..............................

Monday, November 30, 2009

လူ၊ ခေတ်၊ စနစ် ပြောင်းဖို့လိုတဲ့ ဒို့တိုင်းပြည် အပိုင်း (၁)

ဗိုလ်မှူးကျော်ကျော်ခိုင်

စစ်အာဏာရှင်အိုကြီးတစ်စုက (၂၀၁၀) ရွေးကောက်ပွဲ ကျင်းပပေးမည်ဆို၍ အချို့အဖွဲ့ အစည်းများ၊ ကယ်တင်ရှင် နိုင်ငံရေး သူရဲကောင်းများနှင့် အချို့ ပုဂ္ဂိုလ်ကြီးများသည် “ရင်ထဲတွင် ကုလားမီးနင်းပွဲ လှည့်လည်နေသကဲ့သို့” ရင်ခုန် လှုပ်ရှားနေကြကြောင်း တွေ့ရပါသည်။ မောင်မောင်ခေါ်ရင် “ဗျာ” လို့ လက်ညှိုး ထောင်မယ့် သူများလည်း ရှိနေကြသည်။ ထို့ကြောင့် နအဖ စစ်အာဏာရှင်အို တစ်စုကလည်း တိတ်တခိုး ပီတိ ဖြစ်နေကြပါ၏။ “ဘုန်းကြီးရူးနှင့် လှေလူး” တွေ့ကြတော့မှာပင်။ တကယ်တော့ ရွေးကောက်ပွဲ ၀င်ပါမည် ဆိုသည်မှာ နအဖ စစ်အာဏာရှင် ဗိုလ်သန်းရွှေ အလိုကျ ရေးဆွဲထားသော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို အတည်ပြုပါသည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလား။ ထို့ကြောင့် ထိုရွေးကောက်ပွဲ ၀င်မည့် သူများသည် စစ် အာဏာရှင်အို တစ်စု နှင့်အတူ ရှင်းလင်း သုတ်သင်ပစ်သင့်သည့် သူများသာ ဖြစ်ချေသည်။

၎င်းတို့ ရည်ရွယ်ချက်ကို ကြည့်လျှင် နိုင်ငံတော်နှင့် ပြည်သူ လူထု၏ အကျိုးစီးပွား ထက် ကိုယ်ကျိုး စီးပွားရှာလိုမှု အလွယ် တကူ နေရာအာဏာ တပ်မက် လိုချင်မှုတို့ပင် ဖြစ်သည်။ ဤကဲ့သို့ သုံးသပ်နိုင် ရခြင်းမှာလည်း အကြောင်း ရှိသည်။ ပြည်သူ လူထုကြီး တစ်ရပ်လုံးက လက်မခံနိုင်သော နအဖ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့် ဖြစ်၏။ ဤကိစ္စကို အရင်ဖြေရှင်း ကြရဦးမည် ဖြစ်၏။

တချို့ နိုင်ငံရေးသမားများက ဆင်ခြေဆင်လက် ပေးသည့်စကားများ ရှိကြသည်မှာ စစ် အာဏာရှင်များကို ပေးတာယူ၍ လိုင်းပူး သတ်မည်၊ တဖြည်းဖြည်း ပြောင်းလဲယူမည် ဟူ၍ တွေးခေါ် နေခြင်းသည် “ငါးစာကိုသာ မြင်၍ ငါးမျှားချိတ်” မမြင်ခြင်းပင် ဖြစ်၏။ ဤအကွက်ကို စစ်အာဏာရှင်များက ကြိုတင် မြင်ထားပြီး အစစ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သလို အဆင့်ဆင့် ကာကွယ် တားဆီးမှု စီမံချက်များက ချထားပြီး ဖြစ်ပေသည်။

နိုင်ငံတော်တွင် အနာဂတ်၏ခေါင်းဆောင် လုပ်လိုသူများသည် အမြင် အတွေး တိမ်၍ မရပါ။ အများ ယောင်လို့ယောင် အမောင်တောင်မှန်း မြောက်မှန်း မသိ၍ မဖြစ်။ ဘသားယိမ်းလိုက် ရောယိမ်းလိုက်၊ တောင်လေလာ မြောက်ကိုယိမ်း၊ မြောက်လေလာ တောင်ကိုယိမ်း ယိမ်းနေ ၍လည်း မရနိုင်။ နအဖက လမ်းပြမြေပုံဆို လမ်းပြမြေပုံကြသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆို လိုက်ဥပဒေကြသည်။ ရွေးကောက်ပွဲ (၂၀၁၀) ဆိုပြန်တော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို သတိမရတော့။ နအဖ အာရုံလွှဲသမျှ လိုက်ပါနေကြသည်။ နအဖက တခုခု လုပ်မှသာ နောက်မှလိုက် မကောင်းပြောသည်။ အချို့ ဖော်လံဖား စခန်းသွားကြသည်။ ကိုယ်ပိုင်အစွမ်းအစ ထုတ်ပြကာ ဦးဆောင်နိုင်စွမ်း မရှိကြချေ။ ထိုသူများသည် မြန်မာနိုင်ငံ၏ အနာဂါတ်ကို မည်သို့ ကောင်းမွန် တိုးတက်အောင် ဆောင်ရွက်နိုင်ပါ အံ့နည်း။

ခေါင်းဆောင်ဆိုသူများသည် ဥာဏ်ပညာ အမြော်အမြင်နှင့် ပြည့်စုံရမည် မဟုတ်ပါလား။ ကြိုတင် မျှော်တွေး တတ်သော စဉ်းစား ဆင်ခြင်နိုင်စွမ်း ရှိရမည်၊ တိကျခိုင်မာသော ရည်ရွယ်ချက်၊ ရည်မှန်းချက်တို့ ရှိရမည် မဟုတ်ပါလား။ တကယ်တော့ မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး၊ အေးချမ်းသာယာရေး နှင့် ဒီမိုကရေစီစနစ် ပေါ်ပေါက် ထွန်းကားရေး အတွက်မှာ ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေကိစ္စက ပို၍ အရေးကြီးပါသည်။ ယခု နအဖ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ နအဖ စစ်အာဏာရှင် ဗိုလ်သန်းရွှေ တစ်ဦးတည်း အလိုကျ ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်သည့်အပြင် ပြည်သူလူထု တစ်ရပ်လုံး၏ စစ်မှန်သော ဆန္ဒ သဘောထားများ မပါဝင်ခဲ့ပေ။ ပြည်သူ့ ဆန္ဒသဘောထား အကြံဉာဏ်များ ရယူတောင်းခံခြင်း၊ ကောင်းစွာ ရှင်းလင်းတင်ပြခြင်း၊ ပြန်လည် ချပြခြင်း၊ လိုအပ်သလို ပြည်သူ့ ဆန္ဒနှင့်အညီ ဒီမိုကရေစီ နည်းကျကျ ရေးသားခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း များကိုလည်း ကောင်းမွန်စွာ မဆောင်ရွက်ခဲ့ ကြပေ။ မည်သူမှ အကြေအလည် ဆွေးနွေးခွင့် မရသည့် အပြင် ဥပဒေများ ထုတ်ပြန်ကာ ခြိမ်းခြောက် ခံကြရသေးသည်။

မဆလခေတ်က စစ်အာဏာရှင် ဘိုးအေကြီး ဦးနေ၀င်း လက်ထက်ကမှ ပြည်သူလူထု ထံသို့ ချပြကာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပြည်သူလူထု ဆန္ဒခံယူပွဲ (၃) ကြိမ် လုပ်ခဲ့သေးသည်။ ယခုမူ ပြေးပြေးလွှားလွှား ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို စစ်အာဏာရှင် ဗိုလ်သန်းရွှေ အလိုကျ အတည်ပြုခဲ့သည့် အပြင် ပေါ်ပေါ်ထင်ထင်ပင် တိုင်းပြည် တစ်ခုလုံးသို့ လိမ်ညာခဲ့ကြ သည်။ လူသိန်းချီ သေဆုံးပြီး အဆုံးစွန် ဘ၀ပျက်၍ ဒုက္ခကြီး အသွယ်သွယ်ကို ခံစားနေရသော နာဂစ်မုန်တိုင်းခံ ဒုက္ခသည်များ (ပြည်သူပြည်သားများ) ကိုပင် အရေး မစိုက်အားပဲ ၎င်းဖွဲ့စည်းပုံ အခြေခံ ဥပဒေအတွက် ဗိုလ်သန်းရွှေနှင့် ဇနီး ကိုယ်တိုင်က အလွန် အရှက်မဲ့စွာ မဲပေး အတည်ပြု ခဲ့ကြသေးသည်။

ဤမျှ သိက္ခာမဲ့သော စစ်အာဏာရှင်အိုကြီး၏ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို နိုင်ငံတော်နှင့် ပြည်သူ လူထု၏ အကျိုးကို အမှန်တကယ် လိုလားသူတိုင်း လက်ခံ၍ မရနိုင်။ သို့ဖြစ်၍ ရွေးကောက်ပွဲ (၂၀၁၀) ထက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိစ္စအား ပိုမိုအလေးထား ဆောင်ရွက် တိုက်ပွဲဝင်ကြရမည် သာဖြစ်သည်။

ပြည်သူချစ်သော ပြည်သူ့တပ်မတော် ဖြစ်စေလိုသည့် တပ်မတော်သား အစစ်အမှန်တို့ အနေနှင့် ဤအခြေအနေကို အမှန်အတိုင်း သဘောပေါက် စေချင်သည်။ စစ်အာဏာရှင် အိုကြီး တစ်စုသည်၎င်း၊ ပြည်သူ့ ဆန္ဒ သဘောထား အမှန်များ မပါသော ၎င်းတို့၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည်၎င်း၊ နအဖ၏ ရွေးကောက်ပွဲ (၂၀၁၀) သည်၎င်း၊ ရွေးကောက်ပွဲ၌ ပါဝင်မည့်သူများ (ယခုထိ သိရဆဲသူများ) ဥပမာ… ကျောင်းသား မဟုတ်သော ကျောင်းသား အေးလွင်လို သူများသည်၎င်း၊ တိုင်းပြည်ကို အမှန်တကယ် အေးချမ်းသာယာ တိုးတက်စေချင်လျှင် လက်ခံ၍ မရကြောင်း သိမြင်ကြရပေမည်။

စစ်သားဖြစ်၍ စစ်အာဏာရှင်အိုတစ်စုဘက်သို့ ဘက်လိုက် စဉ်းစား၍ မရစကောင်း။ ဦးဆောင်မှု အခန်းကဏ္ဍ၌ တပ်မတော် ပါဝင်သည် ဆို၍ ၀မ်းသာဂုဏ်ယူ ရမည့် အခြေအနေ လုံးဝ မဟုတ်ပေ။ စစ်အာဏာရှင် အိုကြီးများက သူတို့ အကျိုးအတွက်သာ ဆိုလျှင် အေးလွင်လို ပုတ်သင်ညို ဆိတ်ဂွေးစိကိုပင် အလေးပြု ခိုင်းတော့မည် မဟုတ်ပါလား၊၊

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆိုသည်မှာ နိုင်ငံတော်နှင့် ပြည်သူလူထု တစ်ရပ်လုံး၏ အသက်ပင် ဖြစ်သည်။ ပြည်သူလူထု တစ်ရပ်လုံး၏ ဆန္ဒ သဘောထား ပါဝင် ထင်ဟပ်ရသည်။ ပြည်သူလူထု တစ်ရပ်လုံး ဆိုရာ၌လည်း တပ်မတော်သားများနှင့် ပြည်သူ့ ၀န်ထမ်းများ၊ မိသားစုဝင် ဆွေမျိုး မိတ်သင်္ဂဟများ အပါအဝင် ကျေးဇူးရှင် အစစ်ဖြစ်သော ပြည်သူပြည်သား အားလုံးကို ဆိုလိုခြင်း ဖြစ်၏။

ဤမျှ အရေးပါသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို စစ်အာဏာရှင် အိုကြီးများက သူတို့နှင့် မိသားစုများ၏ ကိုယ်ကျိုး စီးပွား၊ အသက်အိုးအိမ် စည်းစိမ် များကို ကာကွယ်နိုင်ရန် အလို့ငှာ နိုင်ငံတော်နှင့် ပြည်သူ လူထုကြီး၏ အကျိုးစီးပွားနှင့် လဲလှယ်၍ ရေးဆွဲထားခြင်းသာ ဖြစ်၏။ ရုံးစာရေးနည်း (Staff Duty) အရ ဥပဒေစာလုံးများ တန်ဆာဆင် ရေးသားထား စေကာမူ အနှစ်သာရမှာ စစ်ခေါင်းဆောင် စစ်အာဏာရှင်အို တစ်စု၏ ကိုယ်ကျိုး စီးပွားနှင့် အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ် စောင့်ရှောက်နိုင်ရန် မျိုးဆက်သစ် တပ်မတော်သားများသို့ ပညာသားပါပါ တာဝန်ပေး ခေါင်းခံ ခိုင်းလိုက်ခြင်းသာ ဖြစ်သည်။ ထိုးဖောက်စဉ်းစား သိမြင် ခံစားလိုက်ပါက တပ်မတော်သား အပေါင်းသည် ဤအချက်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရပေမည်။

ဆက်လက်တင်ပြပါမည်။


Ref: ဖိုးတရုတ်

0 comments:

အပေါ်သို့