မော်လမြိုင် ကောလိပ်က ကျောင်းသားတွေ ဆန္ဒပြကုန်ပြီလို့ ချက်ချင်း သတင်း ရောက်လာပါတယ်။ ရန်ကုန် ကျောင်းသားကြီးများ နောက်ကျ သွားလေပြီ။ တက္ကသိုလ် ကောလိပ်ကျောင်းတွေ ပိတ်ကြောင်း ချက်ချင်း ကြေညာပါတယ်။ ကျောင်းတွေပိတ်၊ လူစုခွဲတဲ့ နည်းကို ဖက်ဆစ်နေဝင်း တသက်လုံး ကျင့်သုံးခဲ့တယ်။ အဲဒီနေ့ညမှာပဲ လှည်းတန်း အဝိုင်းကြီးကို စဖျက်ပါတော့တယ်။ မဟာဝိဇ္ဇာ တက်နေတဲ့ တက္ကသိုလ်ကျောင်းသား အကိုကြီးက သမိုင်းကို သူကြုံခဲ့ရတဲ့အတိုင်း ကျနော်တို့ကို ရှင်းပြပါတယ်။

တက္ကသိုလ်ကျောင်း ဝန်းရံထားတဲ့ သံတိုင်တွေ၊ ကျည်ဆံမှန်ထားတဲ့ ဒဏ်ရာတွေကို တချောင်းချင်း လိုက်ပြပါတယ်။ သံတိုင် တချောင်းကို ကျည်တဝက် မှန်ထားပေမယ့် ကျိုးမသွားပါ။ သံတိုင်ပေါင်း ရာချီမက တွေ့ရပါတယ်။ အမှတ်အသား သက်သေခံချက်ကြီးတွေ ပါလား။

ကျနော် စစ်ကိုင်းဆောင်နဲ့ အင်းဝဆောင်မှာ နေခဲ့ဖူးပါတယ်။ အဓိပတိလမ်းဝင်တိုင်း မုခ်ဦး အုတ်တိုင်ပေါ်က ကျည်ဆံ ရာတွေနဲ့ သမဂ္ဂ အဆောက်အအုံ ဝင်းကြီးကို အမြဲ သတိထားမိပါတယ်။ ဦးသန့် အရေးအခင်း ရောက်တော့မှ သမဂ္ဂ အလံတိုင်ကို သေသေချာချာ ပွတ်သပ် လေ့လာဖူးပါတယ်။ အလံတိုင်မှာ ခြကိုက်ပိုးထိုး ဖြစ်နေပါပြီ။ ၁၉၇ဝ ခုနှစ် တက္ကသိုလ် ရွှေရတုသဘင် ကာလက သမိုင်းဝင် ဖြစ်ရပ် ဓာတ်ပုံများ စာအုပ်ကို သေသေချာချာ တွေ့မြင်ဖူးပါတယ်။ ကျွန်းပြန် ကျောင်းသားရဲဘော်ကြီးတဦးက ပြသလို့ မြင်ဖူး လိုက်တာပါ။

ကျနော် အင်းဝဆောင်နေတုန်း အကိုကြီးတဦး တက္ကသိုလ် ဆေးရုံ လာတက်တာကို အကြောင်းပြုပြီး၊ ရန်ကုန် ကျောင်းသား သမဂ္ဂနှင့် တကသ ကျောင်းသားခေါင်းဆောင် ရဲဘော်ကြီး ဦးဥာဏ်ဝင်းကို ဦးချစ်လက်ဖက်ရည် ဆိုင်တွင် စကား ပြောဖူးပါတယ်။ ကျနော်တို့ မျက်နှာကို သေသေချာချာ ကြည့်ပြီး အင်မတန် ဂရုဏာသက်တဲ့ အကြည့်နဲ့ စကား ချိုချိုသာသာ ပြောပြတာကို ကျနော့်တသက် မမေ့ပါ။

ကျောင်းဝင်းထဲကို ဒီတကြိမ်ပဲ ပြန်ရောက်တာပါတဲ့။ နောက်လာဖြစ်မှာ မဟုတ်တော့ဘူးလို့ ပြောပြီး ပြန်သွားပါတယ်။ အကိုကြီးရဲ့ သဏ္ဍာန်ကို ပြန်သွားတဲ့အထိ လိုက်ကြည့် နေမိပါတယ်။ အင်မတန် ကြည်ညို လေးစားစရာ ကောင်းပါတယ်။ နောက်တော့ ကိုဥာဏ်ဝင်းနဲ့ ကိုတင်မောင်ဝင်းတို့ ညီအကို နှစ်ယောက်စလုံး တော်လှန်ရေး တနေရာမှာ တာဝန် ပြီးဆုံးသွားပြီလို့ သိလိုက်ရပါတယ်။ ကျနော့်မှာ ကိုရဲဝင်းရဲ့ သူငယ်ချင်းရဲဘော် ဖြစ်လို့ကတကြောင်း၊ ကိုယ့်ကျောင်းသား နောင်တော် ရဲဘော်ကြီးတွေ ဖြစ်လို့က တကြောင်းမို့လို့ မျက်ရည်ကျမိပါတယ်။ အကိုကြီးတွေ မရှိကြတော့ပြီ။

အင်းစိန်ထောင်ထဲ ညီလေး (ရခိုင်လို ညီချေ) လို့ တမြင်ကပင် လှမ်းအော်နေတဲ့ အကိုကြီး ကိုသန်းရွှေလည်း ထောင်ထဲမှာ အသတ် ခံလိုက်ရတယ်။ သေဆုံးသွားပြီဖြစ်တဲ့ ရဲဘော်ကြီးတွေ မနည်းတော့ပြီ။ သူတို့ရဲ့ စိတ်ဓာတ်နဲ့ အာရုံကား ကျနော်တို့မှာ အသွေးအသား ဖြစ်ကျန်ရစ်ပါပြီ။ အကိုကြီးတွေ မသေပါ။

ကျနော် ၁၉၇၄၊ ၇၅ ခုနှစ် ဇွန် ၆ အထွေထွေ အလုပ်သမား သပိတ်ကြောင့် ထောင်ဒဏ် ၇ နှစ်ကျပြီး ပြန်ထွက် လာချိန်မှာတော့ မူလတန်း ကျောင်းသား ဘဝက ကျောင်းတက်ချင် လွန်းတဲ့ ကျနော်မှာ ကျောင်းကို ပြန်လှည့် မကြည့်ချင်တော့ပါ။ ဒါပေမဲ့ ထောင်က ထွက်တဲ့နေ့မှာ ဆရာဖြစ်သူ ဖခင်ကြီးရဲ့ ကျုံးသွင်းကောင်းမှုကြောင့် ဘွဲ့ရခဲ့တယ်။ တက္ကသိုလ် ကျောင်းဝင်း ပြန်ရောက်တိုင်း နဂိုအတိုင်း သွေးသား ပြန်ပေါ်ပါတယ်။

၁၉၈၈ ခုနှစ် တက္ကသိုလ်ကျောင်းဝင်း ပြန်ရောက်ဖြစ်ပါတယ်။ ၈ လေးလုံး ရောက်ပါပြီ။ နဂို အသွေးအသား အတိုင်း နုပျိုမြစ်ဆဲ၊ လန်းဆန်းဆဲပါ။ တူ၊ တူမ အရွယ်ကိုပင် ညီလေး၊ ညီမလေး ခေါ်ပြီး ကျနော်တို့ နုပျိုနေကြပြီ။ ဘာလိုသေးလို့လဲ။ ရဲဘော်တွေ ကျနော်တို့နဲ့ အတူ ရှိပြီ။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့