..............................

Thursday, March 4, 2010

ဝ နယ်ခြားတလျှောက် တရုတ်တပ်အင်အား ထောင်ချီဖြည့်ထား

Wednesday, 03 March 2010

နအဖ နှင့် ၀ တပ်ဖွဲ့ တွေ့ဆုံဆွေးနွေးရေး မချေမတင်ဖြစ်ပြီး နောက်ပိုင်း ၀ နယ်ခြား တလျှောက် တရုတ်ပြည် လုံခြုံရေး တပ်များ အင်အားထောင်ချီ ဖြည့်တင်းထားသည်ဟု စုံစမ်းသိရှိရပါသည်။

“တရုတ်တပ်တွေ နယ်ခြားဘက် ရောက်နေတာ နအဖ တပ်မ ၂ ခု သျှမ်းပြည် အရှေ့မြောက်ဘက် တက်လာတယ် ဆိုတဲ့ အချိန်ကတည်းကဘဲ” - ဟု တရုတ်နယ်စပ် နေထိုင်သူ တဦးက ပြောပါသည်။

ဂျန္န၀ါရီ လလယ်ပိုင်းကတည်းက တရုတ်တပ်များ နယ်စပ်မျဉ်းတလျှောက် အင်အား ဖြည့်ထားခြင်းဖြစ်၏။

တဖက်တွင်လည်း ၀ ပြည်သွေးစည်းရေး တပ်မတော်အား ဆွေးနွေးရန် နအဖ ကမ်းလှမ်းစဉ် ကျန်းမာရေးကြောင့် လားရှိုးသို့ သွားရောက် ဆွေးနွေးရန် မဖြစ်နိုင်ကြောင်း ၀ ခေါင်းဆောင် အကြောင်းပြန်ခြင်း၊ ၀ နယ်ခြားတလျှောက် နအဖ တပ်များ စစ်ရေးလေ့ကျင့် ပြင်ဆင်မှု ပြုလုပ်လာခြင်း စသည့် အခြေအနေများကြောင့် တရုတ်တပ်များ ပိုမိုအင်အားဖြည့် တပ်ချရာ ယနေ့အထိ ဖြစ်သည်။

“၀ ဌာနချုပ် မျက်နှာချင်းဆိုင် မိုင်းလျဲမ်းမှာ တရုတ် စစ်အင်အား ၄၀၀-၅၀၀ က အခု ၂၀၀၀ ကျော်တယ်။ လေယာဉ်ပစ် လက်နက်ကြီး တွေလဲ ထပ်ချထားတယ်၊ နအဖ ဘက်ကလဲ မိုင်းလား အဖွဲ့နဲ့ ဆွေးနွေးတဲ့ အပတ်တုံးကဆို ကျိုင်းတုံမှာ MIG 29 ရုရှား တိုက်လေယာဉ် အပြင်းအထန် လေ့ကျင့် ပျံသန်းတယ်။ ပန်ဆန်းမြို့ အရှေ့တောင်ဘက် မှော်ဖ ဒေသမှာ ဆိုလဲ ဗမာ့တပ် အင်အား ၇၀ လောက်ကနေ အခု ၅၀၀ ထက်မနည်း တိုးလာတယ်” - ဟု နယ်စပ်တလွှား သွားလာသူ တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

သျှမ်းပြည်အရေးစောင့်ကြည့်လေ့လာသူတဦးက “ နအဖ က အင်အားသုံး တိုက်ခိုက်မှု မလိုလားသလို အပစ်ရပ် အနေနဲ့လည်း မလိုလားဘူး။ အခု စစ်ရေးတင်းမာမှု အခြေအနေဟာ ဖဲရိုက်တဲ့သူနဲ့ တူတယ်ဗျ၊ ကိုယ့်ဖဲ မကောင်းလဲ ကောင်းသယောင်နဲ့ ပိုက်ဆံတိုးလောင်းပြီး တဘက်ကို ခြိမ်းခြောက်၊ ဖဲကွက်ကစားလို့ တဘက်သား ရှုံးအောင် လုပ်သလိုပေါ့” - ဟု သုံးသပ် ပြောဆိုပါသည်။

နအဖဘက်က MIG 29 ရုရှားတိုက်လေယာဉ် စမ်းသပ် ပျံသန်းမှုကြောင့် တရုတ်တို့ကလည်း လေယာဉ်ပစ် လက်နက် ထပ်ချထားခြင်း ဖြစ်နိုင်သည်ဟု လည်း ပြောဆိုပါသည်။

နယ်စပ်လုံခြုံရေးအရ ၀ နယ်ထဲ တပ်မ နှစ်ခု စေလွတ်မည်ဟု စစ်အစိုးရ ပြောဆိုချိန်မှ စ၍ ၀ ပြည် သွေးစည်းရေး တပ်မတော်ကလည်း ၂၅ ရက်နေ့ တန့်ယန်း ဆွေးနွေးပွဲအပြီး ပန်ဆန်း ဌာချုပ်အစည်းအဝေး၌ - ‘ပြည်ထောင်စုမှ ခွဲထွက်ဖို့ အစီအစဉ် မရှိသလို ဗမာ့ တပ်မတော်ဘက် သေနတ်ပြောင်း လှည့်ပြီး အရင်တိုက်ခိုက်ဖို့လည်း အစီအစဉ် မရှိ၊ သို့သော် မည်သည့် တပ်ဖွဲ့မဆို ၀ နယ်ထဲ ခြေတလှမ်း ကျွံဝင်လာပါက ပစ်ခတ်ဖို့၊ မိမိကိုယ်မိမိ ခုခံကာကွယ်ဖို့ တိုက်ပွဲ စ ရမယ်’ ဟု ဆုံးဖြတ်ချက် ချထားကြောင်း အမည် မဖေါ်လိုသည့် ၀ စစ်ဘက်ရေးရာ အရာရှိတဦးက ပြောပါသည်။

ဝ နယ်ခြားမျဉ်းတလျှောက် (မြောက်ပိုင်း) ကွန်လုံ-ဟိုပန် ဘက်တွင် (ကိုးကန့်အရေးအခင်းချိန်မှစ၍) တပ်မ ၉၉ ၊ ၃၃ တို့ တပ်စွဲထားကြောင်း၊ ဂျန္န၀ါရီ လလယ်ပိုင်းတွင် ၀ နယ် အနောက်ဘက်တလွှား (အပစ်ရပ် သျှမ်းပြည် တပ်မတော်) နယ်မြေ အတွင်းတွင် တပ် ၅၅ က ထိုးဖေါက် တပ်စွဲထားကြောင်း စောင့်ကြည့် လေ့လာသူများက ပြောဆိုနေကြပါသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့