..............................

Tuesday, November 23, 2010

ရွေးကောက်ပွဲကော်မရှင်၏ အမှားပြင်ဆင်ချက်များ လူရယ်စရာဖြစ်နေ

Monday, 22 November 2010

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်တဦးချင်းစီ၏ ဆန္ဒမဲရရှိမှု အခြေအနေများ ကြေညာ ရာတွင် ကိန်းဂဏန်း အချက်အလက်များ မှားယွင်း ဖော်ပြခဲ့သဖြင့် အမှား ပြင်ဆင်ချက်များ နေ့စဉ် ထုတ်ပြန် နေသောကြောင့် ဖတ်ရှုရသည့် ပြည်သူများမှာ ဟာသ အဖြစ် ပြောဆို ရယ်မောနေကြကြောင်း ကြားသိရသည်။

စစ်အစိုးရပိုင် သတင်းစာများတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆန္ဒမဲပေးနိုင်သူ အရေ အတွက်များ မှားယွင်း ဖော်ပြခြင်း၊ ပယ်ဖျက် ထားသော မဲဆန္ဒနယ် များတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ လွှတ်တော် အမတ် လောင်းများက ပြိုင်ဘက်မရှိ အနိုင်ရသည့် ပုံစံ ထည့်သွင်း ဖော်ပြခြင်း၊ မဲဆန္ဒနယ် တချို့တွင် မဲပေးသူ ၁၀၀ ရာခိုင်နှုန်း ကျော် ရှိသည်ဟု ဖော်ပြခဲ့ခြင်း အပါအ၀င် အမှားအယွင်းများ ဆက်တိုက် ကြေညာ၍ အမှား ပြင်ဆင်ချက်များကို ပြန်လည် ထည့်သွင်းခဲ့သည်။

“ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆိုတာ နိုင်ငံတော်ရဲ့ အစိုးရ တရပ် အသစ်ပေါ်ထွန်းဖို့ ပဲ့ကိုင် ပေးနေရတဲ့ အဖွဲ့အစည်း။ အဲဒီ အဖွဲ့အစည်းက အချက်အလက် အလွဲအမှားတွေ ကြေညာတယ် ဆိုတာ သူတို့ မဟုတ်တာ လုပ်တယ် ဆိုတာတွေကို ပေါ်လွင် စေတာပေါ့” ဟု နိုင်ငံရေးပါတီတခု မှ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ထားသည့် လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၁၆ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများ ထဲတွင် တောင်ငူ မဲဆန္ဒနယ် ၁ ၌ မဲဆန္ဒရှင်ဦးရေ ၇၄၆၄၅ ဦး၊ ၁၀၂. ၀၉ ရာခိုင်နှုန်းဟု မှားယွင်း ဖော်ပြခဲ့ပြီးမှ နောက်တနေ့တွင် မဲဆန္ဒရှင် ဦးရေ အမှန်မှာ ၇၆၅၃၅ ဦး ဖြစ်ကြောင်း၊ ရာခိုင်နှုန်းမှာလည်း ၉၉. ၅၇ ဖြစ်ကြောင်း ပြင်ဆင် ဖတ်ရှုပါရန် ပြန်လည် ဖော်ပြခဲ့သည်။

အလားတူ တောင်ငူမဲဆန္ဒနယ် ၂ တွင်လည်း မဲဆန္ဒရှင်ဦးရေ ၈၄၅၃၇ အစား ၈၂၆၄၇ ဟုလည်းကောင်း၊ မဲပေးသူ ရာခိုင်နှုန်း ၈၇.၆၀ အစား ၈၅.၆၄ ဟုလည်းကောင်း ပြင်ဆင် ဖတ်ရှုပါရန် ကြေညာထားသည်။

“ရွေးကောက်ပွဲကော်မရှင်က လိမ်တာတောင် ယုတ္တိရှိရှိ မလိမ်တတ်ဘူး။ မဲပေးသူ ရာခိုင်နှုန်းက ၁၀၀ ရာခိုင်နှုန်းထက် ကျော်နေတယ်။ မဲပေးသူ အားလုံး မဲလာပေးတဲ့ အပြင် ပိုတောင် ပိုနေသေးတယ်လို့ ပြောနေသလိုပဲ။ တော်တော် ဟာသ မြောက်တယ်” ဟု ရန်ကုန် ဒေသခံတဦးက ပြောသည်။

အလားတူ နိုဝင်ဘာလ ၁၇ နေ့ထုတ် သတင်းစာ များတွင်လည်း အမ်း မဲဆန္ဒနယ် ၁ တွင် မဲဆန္ဒရှင်ဦး ရေ ၂၆၀၆၅ အစား ၃၇၈၈၆ ဟု လည်းကောင်း၊ မဲပေးသူ ရာခိုင်နှုန်း ၁၀၄.၂၈ အစား ၇၁.၇၄ ဟုလည်းကောင်း၊ ကျောက်ပန်းတောင်း မဲဆန္ဒနယ်
မဲဆန္ဒရှင် ဦးရေ ၁၅၂၆၁၄ အစား ၂၀၅၇၈၅ ဟုလည်းကောင်း၊ မဲပေးသူ ရာခိုင်နှုန်း ၁၀၀ အစား ၇၄.၁၆ ဟုလည်းကောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ် ၁ မဲဆန္ဒရှင် ဦးရေ ၁၀၈၂၄၄၅ အစား ၁၀၈၁၉၇ ဟုလည်းကောင်း၊ မဲပေးသူ ရာခိုင်နှုန်း
၆.၅၁ အစား ၆၅.၀၉ ဟု လည်းကောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ် ၂ မဲဆန္ဒရှင်ဦးရေ ၈၆၇၉၅၆ အစား ၁၀၂၈၆၄ ဟုလည်းကောင်း၊ မဲပေးသူ ရာခိုင်နှုန်း ၈.၁၅ အစား ၆၈.၇၉ ဟုလည်းကောင်း ပြင်ဆင် ဖတ်ရှုပါရန် ဖော်ပြထားသည်။

ထို့အပြင် ကချင်ပြည်နယ်ရှိ ပယ်ဖျက်ထားသည့် အင်ဂျန်းယန် မဲဆန္ဒနယ် ၂ တွင် ကြံ့ဖွံ့ပါတီ အမတ်လောင်း ဦးဘရန်ရှောင်နှင့် ပယ်ဖျက် မဲဆန္ဒနယ် ဆွမ်ပရာဘွမ် မဲဆန္ဒနယ် ၂ တွင် ကြံ့ဖွံ့ပါတီ အမတ်လောင်း ဦးမုန်ပေါန်နော် တို့က ပြိုင်ဘက်မရှိ အနိုင်ရကြောင်း ရေးသား ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

“ကြံ့ဖွံ့ပါတီက ပြည်လုံးကျွတ် လွှတ်တော်နေရာ အများစုမှာ နိုင်တဲ့အပြင် ရွေးကောက်ပွဲ မကျင်းပနိုင်လို့ ပယ်ဖျက်ထားတဲ့ မဲဆန္ဒနယ် တွေမှာပါ အနိုင်ရ ဗိုလ်စွဲတယ်လို့ ပြောရမလိုပဲ” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဗဟို အလုပ်အမှုဆောင် တဦးက ပြောသည်။

ရန်ကုန် တက္ကသိုလ် ကျောင်းဆရာတဦးကမူ “ကြံ့ဖွံ့ပါတီရဲ့ အောင်မြင်မှုက အံ့မခန်းပဲ။ နိုင်ငံတကာနဲ့ ယှဉ်ရင် ဂင်းနစ် စံချိန် တင်လောက်တယ်။ ပြီးတော့ ဘယ်နိုင်ငံမှာမှ မရှိတဲ့ ကြိုတင်မဲပေး စနစ်မျိုး ဒီမှာ ရှိနေတာကလည်း အရမ်း ထူးခြားတယ်။
ကမ္ဘာ့ အံ့သြဖွယ် ရွေးကောက်ပွဲနဲ့ မယုံကြည်နိုင်လောက်သော အောင်မြင်မှုတွေပဲ။ ပါတီ တာဝန်ရှိသူတွေက ဂင်းနစ် မှတ်တမ်းဝင်အောင် ဆက်သွယ် လုပ်ဆောင်ကြပါလို့ အကြံပြုချင်ပါတယ်” ဟု ဆိုသည်။

ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲတွင် မဲလိမ်မဲခိုးမှုများ၊ ကြိုတင်မဲများဖြင့် အမတ်နေရာ အများဆုံး အနိုင် ရရှိခဲ့ပြီးနောက် နိုင်ငံရေး ပါတီ တချို့က မဲမသမာမှုများကို ဖော်ထုတ်ပြီး ကြံ့ဖွံ့ပါတီနှင့် ရွေးကောက်ပွဲ ကော်မရှင်ကို ဥပဒေကြောင်း အရ တရားစွဲဆိုရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့