..............................

Friday, February 19, 2010

တရုတ် - မြန်မာ နယ်စပ် အပစ်ရပ်ဒေသ မတည်မငြိမ် ဖြစ်နေ

သန်းထိုက်ဦး
Thursday, 18 February 2010

ကိုးကန့် ဒေသကို စစ်အစိုးရ တပ်များ ထိန်းချုပ် ထားသည်မှာ ၆ လကြာပြီ ဖြစ်သော်လည်း တည်ငြိမ်မှု မရှိသေးကြောင်း ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ထိုဒေသတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား ခဲ့ခြင်းက သက်သေ ပြနေသည်။

အစိုးရတပ်များက ရှမ်းပြည် မြောက်ပိုင်း၊ ကိုးကန့်ဒေသ လောက်ကိုင်မြို့ကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် သြဂုတ်လက ထိန်းချုပ်ပြီး နောက်တွင် ဗုံးနှင့် မိုင်း ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားနေခြင်းပင် ဖြစ်သည်။

လွန်ခဲ့သည့်နှစ် အောက်တိုဘာလတွင်လည်း လောက်ကိုင်မြို့နယ် အတွင်းရှိ လောင်းကစားဝိုင်း အပါအ၀င် ၅ နေရာတွင် ဗုံး ၁၄ လုံးခန့် ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူများ ရှိခဲ့သည်။

အလားတူပင် မကြာသေးမီက မိုင်းပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး ထွက်ပြေး တိမ်းရှောင်နေသော ယခင် ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကြားရှင် အသိုင်း အ၀န်းနှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA -S) ရွက်ဆစ် အဖွဲ့တို့၏ လက်ချက်ဖြစ်ကြောင်း ယနေ့ ထုတ်စစ်အစိုးရ သတင်းစာများက စွပ်စွဲ ရေးသားထားသည်။

“ပေါက်ကွဲမှုမှာလည်း တရားခံပြေးများဖြစ်သော ဖုန်းကြားရှင်၊ ဖုန်းကြားဖူး၊ ဖုန်းတာ့ရွှင်၊ ဖုန်းတာ့လီတို့၏ ယခင် မြန်မာပြည် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (ကိုးကန့်အဖွဲ့)မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်”ဟု ၎င်း သတင်းစာတွင် ရေးသားထားသည်။

လောက်ကိုင်နှင့် ပင်လုံမြို့နယ်များရှိ ၃ နေရာတွင် မိုင်း ၅လုံးခန့် ပေါက်ကွဲခဲ့ပြီး တရုတ်နိုင်ငံသား ၃ ဦးအပါအ၀င် ထိခိုက် ဒဏ်ရာရ သူ ၁၃ ဦး ရှိကြောင်း၊ ၎င်း ပေါက်ကွဲမှုများသည် ယခုလ ၁၆- ၁၇ ရက်နေ့များ၌ ဖြစ်ပွားခဲ့ကြောင်း ၎င်း သတင်းစာက ဆိုသည်။

ကိုးကန့်ဒေသ အတွင်း ပေါက်ကွဲမှုများ၌ အသင့်တပ်ဆင်ထားသော ထိန်းချုပ်ခွဲစနစ် မိုင်း ၆ လုံးကိုလည်း ရှင်းလင်း ရှာဖွေရာ တွေ့ရှိခဲ့ကြောင်း သိရသည်။

SSA -S မှ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောင်စိုင်းကမူ ယင်း ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စစ်အစိုးရက တဖက်သတ် စွပ်စွဲချက်သာ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ အဲဒီလိုမျိုးလုပ်ဖို့ မရည်ရွယ်ပါဘူး၊ ဘယ်တော့မှလည်း လုပ်ဖို့ ကျနော်တို့မှာ ပေါ်လစီ မရှိပါဘူး၊ ဒါကြောင့်မို့ အဲဒီ စွပ်စွဲချက်ဟာ တဖက်သတ် စွပ်စွဲချက်ပဲဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အကြမ်းဖက်နည်းလမ်းဖြင့် ပြည်သူများ ထိခိုက်စေရန် SSA -S ၏ ပေါ်လစီ မရှိကြောင်း စိုင်းလောင်စိုင်းက ရှင်းပြသည်။

SSA -S ၏ မူအရ အပစ်အခတ်ရပ်စဲရေးနှင့် ကျန်လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များအပါအ၀င် နိုင်ငံရေး ပြဿနာများကို အမြန်ဆုံး ဆွေးနွေး ညှိနှိုင်းရန် စသည့် အချက်များပါဝင်ကြောင်း သိရသည်။

နအဖ စစ်အစိုးရသည် မြန်မာပြည်အတွင်း၌ ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် အကြိမ်တိုင်း နယ်စပ် အခြေစိုက် လက်နက်ကိုင် တပ်ဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲလေ့ ရှိသကဲ့သို့ ယင်းအဖွဲ့အစည်းများ ကလည်း ငြင်းဆိုလေ့ ရှိကြသည်။

ယင်း ပေါက်ကွဲမှုမှာ လက်တလော တရုတ်နယ်စပ်ရှိ ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်( UWSA )ကို စစ်အစိုးရက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အတွက် ဆွေးနွေးရန် ကမ်းလှမ်းချိန်နှင့် တိုက်ဆိုင်နေသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဆွေးနွေးရန် လားရှိုးမြို့သို့ UWSA ခေါင်းဆောင် ဦးပေါက်ယူချမ်းကို စစ်အစိုးရ ခေါင်းဆောင်က ဖိတ်ကြားခဲ့သော်လည်း ကျန်းမာရေး အကြောင်းပြချက်ဖြင့် ငြင်းပယ်ခဲ့သည်။ စစ်အစိုးရ ကိုယ်စားလှယ်ကို UWSA ဌာနချုပ်ဖြစ် သော ပန်ဆန်းမြို့သို့ လာရောက်ရန် ပြန်လည် ဖိတ်ကြားခဲ့သည်ဟု သိရသည်။

ကိုးကန့်ဒေသကို စစ်အစိုးရက ထိန်းချုပ်ပြီး နောက်ပိုင်းတွင် ထိုဒေသမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့် သတင်းများ စစ်အစိုးရ မီဒီယာတွင် မကြာခဏ ထွက်ပေါ်လာသည်။ ထိုသတင်းများမှာ စစ်အစိုးရ၏ ၀ါဒဖြန့်မှုများ ဖြစ်ဖွယ်ရှိသည်ဟု အကဲခတ်များက ယူဆကြသည်။

ထိုဒေသရှိ ၀၊ ကိုးကန့်၊ ရှမ်း တိုင်းရင်းသား တပ်ဖွဲ့များကို မူးယစ်ဆေးဝါး လုပ်ကိုင်သည်ဟု စွပ်စွဲပြောကြားခြင်းမှာ ထိုအဖွဲ့များ ပြိုကွဲ ပျက်စီးစေရန် ကြိုးပမ်းချက်ဖြစ်သည်ဟု သျှမ်းသံတော်ဆင့် သတင်းစဉ်မှ ဦးစိန်ကြည်က ဆိုသည်။

“စစ်အစိုးရကတော့ ၀ တပ်ဖွဲ့ကို ချေမှုန်းဖို့ ဆိုရင် လက်နက်နဲ့ ဖြေရှင်းတဲ့ နည်းလမ်းတင် မကဘူး ဘယ်နည်းလမ်းနဲ့ပဲ ဖြစ်ဖြစ် လုပ်မှာပဲ”ဟု ၎င်းက ဆိုသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့