..............................

Tuesday, December 1, 2009

SSA တောင်ပိုင်းတပ်ဖွဲ့နှင့် PNLO အောက်ခြေတပ်ဖွဲ့များကြား ပစ်ခတ်မှု ဖြစ်ပွား

ဇော်ကြီး
နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၀၉ ခုနှစ်။

ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်းတပ်ဖွဲ့နှင့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLO တပ်ဖွဲ့ နှစ်ခု၏ အောက်ခြေ တပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ်အတွင်းရှိ နှစ်ဖက်တပ်များ လှုပ်ရှားရာ နမ့်ပွန်ချောင်း အရှေ့ဖက်၊ တောရှဒေါရွာ အနောက်ဖက်ရှိ တောင်ယာအတွင်း PNLO တပ်ဖွဲ့များ ထမင်းချက်စားနေစဉ် SSA တောင်ပိုင်း အမှတ် ၃၆၁ တပ်ရင်းမှ လာရောက် ပစ်ခတ်ခြင်း ဖြစ်သည်ဟု PNLO ကပြောသည်။

အခင်းဖြစ်ပွားပုံနှင့်ပတ်သက်၍ ဒေသခံရွာသားများ၏ ပြောပြချက်အား PNLO အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က ယခုလိုပြောသည်။

“ပထမပိုင်းမှာ ဘယ်သူဘယ်ဝါက သူတို့ကို လာပစ်လဲဆိုတာ မသိပါဘူး။ သူတို့ အဲဒီကနေ ဆုတ်သွားပြီး နောက်နေ့ ခပ်စောစောမှာမှ ရွာသားတွေဆီကနေ တဆင့် သူတို့ ပြန်ကြားရတယ်။ အဲဒီအချိန်မှ SSA က မှန်း သူတို့သိတယ်။ အဲဒီ ၃၆၁ တပ်ရင်းမှန်းပေါ့နော်။”
တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်ခန့်ကြာပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်ရာ PNLO ဖက်မှ ဆေးမှူး ခွန်ဇော်ဦး ပွဲချင်းပြီး ကျဆုံးခဲ့သည်။

ယခုလိုဖြစ်ပွားရခြင်း၏ အခြေခံကျသည့် အချက်ကို ကောင်းစွာ မသိရသေးသော်လည်း နှစ်ဖက်တပ်များ လှုပ်ရှားသည့် နယ်မြေဖြစ်သည့် အတွက် ပြဿနာအား ငြိမ်းချမ်းစွာ အဖြေရှာသည့် နည်းဖြင့် ဖြေရှင်းလိုသည်ဟု ၎င်းက ဆက်ပြောသည်။

“မလိုလားအပ်တဲ့ သွေးထွက်သံယိုမှုဖြစ်တဲ့ ပြဿနာတွေ၊ ပအိုဝ်းနဲ့ရှမ်းနဲ့ ဖြစ်လာတဲ့ ပဋိပက္ခတွေ၊ ဒါ ကိုလည်း ကျနော်တို့ မလိုလားပါဘူး။ ဒီပြဿနာနဲ့ ပတ်သက်လို့ကတော့ ငြိမ်းချမ်းသောနည်းနဲ့ တွေ့ဆုံ ဆွေးနွေးပြီး အဖြေရှာ သွားမှာပဲဖြစ်တယ်။”
ယင်းကိစ္စဖြစ်ပွားမှုအပေါ် ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်း ပြောရေး ဆိုခွင့်ရှိသူ တဦးက ယခုလို ပြောသည်။

“ကျနော်ကြားသိရသလောက်ကတော့ သူတို့အောက်ခြေ အချင်းချင်းပေါ့နော့ အထင်မှား အမြင်မှားဖြစ် ပြီးတော့ သွားပစ်တယ်လို့ပဲ ကြားရပါတယ်။”

ယခုလိုဖြစ်ပွားသည့်အပေါ် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး၍ ညှိနှိုင်း အဖြေရှာရန် လိုအပ်ပြီး “ကျနော်တို့ အချင်းချင်း ဘာတွေကို ပူးပေါင်းဆောင်ရွက်မလဲ။ အကယ်၍ ပူးပေါင်း ဆောင်ရွက်မှု မရှိဘူးဆိုရင် ပြဿနာကို ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။” ဟု ၎င်းက ဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ နှစ်ဖက်ခေါင်းဆောင်များ တစ်ဖက်နှင့် တစ်ဖက် အသိပေး အကြောင်းကြား ပြီးသော်လည်း ညှိနိုင်းဆွေးနွေးမှု မပြုလုပ်ရသေးဟု နှစ်ဖက် ခေါင်းဆောင် များက ပြောသည်။

ယင်းနယ်မြေတွင် SSA တောင်ပိုင်းနှင့် PNLO တပ်ဖွဲ့တို့ လှုပ်းရှားနေသည့် အပြင် မြန်မာ စစ်အစိုးရက မကြာခဏ ထိုးစစ်ဆင်လေ့ရှိသည့် ဒေသဖြစ်သည်။


Ref: သတင်းနှင့်မီဒီယာ ကွန်ယက်

0 comments:

အပေါ်သို့