..............................

Friday, November 26, 2010

ရခိုင်ပါတီနှင့် ပူးပေါင်းလိုကြောင်း ဝန်ကြီးနှစ်ဦး ပြော

သိန်းဇော်
ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၅ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ ပြည်နယ်လွှတ်တော်ထဲတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း နအဖ ဝန်ကြီးနှစ်ဦးက RNDP ခေါ် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ စစ်တွေမြို့ရှိ အမတ် ၃ ဦးကို ပြောခဲ့ကြောင်း RNDP က ပြောသည်။

အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်းနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးသိန်းဆွေက အမတ် ၄၆-၄၇ ဦးရှိမည့် ပြည်နယ် လွှတ်တော် ထဲတွင် ၁၈ ဦးဖြင့် အများဆုံး နေရာရရှိသည့် RNDP မှ အမတ် ၃ ဦးကို ယခုလ ၂၂ ရက်နေ့တွင် စစ်တွေ၌ တွေ့ဆုံခဲ့ကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

’’သူတို့ပြောတာက လွှတ်တော်မှာ လိုအပ်တဲ့ဟာတွေကို ပူးပေါင်းလို့ လုပ်မယ်ဆိုပြီးတော့ ဆွေးနွေးတာပါ။ သူတို့ ဆွေးနွေးတာပါ။ သဘောတူညီမှု မရသေးဘူး။ မိတ်ဖြစ်ဆွေဖြစ် ဆွေးနွေးတာ။ ကျနော်တို့ အဖြေ မပေးလိုက်သေးဘူး။ အဖြေမပေး ဆိုတာက EC အစည်းအဝေး ထိုင်ပြီးမှ ဆုံးဖြတ်နိုင်မှာလို့ ပြန်ပြောလိုက်တယ်။ သူတို့က RNDP ဟာ ရခိုင်ပြည်မှာ အများဆုံး ရတာကြောင့် ဂုဏ်ယူတယ်လို့ ပြောတယ်’’ ဟု ကိုယ်တိုင် တွေ့ဆုံခဲ့သည့် RNDP ပြည်သူ့လွှတ်တော်အမတ် ဦးမောင်ညိုက မဇ္ဈိမကို ပြောသည်။

RNDP နှင့် ဝန်ကြီးများ တွေ့ဆုံနိုင်ရန်အတွက် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က စီစဉ်ပေးခဲ့သည်။ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီကို ကိုယ်စားပြုကာ ပြည်သူ့ လွှတ်တော်အတွက် ဝန်ကြီး ဦးအောင်သောင်းသည် မန္တလေးတိုင်း တောင်သာမြို့နယ်မှ၎င်း၊ ပို့ဆောင်ရေး ဝန်ကြီး ဦးသိန်းဆွေမှာ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှနေ၍ ရွေးကောက်ပွဲဝင်ခဲ့ရာ အနိုင် ရရှိခဲ့ကြသည်။

RNDP အမတ်များက ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသ ဖြစ်သဖြင့် မွေးမြူရေးနှင့် လျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းများ တွင်ကျယ်လာလျှင် နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်ရန် အလားအလာရှိကြောင်း တင်ပြခဲ့သည်ဟု တွေ့ဆုံပွဲသို့ သွားရောက် ခဲ့သည့် RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

“ ဖွံ့ဖြိုးမှုလုပ်ငန်းကို အလွယ်တကူနဲ့ အလျင်အမြန် လုပ်နိုင်တယ်။ ပင်လယ်ရေနက်ဆိပ်ကမ်း ရှိတယ်။ လျှပ်စစ် ဓာတ်အားကိုသာ ၂၄ နာရီ ရရင် ပင်လယ် ကမ်းနီးကမ်းဝေး ငါးဖမ်း လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ စက်မှုဇုန်တွေ၊ မွေးမြူရေးဇုန်တွေ ပေါ်လာနိုင်တယ်၊ ဘင်္ဂလားဒေ့ခ်ျနဲ့ အိန္ဒိယ ဈေးကွက်တွေ ဝင်လာနိုင်တယ်လို့ တင်ပြခဲ့တယ်” ဟု သူက ပြောသည်။

ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများသာမက မည်သည့်ကိစ္စမဆို ရခိုင်ပြည်နယ်နှင့် ပြည်ထောင်စု အကျိုးအတွက် ထောက်ခံမည် ဖြစ်ပြီး၊ လူထုကို ထိခိုက်မည့် ကိစ္စမျိုးဖြစ်လျှင် ကန့်ကွက်သွားမည်ဟု RNDP က ဆိုသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် RNDP သည် ပြည်နယ်တဝှန်း မဲဆန္ဒနယ် ၄၄ နေရာ ဝင်ပြိုင်ခဲ့ရာ ၃၄ နေရာ အနိုင်ရခဲ့ရာ၊ အမျိုးသား လွှတ်တော်တွင် ၇ ဦး၊ ပြည်သူ့ လွှတ်တော်တွင် ၉ ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် ၁၈ နှင့် လူမျိုးစု လွှတ်တော်တွင် ၁ ဦး ရရှိခဲ့သည်။

ပြည်နယ်လွှတ်တော်တွင် RNDP က ၁၈ နေရာရရှိပြီး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးကမူ ၁၃ နေရာ ရရှိသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့