..............................

Monday, May 10, 2010

နိုင်ငံရေးသမားကြီး ဦးရဲထွန်း ကွယ်လွန်

ဆလိုင်း ဟံသာစန်း
စနေနေ့၊ မေလ ၀၈ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် လူသိများသည့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဒုဥက္ကဋ္ဌဟောင်း ဦးရဲထွန်း (၇၃ နှစ်) သည် သွေးဖြူ၊ သွေးနီဥနှင့် အရိုးကင်ဆာ ရောဂါများဖြင့် ယမန်နေ့ နေ့လည်ပိုင်းတွင် ကွယ်လွန်သွားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်နှင့် စင်္ကာပူနိုင်ငံရှိ ဆေးရုံများသို့ သွေးဖြူဥ၊ သွေးနီဥကျဆင်းသည့် ရောဂါကို သွားလာ ကုသနေရင်း အရိုးကင်ဆာပါ ထပ်မံတွေ့ရှိလာပြီး ယင်းရောဂါများဖြင့် ကွယ်လွန်သွားခြင်း ဖြစ်သည်။

“သူ့မှာ ပထမဖြစ်တဲ့ရောဂါက သွေးဖြူဥ၊ သွေးနီဥ လျော့နည်းကျဆင်းတဲ့ ရောဂါ။ အဲဒါကို ဘန်ကောက်မှာကုရင်း နောက်တော့ အရိုးကင်ဆာ တွေ့လာတယ်။ အဲဒါ စင်္ကာပူမှာ ခြင်ဆီကို ဆေးထိုးကုရင်းကနေ နောက်တော့ ရောဂါက ဆိုးလာတော့ ဆရာဝန်က ၅ လလောက်ခံမယ် ပြောပေမယ့် အခု တလပဲ ခံလိုက်တယ်” ဟု နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်ဟောင်းနှင့် လက်ရှိ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက မဇ္ဈိမကို ပြောသည်။

ဦးရဲထွန်းသည် ဖဆပလ ခေတ် တရားရေးဝန်ကြီးဟောင်း ဦးချန်ထွန်း၏ အကြီးဆုံးသားဖြစ်ပြီး ထင်ရှားသည့် ရှေ့နေတဦးဖြစ်ကာ အောင်မြင်သည့် စီးပွားရေးသမားလည်း ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာ ကုမ္ပဏီများတွင် သူ၏ စီပွားရေးရင်းနှီးမြှုပ်နှံမှုများ ရှိနေပြီး ပြည်တွင်း စီးပွားရေးကုမ္ပဏီ ၃ ခုတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။

မူလက စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဦးသုဝေနှင့် ပူးပေါင်းကာ ပါတီတည်ထောင်ပြီး ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သော်လည်း ပါတီတွင်း သဘောထားကွဲလွဲမှုကြောင့် ယခုနှစ် အစောပိုင်းတွင် နုတ်ထွက်ခဲ့သည်။

“သူက အခုလက်ရှိ ဘယ်ပါတီမှ ၀င်မထားဘူး။ ဒါပေမဲ့ ပါတီတိုင်းနဲ့ အဆက်အသွယ်ရှိတယ်။ နိုင်ငံရေးကို တအားဝါသနာပါတယ်။ သူနေကောင်းတုန်းက ကျောင်းသားတွေ၊ နိုင်ငံရေးပါတီတွေအတွက် အလှူငွေတွေ ကူပြီး ကောက်ခံပေးခဲ့တဲ့ သူပါ” ဟု ဦးသုဝေက ပြောသည်။

ဦးရဲထွန်းသည် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ၄ ကြိမ်ထက်မနည်း ထောင်ကျခဲ့ဖူးသည်။ ၁၉၇၅ ခုနှစ် ဇန်န၀ါရီလတွင် ဖြစ်ပွားသည့် ဦးသန့်အရေးအခင်းတွင် ဦးဆောင်ပါဝင်ခဲ့သဖြင့် ထောင်ဒဏ် ၁၀ ကျခံခဲ့ရသည်။ ထို့အပြင် ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် မြေအောက်အဖွဲ့အစည်းများနှင့် ဆက်သွယ်သည်ဟုဆိုကာ ဗိုလ်ချုပ်ကြီးခင်ညွန့် ဦးဆောင်သည့် စစ်ထောက်လှမ်းရေးက ဖမ်းဆီးခဲ့သည့် ၅၂ ဦးထဲတွင် ဦးရဲထွန်းလည်း ပါဝင်သည်။

“သူက ကျမတို့ရဲ့ မိသားစုလို ခင်မင်ရင်းနှီးတဲ့လူ၊ ပြီးတော့ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက် တယောက်ပါ။ သူကွယ်လွန်သွားတဲ့အတွက် အရမ်းပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီလောက်ထိ မြန်မြန်ကြီး ဖြစ်သွားမယ် မထင်ဘူး” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) အထွေထွေ အတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက မဇ္ဈိမကို ပြောသည်။

ဦးရဲထွန်း၏ ကျန်ရှိသည့် ရုပ်ကလာပ်ကို မနက်ဖြန် နံနက် ၉ နာရီတွင် အမှတ် ၅၃၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်ရှိ နေအိမ်မှ ရေဝေးသုဿာန်သို့ ပို့ဆောင်မီးသဂြိုလ်မည်ဖြစ်သည်။

ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်ဥမ္မာမော်၊ သား ၁ ဦး၊ သမီး ၁ ဦးနှင့် မြေး ၂ ဦး ကျန်ရစ်ခဲ့သည်။ ဇနီးဖြစ်သူ ဒေါ်ဥမ္မာမော်သည် နန်းရင်းဝန်နှင့် အဓိပတိဟောင်း ဒေါက်တာဘမော်၏ သမီးဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့