..............................

Thursday, March 4, 2010

ရွှေ့ပြောင်းအလုပ်သမား (၅) သိန်းခန့်ကို နေရပ်ပြန်ပို့မည်ဟု ထိုင်းအစိုးရ ပြောကြား

စိုးမိုး
၃ မတ် ၂ဝ၁ဝ

သတ်မှတ်ရက်အတွင်း နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် မလုပ်သည့် တရားဝင်ရွှေ့ပြောင်း အလုပ်သမား (၅) သိန်းခန့်ကို နေရပ် ပြန်ပို့ရန် ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေးတို့ဖြင့် ကြပ်မတ် လုပ်ဆောင်တော့မည် ဖြစ်ကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးဌာနမှ အလုပ်အကိုင် ခန့်ထားရေးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဆူပတ် ဂူခွန်က ယမန်နေ့က ပြောကြားသည်။

မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမားများကို ဖေဖော်ဝါရီလကုန် နောက်ဆုံးထားပြီး နိုင်ငံသား စိစစ်ရေး လုပ်ဆောင်ရန် ရက်သတ်မှတ် ပေးခဲ့ပြီးနောက် သတ်မှတ်ချိန် အတွင်း နိုင်ငံသား စိစစ်ရေး မလုပ်သည့်၊ အလုပ်လုပ်ခွင့် လက်မှတ် သက်တမ်း လာမတိုးသည့် ရွှေ့ပြောင်း အလုပ်သမားများကို နေရပ်ပြန်ပို့မည်ဟု ထိုင်းအစိုးရက ပြောဆို လိုက်ခြင်းဖြစ်သည်။

“သတ်မှတ်ချိန်အတွင်း နိုင်ငံသားစိစစ်ရေး မလုပ်ဆောင်တဲ့ အလုပ်သမားတွေကို ပြန်ပို့မယ့် ကိစ္စအတွက်တော့ သက်ညှာ စဉ်းစားပေးမှာ မဟုတ်ဘူး” ဟု မစ္စတာ ဆူပတ် ဂူခွန်က ပြောကြားကြောင်း The Nation သတင်းစာတွင် ပါရှိသည်။

ထိုင်းနိုင်ငံတွင်း တရားဝင် အလုပ်သမားလက်မှတ်ရှိ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား အလုပ်သမား (၁၃) သိန်းကျော်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ လကုန်အထိ (၇) သိန်းကျော်သာ အလုပ်လုပ်ခွင့် သက်တမ်း တိုးခြင်းနှင့် နိုင်ငံသား စိစစ်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး (၅) သိန်းခန့်မှာ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ထိုင်းနိုင်ငံ၊ နိုင်ငံခြားသား အလုပ်သမား စီမံ ခန့်ခွဲရေးဌာနမှ အစီရင်ခံစာ ထုတ်ပြန်သည်။

“နိုင်ငံသား စိစစ်ရေး လုပ်ဖို့ကလည်း သိပ်ခက်ခဲတာ မဟုတ်ဘူး။ လုပ်ပေးတဲ့ ကုမ္ပဏီ (၁၂) ခု ရှိတယ်။ ၀န်ဆောင်ခက ဘတ် (၅) ထောင်ထက် မပိုဘူး” ဟု အလုပ်အကိုင် ခန့်ထားရေးဌာန ဒု-ညွှန်ချုပ်က ထပ်လောင်း ပြောကြားသည်။

ထိုင်းအစိုးရက မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများကို ယခုနှစ် ဇန်န၀ါရီလ အတွင်း နိုင်ငံသား စိစစ်ရေး လုပ်ဆောင်ရန်နှင့် နိုင်ငံကူးလက်မှတ် ရရှိရေး ဆောင်ရွက်ရန် မူဝါဒ ချမှတ် ဆောင်ရွက်နေသော်လည်း အလုပ်သမားများ အနေဖြင့် အပြည့်အ၀ လုပ်ဆောင်ခြင်း မရှိကြသေးပေ။

အလုပ်သမားအရေး ဆောင်ရွက်နေသူများကမူ နိုင်ငံသား စိစစ်ရေး မလုပ်ဆောင်သည့် ရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းအစိုးရက နေရပ်ပြန်ပို့ပါက ထိုင်းနိုင်ငံ၏ ကုန်ထုတ် လုပ်ငန်းကိုပါ ထိခိုက်နိုင်ကြောင်း သုံးသပ်ကြသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့