..............................

Tuesday, January 19, 2010

အခြေခံ ဥပဒေအသစ်နှင့် ကြံ့ဖွံ့အခန်းကဏ္ဍ

ထက်အောင်
Monday, 18 January 2010 11:47

မြန်မာ ဗိုလ်ချုပ်ကြီးများ ချမှတ်ခဲ့သော ဒီမိုကရေစီသို့ ဦးတည်သည့် နိုင်ငံရေး လမ်းပြမြေပုံ သတ္တမမြောက်နှင့် နောက်ဆုံး အဆင့်မှာ ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်ရန် ဟူ၍ ဖြစ်ပါသည်။

လမ်းပြမြေပုံအား ပြည်တွင်းပြည်ပ ခြိမ်းခြောက်မှုများမှ အကာအကွယ်ပေးရန် “ပြည်သူ့စစ် မဟာဗျူဟာ” ကို အမျိုးသား ကာကွယ်ရေး ရည်မှန်းချက်အဖြစ် စစ်အစိုးရက သတ်မှတ် ဖော်ဆောင်ခဲ့ပါသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ်တွင်လည်း ထိုမဟာဗျူဟာကို ထည့်သွင်း ပြဌာန်းထားရာ “တပ်မတော်” အခန်း ၏ ပုဒ်မ ၃၄၀ တွင် “တပ်မတော်သည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူ တရပ်လုံး ပါဝင်ရေး အတွက် စီမံ ဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ် မဟာဗျူဟာကို ဖော်ဆောင်ရမည်” ဟု ဖော်ပြထားပါသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း စစ်ခေါင်းဆောင်များ အကောင်အထည် ဖော်ခဲ့သည့် ပြည်သူ့စစ် မဟာဗျူဟာ ဆိုသည်ကို ကျွန်ုပ်တို့ မေးခွန်း ထုတ်ရပါလိမ့်မည်။

အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက်က ဗမာပြည် ကွန်မြူနစ် ပါတီနှင့် တိုင်းရင်းသား လက်နက်ကိုင် တို့၏ ပုန်ကန်မှုကို နှိမ်နှင်းရာတွင် မြန်မာ့ တပ်မတော်က ထိုမဟာဗျူဟာကို စတင် ကျင့်သုံးခဲ့သည်။ လက်ရှိ စစ်အစိုးရ လက်ထက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထိုမဟာဗျူဟာကို မွမ်းမံ ပြင်ဆင်၍ ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ဖိနှိပ်ရာတွင် အသုံးပြုခဲ့ပါသည်။

၂၀၀၁ ခုနှစ်တွင် “ပြည်သူစစ်မဟာဗျူဟာ လက်စွဲစာအုပ်” ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ညွှန်ကြားချက်ဖြင့် ထုတ်ဝေခဲ့သည်။

ထိုစာအုပ်၏ အခန်း ၂ တွင် “ကျွန်ုပ်တို့နိုင်ငံ၏ရည်မှန်းချက်သည် ငြိမ်းချမ်းပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်တခု တည်ဆောက်ရန် ဖြစ်သည်။ ပြည်သူ့စစ် မဟာဗျူဟာကို ကျွန်ုပ်တို့နိုင်ငံ၏ ကာကွယ်ရေး ရည်ရွယ်ချက် အဖြစ် သတ်မှတ် ထားသည့် အလျောက် ထိုမဟာဗျူဟာကို လက်တွေ့ အကောင်အထည် ဖော်သွားမည်” ဟု ဖော်ပြ ထားသည်။

ထိုမဟာဗျူဟာတွင် အခြေခံအယူအဆ ၁၂ ချက်ကို တွေ့ရသည်။ ထိုအထဲမှ စိတ်ဝင်စားစရာ အကောင်းဆုံး အချက် ၅ ချက်မှာ ပြည်သူလူထုကို နိုင်ငံရေး ဦးဆောင်မှု ပေးရန်၊ ဖွံ့ဖြိုးရေး လုပ်ငန်း ၅ ရပ်ကို အခြေခံပြီး ပြည်သူကို စည်းရုံးရန်၊ အင်အား ၄ ရပ် ဖြစ်သော စိတ်ဓာတ်၊ လူထု၊ အချိန်၊ နေရာ တို့ကို အသုံးချရန်၊ ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းရန်၊ တပ်မတော်နှင့် ပြည်သူကို တသားတည်း ဖြစ်အောင် စုစည်းရန်တို့ ဖြစ်ပါသည်။

နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကို မြှင့်တင်ရန်ဟူသည့် အယူအဆကို ဖော်ဆောင်ရန် လူထု အဖွဲ့အစည်းတခု လိုအပ်သည်ဟု စစ်ဗိုလ်ချုပ်များ ယုံကြည်ခဲ့ကြပြီး ထိုနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို ရယူရန် အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းကြီးကို ဖွဲ့စည်း ခဲ့လေသည်။

ထိုလက်စွဲစာအုပ်တွင် “ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းဖော်ဆောင်ရန်နှင့် ပြည်သူကို နိုင်ငံရေး ဦးဆောင်မှု ပေးရန် ဒို့တာဝန် အရေး သုံးပါးကို အသင်း၏ ရည်ရွယ်ချက်များ အဖြစ် ချမှတ်ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းကြီးသည် တခုတည်းသော အမျိုးသားရေး အင်အားစုကြီး တရပ် အဖြစ် နိုင်ငံရေး ခေါင်းဆောင်မှုကို ပေးသွားမည်” ဟု ဖော်ပြထားပါသည်။

ပြည်သူ့စစ်အဖွဲ့များအဖြစ် သတ်မှတ်ထားသော တခြား အမာခံ အဖွဲ့အစည်းများတွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်တို့ ပါဝင်သည်။

ကြံ့ခိုင်ရေးအသင်းကြီးသည် နိုင်ငံရေးပါတီတခု အသွင်ပြောင်းလဲပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်လိမ့်မည်ဟု တချို့သော မြန်မာ့အရေး စောင့်ကြည့် လေ့လာသူများက ယူဆထားကြသည်။ သို့ရာတွင် ထိုယူဆချက်သည် ယခုအခါ ဖြစ်နိုင်သည့် အလားအလာ မရှိပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၉၃ ခုနှစ်က သူ တည်ထောင်ခဲ့သော ကြံ့ခိုင်ရေး အသင်းကြီးကို အဓိက လူထု အသင်းကြီးအဖြစ် ဆက်လက် ထားရှိ ပေလိမ့်မည်။

ကြံ့ခိုင်ရေးအသင်းကြီးသည် ပြည်သူ့စစ် မဟာဗျူဟာ၏ အဓိက နေရာတွင် ရှိသည့်အလျောက် စစ်အစိုးရ၏ ဖွံ့ဖြိုးရေး လုပ်ငန်း ၅ ရပ်ဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် လုံခြုံရေး တို့တွင် ပါဝင် ဆောင်ရွက်ရပါသည်။ နှစ်ပေါင်း ၂၀ အတွင်း စစ်အစိုးရ၏ ဖွံ့ဖြိုးရေး လုပ်ငန်း စီမံကိန်းများကို ပြည်သူ့စစ် မဟာဗျူဟာ၏ အစိတ်အပိုင်း အဖြစ် ရှုမြင်သင့်ပါသည်။

ထိုလက်စွဲစာအုပ်တွင် စိတ်ဓာတ် စစ်ဆင်ရေးဗျူဟာများ သုံးပြီး မတည်ငြိမ်မှုများ ဖန်တီးခြင်း၊ ရန်ဘက် ခေါင်းဆောင်များကို လုပ်ကြံ သတ်ဖြတ်ခြင်း တို့ကို ပြည်သူ့စစ်တို့၏ တာဝန်များအဖြစ် ဖော်ပြထားသည်။ ထို့ပြင် ရေတွင် အဆိပ်ခတ်ခြင်း၊ ဓာတ်ငွေ့ ပိုက်လိုင်းများ ဖျက်ဆီးခြင်း၊ ရထားလမ်း မိုင်းထောင်ဖျက်ဆီးခြင်း၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ မီးရှို့ဖျက်ဆီးခြင်း စသည့် စနစ်တကျ စီစဉ် တိုက်ခိုက်နည်းများကို တဦးချင်း သို့မဟုတ် အစုအဖွဲ့ဖြင့် ဆောင်ရွက်ရန် ဖော်ပြထားသည်။

ဓာတ်ငွေ့ပိုက်လိုင်းနှင့် မီးရထားလမ်း ဗုံးခွဲတိုက်ခိုက်မှုများ၊ နိုင်ငံ အနှံ့ရှိ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ဗုံးပေါက်ကွဲမှု များကို စစ်အစိုးရအာဘော် မီဒီယာများက မကြာခဏ သတင်း ထုတ်ပြန်တတ်သည်။ ထိုလုပ်ရပ်များမှာ ဆန့်ကျင်ဘက် အဖွဲ့အစည်းများ၏ လက်ချက် ဖြစ်သည်ဟု စွပ်စွဲလေ့ရှိသည်။

ထိုလက်စွဲစာအုပ်တွင် လူအုပ်ဖြင့် တိုက်ခိုက်နည်း “mob warfare” ကိုလည်း ဖော်ပြထားသည်။ ထိုသို့ တိုက်ခိုက်ရာတွင် လူအုပ်တခု စုစည်းခြင်း၊ ထိုသို့ စုစည်းနိုင်ရန် ကြိုတင် စီစဉ်ထားသော ပဋိပက္ခ အသွင်တရပ် ဖန်တီးခြင်း၊ ရန်သူဟု သတ်မှတ် ထားသူများကို ထိုလူအုပ်က အကြမ်းဖက် တိုက်ခိုက်စေရန် လှုံ့ဆော်ခြင်းတို့ ပါဝင်ပါသည်။

၂၀၀၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်း တိုက်ခိုက်မှုကြီးသည် ကြိုတင် စီစဉ်ထားသော လူအုပ်ဖြင့် တိုက်ခိုက်ခြင်း ဖြစ်ပြီး ထိုလက်စွဲ စာအုပ်ထဲတွင် အသေးစိတ် ဖော်ပြထားသော နည်းလမ်းများကို အသုံးပြုခဲ့သည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းသော ထိုတိုက်ခိုက်မှုတွင် သူ့ကို ထောက်ခံ အားပေးသော ပြည်သူ အများအပြား သေဆုံးခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် စစ်တပ်အတွင်း တင်ရင်းမှူးအဆင့် အရာရှိများ အတွက်သာ ကန့်သတ် ဖြန့်ချိသည့် ထိုလက်စွဲစာအုပ်ကို ၂၀၀၁ ခုနှစ်တွင် တပ်မတော် လေ့ကျင့်ရေး ညွှန်ကြားရေးမှူး အဖြစ် တာဝန်ယူထားသော ဗိုလ်မှူးချုပ်ကြည်အောင်က ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ယခုအခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား ဆက်သွယ်ပေးသည့် ဆက်ဆံရေး ၀န်ကြီး၊ အလုပ်သမားဝန်ကြီး စသည့် တာဝန်များကို ယူထားသူ ဖြစ်နေသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့