..............................

Friday, May 14, 2010

ကရင်ပါတီများကို စစ်အာဏာရှင်ဒေါက်တိုင်များဟု ကေအန်ယူ ပြောကြား

ရဲရင့် / ၁၃ မေလ ၂၀၁၀

ကရင်ပြည်နယ်ကို ၎င်းတို့ပါတီ၏ ဦးစားပေးပြည်နယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်ဟု ကရင်ပြည်သူ့ပါတီ (ကေပီပီ) အထွေထွေ အတွင်းရေးမှူး၏ ပြောဆိုချက်သည် စစ်အာဏာရှင် သက်ဆိုး ရှည်ရေးအတွက် အဆိပ်ပင် ရေလောင်းနေခြင်းသာ ဖြစ်သည်ဟု ကေအန်ယူက ပြောဆိုလိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) ပဒိုစောလှငွေက ကရင်ပြည်သူ့ ပါတီ၏ သဘောထား ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ခေတ်ပြိုင်သို့ ပြောကြားခြင်းဖြစ်သည်။

ကရင်ပြည်သူ့ပါတီသည် ကရင်ပြည်နယ်ကို ၎င်းတို့ပါတီ၏ ဦးစားပေးပြည်နယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဟု ယင်းပါတီ၏ အထွေထွေ အတွင်းရေးမှူး စောစေးဝါးက ယခုလ (၇) ရက်ထုတ် ပြည်တွင်း သတင်းဂျာနယ်တစောင်ဖြစ်သည့် လျှပ်တပြက် ဂျာနယ်၏ တွေ့ဆုံ မေးမြန်းခန်းတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ပါတီ အဓိက ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေသများမှာ ဧရာဝတီ၊ မွန်၊ တနင်္သာရီ၊ ရန်ကုန်၊ ပဲခူး စသည့်ဒေသများဖြစ်သည်ဟု ဆိုသည်။

ထိုသို့ပြောဆိုချက်ကို ပဒိုစောလှငွေက ၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်မည့် ကရင်ပါတီများသည် ကရင်ပြည်နယ်နှင့် ကရင် အမျိုးသားများကို ကိုယ်စားပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ၎င်းတို့ပါတီများ၏ အဓိက ရည်မှန်းချက်များမှာ စစ်အာဏာရှင်စနစ် မပြိုလဲသွားရန် ကြားခံပေးမည့် ဒေါက်တိုင်များသာဖြစ်သည်ဟု ပြောဆိုသည်။

၎င်းက “ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘာမှ ခေါင်းထဲထည့်စရာ မလိုဘူး။ သူတို့ထင်သလို ဒီရွေးကောက်ပွဲဟာ ဘယ်ပြည်နယ်အတွက်၊ ဘယ်ကရင်အတွက်၊ ဘယ်အတန်းအစား အတွက်မှ ဖြစ်မှာ မဟုတ်ဘူး။ ကရင်ပြည်နယ် ဆိုတာကလည်း နဂိုကတည်းက ဘာမှရှိတာ မဟုတ်ဘူး။ ကရင်အမျိုးသားတွေရဲ့ လိုလားချက်တွေနဲ့ အမျိုးသားတွေရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ဒီမိုကရေစီရေးတွေ ဘာမှမရှိခဲ့ဘူး၊ ရှေ့ဆက် ဒီထက်ဆိုးဖို့ပဲ ရှိမယ်” ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် အမျိုးသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ညီညွတ်သည့် ပြည်ထောင်စုနှင့် အမျိုးသား စည်းလုံး ညီညွတ်မှုများကို လုံးဝ တည်ဆောက်နိုင်မည် မဟုတ်ဟု ကေအန်ယူက ပြောသည်။

“အခု ရွေးကောက်ပွဲဝင်မယ့် ကရင်ပါတီဝင်တွေဟာ တချိန်မှာ သမိုင်းရဲ့တရားခံတွေဖြစ်မယ်။ ဒါကြောင့် ကရင်ပြည်သူတွေကို ဆန့်ကျင် သပိတ်မှောက် တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းချင်တယ်” ဟု ပဒိုစောလှငွေက ပြောသည်။

ကရင်ပြည်သူ့ပါတီ ရွေးကောက်ပွဲဝင်ရသည့် အဓိကအကြောင်းရင်းမှာ နိုင်ငံတော်တည်ဆောက်ရေးတွင် တတ်အားသရွေ့ ကာယ၊ ဉာဏ၊ စွမ်းအားရှိသလောက် ပါဝင်ချင်သောကြောင့်၊ ပါဝင်နိုင်မည်ဟု ယုံကြည်သည့် အတွက်ကြောင့်ဖြစ်ကြောင်း စောစေးဝါးက ပြောသည်။

ကရင်ပြည်သူ့ပါတီတွင် ဥက္ကဋ္ဌ စောထွန်းအောင်မြင့်၊ ဒု-ဥက္ကဋ္ဌ စောအေးကို၊ အထွေထွေအတွင်းရေးမှူး စောစေးဝါးတို့မှာ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ်များဖြစ်ပြီး အငြိမ်းစား ယူထားသည့် မြန်မာစစ်တပ် အရာရှိဟောင်းများ ဖြစ်ကြသည်။

၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်နိုင်ရန် ကရင်ပါတီ (၃) ခုဖြစ်သည့် ကရင်ပြည်သူ့ပါတီ (ကေပီပီ)၊ ပြည်ထောင်စု ကရင် အမျိုးသားများ အဖွဲ့ချုပ် (ယူကေအယ်လ်) နှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီတို့ နိုင်ငံရေး ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ရာတွင် (ကေပီပီ) နှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (၂) ခုသာ ပါတီတည်ထောင်ခွင့် ရရှိသေးသည်။

ယခုလ (၈) ရက်နေ့အထိ ရရှိထားသည့်စာရင်းများအရ ရွေးကောက်ပွဲကော်မရှင်ထံတွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီပေါင်း (၃၁) ခုရှိသည့်အနက် ပါတီ (၂၇) ခုမှာ ပါတီတည်ထောင်ခွင့် ရရှိပြီးဖြစ်သည်ဟု သိရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့