..............................

Wednesday, September 15, 2010

ဝ တပ်ဖွဲ့ နယ်မြေအနီး နအဖတပ်များ ချဉ်းကပ်

ပေါက်ပေါက်
၁၄ စက်တင်ဘာ ၂၀၁၀

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲအခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) လက်အောက်ခံ တပ်ရင်း (၃) ခုသည် တန့်ယန်းမြို့၌ စက်တင်ဘာ (၁၂) ရက်တွင် လာရောက် တပ်စွဲထားပြီး သံလွင်မြစ် အရှေ့ဘက်ခြမ်း ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဝတပ်ဖွဲ့ ထိန်းချုပ်နယ်မြေ အနီးသို့ ချဉ်းကပ် လှုပ်ရှားလျက်ရှိသည်။

တန့်ယန်းဗျူဟာလက်အောက်ခံ တပ်ရင်းများအပြင် စကခ (၁) တပ်ရင်းများသည် သံလွင်အရှေ့ခြမ်း၊ နအဖ ရှေ့တန်း တပ်စခန်း လွယ်ပန်လုံတွင် အခြေပြုပြီး အနီးရှိ ဝ တပ်ဖွဲ့ ထိန်းချုပ်ရာ မန်းရှာ ဒေသအတွင်း တိုက်ပွဲ ဖော်ကောင်း ဖော်လာနိုင်သည်ဟု ဝ တပ်ဖွဲ့နှင့် နီးစပ်သူ စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “တန့်ယန်းဗျူဟာ နယ်မြေထဲမှာ တပ်ရင်း (၇) ခုလောက်ရှိနေပြီ။ ကျန်တဲ့ တပ်တွေကိုလည်း စစ်ထွက်နိုင်အောင် ပြင်ဆင် ထားတာလည်း ရှိသေးတယ်။ လွယ်ပန်လုံက နအဖ တပ်တွေက နဂိုကတည်းက သိမ်းထားပြီးသား။ အဲဒီ အရှေ့က မန်းရှာကို တိုက်လို့ရတယ်။ ဝ ဒေသကို အကန့်အသတ်နဲ့ တိုက်လာနိုင်တယ်။ အဲဒီ မန်းရှာက တရုတ် နယ်စပ်နဲ့လည်း ဝေးတယ်” ဟု ပြောသည်။

နအဖဘက်က ဝတပ်ဖွဲ့အပါအဝင် အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်အသွင် ပြောင်းရေးအတွက် ယမန်နှစ် ဧပြီလအတွင်း ဖိအားပေးစဉ် ကတည်းက စ၍ ဝ တပ်ဖွဲ့က စစ်ရေး သတိဖြင့် ရှိနေခဲ့သည်။

ယခုကဲ့သို့ နအဖတပ်များ ချဉ်းကပ်လှုပ်ရှားလာမှုအပေါ် ဒေသခံတို့အနေဖြင့်လည်း စစ်ပွဲများနှင့် ပတ်သက်၍ စိုးရိမ် ထိတ်လန့်မှုများ မကြာခဏ ဖြစ်နေရသဖြင့် မည်သို့မျှ ထူးထူးခြားခြား ဖြစ်မလာတော့ကြောင်း ပန်ဆန်း ဒေသခံတဦးက ပြောသည်။

၎င်းက “နယ်ခြားစောင့်ကိစ္စ ပေါ်ကတည်းက ဝရဲဘော်တွေ ဟိုသွား၊ ဒီသွားနဲ့ ရှိလာတယ်။ ကိုးကန့်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပြီးတော့ ဒီဘက်မှာ တရုတ်ဘက် ပြေးရတာတွေလည်း ရှိတယ်။ တိုက်ပွဲတွေ ဖြစ်မှာကို စိုးရိမ်တာပေါ့။ အစိုးရ ဝန်ထမ်းတွေ ပြန်တာတောင် (၂) ကြိမ်ရှိနေပြီ။ အဲဒါတွေ ခဏခဏဖြစ်နေတော့ ရိုးလာနေပြီ။ ဟိုတခေါက်တုန်းကလို ပစ္စည်းတွေ ရွှေ့ပြောင်းတာ မရှိသေးဘူး။ တကယ်ဖြစ်မှပဲ ရွှေ့ရင် ရွှေ့တော့မယ်” ဟု ပြောသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဝတပ်ဖွဲ့က ငြင်းဆိုခဲ့သဖြင့် နအဖဘက်က တိုက်ပွဲ ဖြစ်လာမည်ကို စိုးရိမ်ပြီး ဝ ဒေသအတွင်း တာဝန် ထမ်းဆောင်နေကြသည့် နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးမှု ဝန်ကြီးဌာန (နတလ) လက်အောက်ခံ ဝန်ထမ်းများနှင့် အန်ဂျီအိုများအား ယခုနှစ် ဧပြီလအတွင်း၌ ၀ ဒေသအတွင်းမှ ပြန်လွှတ်ခဲ့သည်။

စက်တင်ဘာ (၁) ရက် နောက်ဆုံးထားပြီး လက်နက်စွန့်ရန် နအဖဘက်က ပြောဆိုမှုကို ဝ တပ်ဖွဲ့က ငြင်းဆိုခဲ့သဖြင့် ဝ ဒေသ အတွင်းရှိ နအဖ ဆက်ဆံရေးရုံး လုံခြုံရေး တာဝန်ကျ စစ်သားများနှင့် နတလ ဝန်ထမ်းများကိုလည်း စက်တင်ဘာ ပထမပတ် အတွင်းက နအဖက ပြန်ခေါ်ယူသွားခဲ့သည်။

မကြာသေးမီက နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ပြည်ခရီးစဉ် အတွင်း နယ်စပ် ဒေသများတွင် တည်ငြိမ် အေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြရန် တရုတ်နှင့် မြန်မာအကြား ဆွေးနွေးမှုများ ရှိခဲ့သေးသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့