..............................

Monday, May 10, 2010

ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ်

အောင်ထက်/ ၇ မေ ၂ဝ၁ဝ

ရန်ကုန်မြို့၏ အထင်ကရ စာသင်ကျောင်း (၅) ကျောင်းအား အစိုးရ အဆင့်မြင့် အထက်တန်းကျောင်းများအဖြစ် အဆင့်မြှင့် အသွင် ပြောင်းမည်ဟု သတင်းများ ပေါ်ထွက်လျက်ရှိသည်။

ထိုသို့ သတင်းထွက်နေသော ကျောင်းများမှာ ဗဟန်း အထက - ၂ (နန်ရန်းကျောင်း)၊ ဒဂုံ အထက - ၁၊ ဒဂုံ အထက - ၂၊ ကမာရွတ် မရမ်းခြံ အထကနှင့် ဗိုလ်တထောင် အထက - ၆ (စိန်ပေါလ်) တို့ ဖြစ်သည်။

“ဒါ မြန်မာပြည်မှာ ပထမဆုံးလုပ်တာပဲပေါ့။ လစဉ်ကြေး တလ (၅) သောင်းကျပ် ပေးသွင်းရမယ်။ သင်ထောက်ကူ ပစ္စည်းတွေကို နိုင်ငံတကာ အဆင့်မီ ကျောင်းသားတိုင်း သုံးစွဲခွင့်ရမယ် ကြားနေတယ်” ဟု စိန်ပေါလ် ကျောင်းသား မိဘတဦးက ပြောသည်။

အင်္ဂလိပ်စာနှင့် ဘိုင်အိုကဲ့သို့ ဘာသာရပ်သင်ဆရာများကို နိုင်ငံခြားမှ ခေါ်ယူမည်ဟုလည်း သတင်းများ ထွက်နေခြင်းကြောင့် ကျောင်းသား မိဘများက အထူး စိတ်ဝင်စားနေကြသည်ဟု ၎င်းက ပြောသည်။

ဒဂုံ အထက (၁) ကျောင်းသားမိဘတဦးကမူ “မေ (၂၃) ရက်နေ့ ကျောင်းအပ်လက်ခံရင် ဒီသတင်းနဲ့ပတ်သက်လို့ တခုခု ထူးခြားမယ် ထင်တယ်။ စနစ်တကျ အရည်အချင်း အပြည့်နဲ့သင်ပါ။ ဒီကျောင်းတွေမှာ ထားကြတဲ့ ကျောင်းသားမိဘတွေ တလ (၅) သောင်း ပေးနိုင်ပါတယ်။ ခုလည်း လက်ရှိကျောင်းက ဆရာမတွေဆီမှာ ကျူရှင်သင်နေရတာ တလ (၅) သောင်း မကပါဘူး” ဟု ပြောသည်။

အဆိုပါ အထင်ကရ ကျောင်းများသို့ တက်ရောက်ခွင့်ရရှိရန် ကျောင်းသားသစ်တဦး (၁၀) သိန်းနှင့်အထက် ပေးသွင်းနေကြရသည်။

ဗဟန်း အထက (၂) ကျောင်းသားမိဘ တဦးကလည်း “ကျောင်းက ဆရာမဆီမှာ (၈) တန်း ကျူရှင် ကြိုသင်နေတာ တလ (၃) သောင်း ပေးရတယ်။ နိုင်ငံတကာ အဆင့်မီကျောင်းကို (၅) သောင်းပေးသင်ရတာ မသိသာပါဘူး။ ကျူရှင် လိုက်ပို့ပေးနေရတဲ့ တာဝန်တောင် ကင်းသေးတယ်” ဟု ဆိုသည်။

ရန်ကုန်မြို့မှ နာမည်ကြီးကျူရှင် ဆရာတဦးကမူ အစိုးရအနေဖြင့် ကျောင်းများကို အဆင့်မြှင့်အသွင်ပြောင်းရန် ရုတ်တရက် မဖြစ်နိုင် သေးကြောင်း၊ အစိုးရခန့်ဆရာများအတွက် လစာသတ်မှတ်ရေးနှင့် လုပ်သက်ပင်စင်များတွက်ချက်ရန် အခက်အခဲ ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

အငြိမ်းစားပညာရေးမှူးတဦးကမူ ယခုလက်ရှိကျင့်သုံးနေသည့် ပညာရေးစနစ်ကြောင့် ကျောင်းသားများမှာ အတန်း အောင်နေကြသော်လည်း အရည်အသွေးပြည့် ကျောင်းသားများ အလွန် နည်းပါးနေသည်ဟု ဆိုသည်။

၎င်းက “ကျောင်းသားတွေဟာ တဦးနဲ့တဦး ပင်ကိုယ် အရည်အသွေး မတူနိုင်ဘူး။ ဒါကို (၉) တန်းအထိ မဖြစ်မနေ အအောင် ပေးနေရတဲ့ စဉ်ဆက်မပြတ် အတန်းတင်ပေးရေး ပညာရေးမူဝါဒကိုက မှားနေတယ်။ ဒီတော့ မြန်မာပြည်မှာ အတန်းအောင်တွေသာ များနေတယ်။ အရည်အသွေး ပြည့်မီတဲ့ ပညာတတ်တွေတော့ ထွက်မှာမဟုတ်ဘူး” ဟု သုံးသပ်သည်။

ယခုကဲ့သို့ ကျောင်းအချို့အား အစိုးရအဆင့်မြင့်ကျောင်းအဖြစ် ပြောင်းလဲမည့်သတင်းနှင့်ပတ်သက်၍ အမှတ် (၃) အခြေခံပညာ ဦးစီး (အောက်မြန်မာနိုင်ငံ) မှ အရာထမ်းတဦးက လုံးဝ အခြေအမြစ်မရှိကြောင်း ငြင်းဆိုသည်။

ယခုကဲ့သို့ ကျောင်းဝင်ခွင့်လက်ခံကာလ မရောက်မီတွင် ထိုကဲ့သို့ ကောလာဟလသတင်းများ နှစ်စဉ် ထွက်ပေါ်လေ့ ရှိတတ်သည်ဟု ၎င်းကပြောသည်။

လက်ရှိတွင် အခြေခံပညာအဆင့် ပုဂ္ဂလိက (Private School) အဖြစ် လျှောက်လွှာတင်သည့် (၂၄) ကျောင်းအနက် ပုဂ္ဂလိက (၆) ကျောင်းကို မတ်လအတွင်းက စိစစ်ခွင့်ပြုပြီးဖြစ်သည်။

၎င်းတို့မှာ မဟာမြကျွန်းသာ၊ ဇင်ယော်၊ EC ပညာရိပ်သာ၊ Success ၊ Halphin Group တို့ပါဝင်ပြီး လာမည့် ဇွန် (၁) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဟု ရန်ကုန်တိုင်း တယကမှ သိရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့