..............................

Tuesday, December 1, 2009

ရန်လုံကျိုင်း နယ်စပ်ကုန်သွယ်ရေးစခန်း မဖြစ်လာသေး

ပေါက်ပေါက်
၃၀ နိုဝင်ဘာ ၂၀၀၉

ရှမ်းပြည်အရှေ့မြောက်ပိုင်း၊ ကိုးကန့်ဒေသအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းသစ် ဖွင့်လှစ်ရန် ရှိကြောင်း စစ်အစိုးရက ပြောဆို နေသော်လည်း အဆိုပါစခန်းမှာ ယခုအချိန်အထိ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပေ။

အဆိုပါစခန်းသစ် ဖွင့်လှစ်ရန်ရှိကြောင်း နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တက်ရေး ဝန်ကြီးဌာနကို ကိုးကားပြီး ဆင်ဟွာ သတင်းဌာနက အောက်တိုဘာ (၁၅) ရက်တွင် သတင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်းသစ် ဖြစ်လာရန်လည်း အလှမ်းဝေးသေးကြောင်း၊ ကိုးကန့် ဒေသအတွင်းရှိ လက်ရှိ ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းပင်လျှင် နယ်မြေ အခြေအနေ တည်ငြိမ်မှု မရှိ သေးသည့်အတွက် ဆက်လက် လုပ်ကိုင်ရန်ပင် မဝံ့မရဲ ဖြစ်လာနေသည်ဟု နယ်စပ် ကုန်သည်တဦးက ပြောသည်။

ကိုးကန့်နယ်မှ ကုန်သွယ်မှုတွင် ဂျူတီဆောင်ကာ တရားဝင် လုပ်နေသည့် ကုန်သည် အလွန်နည်းပြီး (၁၀) ဦးခန့်သာ ရှိကြောင်း၊ အများဆုံး လုပ်ကိုင် နေကြသည်မှာ မှောင်ခိုလိုင်းကသာ ဖြစ်သည့်အတွက် ကုန်သွယ်ရေး စခန်း ထပ်ဖွင့်ရန် မလွယ်ကူသေးကြောင်း ယင်းကုန်သည်က ပြောသည်။

၎င်းက “ဖွင့်လို့တော့ရတာပေါ့။ လိုင်ဇာလို၊ ကန်ပိုက်တီးတို့လို နာမည်သာရှိပြီး ကုန်သည်မရှိတဲ့ ဟာမျိုး ဖြစ်မှာပေါ့။ အခုချိန်ထိတော့ ရန်လုံကျိုင်း ကုန်သွယ်ရေးစခန်း အရိပ်အယောင်တောင် မတွေ့ရသေးဘူး။ လက်ရှိ ဒီဒေသမှာတောင် ဘယ်နေ့ တိုက်ပွဲ ဖြစ်မလဲဆိုပြီး ရင်တထိတ်ထိတ် ဖြစ်နေတာ။ နယ်စပ်ဖြတ်ကျော်တဲ့ စာအုပ်တွေ အရန်သင့် လုပ်ထားရတာ။ ဖြစ်လာရင် တရုတ်ဘက်ကမ်း မုန်းတိန်းဘက် ပြေးရအောင်” ဟု ပြောသည်။

မူဆယ်ကုန်သွယ်ရေးဇုန်တွင် ခွင့်မပြုသည့် ကုန်စည်များနှင့် ဂျူတီခ များသည့်အတွက်သာ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်းတွင် လာရောက် လုပ်ကိုင် နေကြခြင်းဖြစ်ပြီး အကယ်၍ ရန်လုံကျိုင်းစခန်း ထပ်ဖွင့်လျှင်လည်း ကုန်သည် တိုးလာရန် မရှိနိုင်ဘဲ လက်ရှိ ကုန်သည်များထဲမှ ပြောင်းပြီး လုပ်ကိုင်ရန်သာ ရှိသည်ဟု မူဆယ် နယ်စပ် ကုန်သည်တဦးက ပြောသည်။

၎င်းက “မူဆယ်ဘက်မှာ ကုန်သည် (၅ဝဝ) လောက်ရှိမယ်။ ဒီဘက်မှာ လုပ်ရခက်ရင်သာ အဲဒီဘက်ကို ရွှေ့ပြောင်းကောင်း ရွှေ့ပြောင်းနိုင်တယ်၊ ဒါကလည်း ဖြစ်နိုင်ခြေ သိပ်မရှိဘူး။ အမှန်ကတော့ ရှိတဲ့ ကုန်သည်တွေကိုသာ တင်းကျပ်တဲ့ မူဝါဒတွေ လျှော့ပေါ့ပေး၊ နှစ်ဘက် ပြေလည်အောင် လုပ်ပေး နိုင်ရင်တော့ အကောင်းဆုံးပဲ။ စခန်းသစ်တွေ ထပ်ဖွင့် နေတာထက် ရှိတဲ့စခန်းမှာ လုပ်နေတဲ့ သူတွေကို မှောင်ခိုဘက် ရောက်မသွားနိုင်အောင် စည်းရုံးဖို့ပဲ အရေးကြီးပါတယ်” ဟု ပြောသည်။

ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် မြန်မာပြည်ဘက်မှ ဆန်၊ ရာဘာ၊ ပြောင်းတို့ကို တရားဝင် တင်ပို့နေပြီး မြေပဲ၊ နှမ်းတို့ကို မှောင်ခို တင်ပို့ကာ တရုတ်ပြည်ဘက်မှ အချိုမှုန့်၊ ဖျော်ရည်ဘူး၊ ဘီယာများ မှောင်ခို တင်သွင်းနေသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့