..............................

Tuesday, January 19, 2010

ပေါက်ယူချန်း၏ စစ်ရေးသတိရှိရန် မိန့်ခွန်း ဝတပ်ဖွဲ့တီဗွီမှ ထုတ်လွှင့်

ပေါက်ပေါက်/ ၁၈ ဇန်န၀ါရီ ၂ဝ၁ဝ

ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ခေါ် ဝ တပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်း၏ မိန့်ခွန်းတိုအား ဝ တပ်ဖွဲ့၏ ရုပ်မြင်သံကြား ဌာနမှတဆင့် ဒေသအတွင်း ထုတ်လွှင့် ပြသနေသည်။

တရုတ်နှင့် ဝဘာသာဖြင့် ပြောကြားချက်တွင် ဝ တပ်ဖွဲ့အနေဖြင့် ပါတီ၏ ဦးဆောင်မှုဖြင့် ဝ ဒေသအား စွမ်းစွမ်းတမံ ကာကွယ်သွားရန် အတွက် စစ်ရေး သတိရှိရန် ပြောဆိုခြင်းဖြစ်ပြီး ဝ ရုပ်မြင်သံကြား ဌာန (WSTV) က နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် ရက်ခြား ဆိုသလို ထုတ်လွှင့် ပြသနေသည်ဟု ပန်ဆန်းမြို့မှ ဝ တပ်ဖွဲ့ဝင် တဦးက ပြောသည်။

၎င်းက “အဲလိုလွှင့်နေတာ (၁) ပတ်ကျော်လောက်တောင် ရှိပြီလား မသိဘူး။ အရင် လူထု အစည်းဝေးတွေမှာလည်း အဲလို ကိုယ့်ဒေသကိုယ် ကာကွယ်သွားမယ် ဆိုတာကတော့ ပြောနေကျပါ။ ပြီးခဲ့တဲ့ ဗဟိုကော်မတီ အစည်းအဝေးကလည်း အဲလို ကိုယ့်ဒေသကိုယ် ကာကွယ်ဖို့ စစ်ရေး အသင့်ပြင်ထားဖို့ မူချမှတ်ထားတယ်” ဟု ပြောသည်။

အဆိုပါ ရုပ်သံဌာန၏ ထုတ်လွှင့်ချက်များကို ဝ တပ်ဖွဲ့ဌာနချုပ် ရှိရာ ပန်ဆန်းမြို့မှ ထုတ်လွှင့်နေပြီး ဝတပ်ဖွဲ့ ထိန်းချုပ်ရာ ဒေသအတွင်းရှိ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အလိုက် ထပ်ဆင့် ထုတ်လွှင့် ပြသနေသည်။

ဝ ဒေသကာကွယ်ရေးအား ရည်ရွယ်ပြီး ဝ တပ်ဖွဲ့၏ တပ်မဟာ အလိုက် သက်ဆိုင်ရာ မြို့နယ်တို့တွင် ဒေသခံ လူထုအား အခြေခံ စစ်ပညာ သင်တန်းများ ပို့ချနေပြီး မကြာမီ သင်တန်းများအားလုံး ပြီးဆုံးတော့မည်ဟု ဝ တပ်ဖွဲ့နှင့် နီးစပ်သူ တရုတ်နယ်စပ် ဒေသခံ တဦးက ပြောသည်။

၎င်းက “သင်တန်းတွေက မနှစ် ဒီဇင်ဘာ လဆန်းပိုင်းလောက် ကတည်းက စနေတာ။ တန့်ယန်း သွားတဲ့ လမ်းက ဝိန်းကောင်ဘက်က သင်တန်းတွေဆို ပြီးသွားပြီ။ ဝ တောင်ပိုင်းက မြို့နယ်တွေမှာ။ အချို့မြို့နယ်တွေမှာ အမျိုးသမီးတွေလည်း တက်တယ်။ အရန် ပြည်သူ့စစ် သင်တန်းပေါ့။ လက်နက်ငယ် ပစ်ခတ်တာတွေကော သင်ပေးနေတာ။ ရည်ရွယ်ချက်က ဝ ဒေသ ကာကွယ်ရေး၊ လိုအပ်လာရင် စစ်တိုက်နိုင်ဖို့ပေါ့” ဟု ပြောသည်။

ဝတပ်ဖွဲ့တွင် လက်နက်ကိုင် ပြည်သူ့စစ် တပ်ဖွဲ့ အပါအဝင် အင်အား (၃ဝ,ဝဝဝ) ခန့် ရှိနေချိန်တွင် ဒေသခံ အရပ်သူ၊ အရပ်သား များအား အရန်ပြည်သူ့စစ် ဆိုပြီး သင်တန်းများပေးကာ ဒေသ ကာကွယ်ရေး အတွက် စစ်ရေး ပြင်နေခြင်းဖြစ်သည်။

အပစ်ခတ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ယမန်နှစ်၊ ဧပြီ (၂၈) ရက်၌ နအဖဘက်မှ စတင် ကမ်းလှမ်းလာပြီး နောက်ပိုင်း ဝ တပ်ဖွဲ့က နအဖ ကမ်းလှမ်းထားသည့် အတိုင်း လက်မခံနိုင်သည့် အတွက် နှစ်ဘက် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ် နေသော်လည်း မပြေလည်ဘဲ ဖြစ်နေချိန်တွင် ဝ တပ်ဖွဲ့က ယခုကဲ့သို့ ဒေသ ကာကွယ်ရေး အတွက် စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့