..............................

Tuesday, March 2, 2010

နအဖ ငြင်းပယ်ထားသည့် တောင်းဆိုချက်များ ထပ်မံတင်ပြ၍ ဝတပ်ဖွဲ့ တုံ့ပြန်

ပေါက်ပေါက်/ ၁ မတ် ၂ဝ၁ဝ

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့က ၎င်းတို့၏ တောင်းဆိုချက် (၉) ချက်ကို နအဖက ပယ်ချနေသည့် ကြားကပင် လိုက်လျောပေးရန် ယမန်နေ့က ထပ်မံ တောင်းဆိုလိုက်သည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက် အကြောင်းပြန်ရန် နောက်ဆုံး သတ်မှတ်ရက်ဖြစ်သည့် ယမန်နေ့၌ ဝတပ်ဖွဲ့က ယင်းသို့ တောင်းဆို လိုက်ခြင်းဖြစ်သည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို မူအားဖြင့် လက်ခံကြောင်း၊ သို့သော် ဒေသ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွား အတွက် ယမန်နှစ်၊ နိုဝင်ဘာ (၁၄) ရက်က တန့်ယန်းမြို့တွင် တင်ပြထားသည့် တောင်းဆိုချက် (၉) ချက်ကို လိုက်လျော ပေးပါက နယ်ခြားစောင့် တပ်ကို လက်ခံသွားမည် ဖြစ်ကြောင်း ဝ တပ်ဖွဲ့က အကြောင်းပြန်ခဲ့သည်ဟု ဝ ခေါင်းဆောင်များနှင့် နီးစပ်သူ တဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ နိုဝင်ဘာ တန့်ယန်းမှာ တောင်းဆိုထားတဲ့ (၉) ချက်ကိုပဲ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ထပ်ပြီး တောင်းဆိုရမယ် ဆိုတဲ့ ဆုံးဖြတ်ချက်အတိုင်း နေပြည်တော်ကို တင်လိုက်တယ်၊ ဟိုကတော့ ဘာမှမပြောဘူး။ ဘာဖြစ်လာမလဲ စောင့်ကြည့်ရမှာပေါ့” ဟု ပြောသည်။

မိုင်းပေါက်နှင့် မိုင်းဖြန်အား မိုင်းပေါက်မြို့နယ်အဖြစ် သတ်မှတ်ကာ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီး အတွင်း (၆) မြို့နယ် အစား (၇) မြို့နယ်အဖြစ် ဖွဲ့စည်းသွားရေး၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဝ တပ်ဖွဲ့များ အခြေစိုက်ရာ ဝမ်ဟုန် စစ်ဒေသအား ဝ အုပ်ချုပ်ခွင့်ရ ဒေသ ဖွဲ့စည်းရေး၊ ဝမ်ဟုန်နှင့် ပန်ဆန်းဟူ၍ စစ်ဒေသခွဲ (၂) ခု သတ်မှတ်ကာ စစ်ဒေသမှူးနှင့် စစ်ဦးစီးမှူးကို ဝ တပ်ဖွဲ့က တာဝန်ယူရေး၊ ဒု-စစ်ဒေသမှူးနှင့် ဒု-စစ်ဦးစီးမှူးဟူ၍ (၂) ဦးစီ ထားရှိမည်ဖြစ်ပြီး (၁) ဦးစီကို နအဖဘက်က တာဝန်ယူရေး၊ တပ်ရင်းအဆင့်တွင် ဝ တပ်ဖွဲ့ဝင်များဖြင့်သာ ဖွဲ့စည်းရေးဟူ၍ တောင်းဆိုထားသည်။

ထို့အပြင် ကျန်းမာရေး၊ သင်တန်းနှင့် ထောက်ပံ့ရေး ကိစ္စအား နအဖဘက်က တာဝန်ယူရေး၊ နယ်ခြားစောင့် တပ်ဖွဲ့တွင် မပါဝင်တော့သည့် တပ်ဖွဲ့ဝင်များအား ပင်စင်လစာ (၅) နှစ်စာ အတွက် တလုံးတခဲတည်း ပေးရေး၊ မိဘမဲ့ ကလေးများနှင့် စစ်ပွဲများကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသည့် ဒုက္ခိတများအား နအဖဘက်က ကူညီထောက်ပံ့ရေး၊ အသွင် ကူးပြောင်းပြီး နောက်ပိုင်း တရားဥပဒေ ချိုးဖောက်ခြင်း မရှိတော့လျှင် ယခင်က ဥပဒေ ချိုးဖောက်ခဲ့သူများနှင့် မည်သည့် အဖွဲ့တွင် ပါဝင်ခဲ့သူများကို မဆို လွတ်ငြိမ်းချမ်းသာခွင့်နှင့် ၎င်းတို့၏ အသက် အိုးအိမ်စည်းစိမ်ကို လုံခြုံမှု အာမခံချက် ပေးရန် စသည့် အချက်များကို ထည့်သွင်း တောင်းဆိုထားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝ တပ်ဖွဲ့၏ နယ်မြေများ တောင်းဆိုမှုမှာ မဖြစ်နိုင်တော့ကြောင်း ယမန်နှစ် နိုဝင်ဘာနှင့် ယခုနှစ် ဖေဖော်ဝါရီတွင် တွေ့ဆုံစဉ်၌ နအဖဘက်က ပြောဆို ထားခဲ့သည်ဟု အဆိုပါ ဝ ခေါင်းဆောင်များနှင့် နီးစပ်သူက ပြောသည်။

၎င်းက “၂ဝဝ၈ ဖွဲ့စည်းပုံကို မြန်မာတပြည်လုံးက တခဲနက် ထောက်ခံထားပြီးသားပေါ့။ ဖွဲ့စည်းပုံကို ပြန်ပြင်လို့ မရတော့ဘူး ဆိုတဲ့ အချက်နဲ့ ပယ်ချထားပြီးသား။ အဲဒါကို ထပ်တောင်းတယ် ဆိုတော့ ဝ အနေနဲ့ နယ်ခြားစောင့်တပ် လုပ်ဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုတာ ပြန်ပြောလိုက်တဲ့ သဘောပဲ” ဟု ပြောသည်။

ဝ တပ်ဖွဲ့ခေါင်းဆောင် ပေါက်ယူချန်အား တွေ့ဆုံဆွေးနွေးလိုကြောင်း နအဖဘက်က အကြိမ်ကြိမ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ရာမှ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၆) ရက်တွင် ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့၌ ပေါက်ယူချန်း ဦးဆောင်သည့် ဝ ကိုယ်စားလှယ် အဖွဲ့နှင့် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တွေ့ဆုံစဉ် ဝ ၏ တောင်းဆိုမှုကို နအဖဘက်က ငြင်းပယ်ပြီးနောက် ယခုကဲ့သို့ ပြန်လည် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့