..............................

Wednesday, November 18, 2009

နယ်ခြားစောင့်တပ်များအား ကြိုဆိုပွဲပြုလုပ်

ခိုင်လင်း / ၁၇ နိုဝင်ဘာ ၂၀၀၉

ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (အန်ဒီအေ-ကေ) မှ အသွင်ပြောင်း ဖွဲ့စည်း လိုက်သည့် နယ်ခြားစောင့် တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် အင်အား (၁ဝဝ) ကျော်အား ကချင်ပြည်နယ်၊ မြစ်ကြီးနားရှိ မြို့တော် ခန်းမတွင် အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။

နိုဝင်ဘာ (၁၄) ရက်တွင် ရောက်ရှိလာသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များအား နံနက် (၉) နာရီတွင် စတင် ကြိုဆိုခဲ့ပြီး ယင်း ကြိုဆိုပွဲသို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် စံထွန်းနှင့် အစိုးရ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ တက်ရောက် ခဲ့ကြပြီး နေ့လယ် (၁၁) နာရီတွင် ပြီးဆုံးသွားကြောင်း အဆိုပါပွဲ တက်ရောက်ခဲ့သည့် မြစ်ကြီးနားမှ ပညာရေး ၀န်ထမ်းတဦးက ပြောသည်။

၎င်းက “အန်ဒီအေကေ တပ်ဖွဲ့တွေက အားလုံး (၁၀၀) ကျော် (၂၀၀) လောက်ရှိမယ်။ လက်နက်တော့ မပါဘူး။ ယူနီဖောင်းရယ်၊ ဒိုင်းလိုဟာမျိုးမှာ အစိမ်း၊ အဝါ၊ အနီ၊ အလယ်က ကြယ်နဲ့၊ ရဲတံဆိပ်လို ဟာမျိုး လက်မောင်းမှာ တပ်ထားတယ်။ ဘယ်ရီဟက် ဆောင်းထားတယ်။ တရုတ် (FAW) ဖောကားတွေနဲ့ လာကြတာ။ အားလုံးကား (၈) စီးရှိတယ်” ဟု ပြောသည်။

အခမ်းအနားအပြီးတွင် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များအား FAW အမှတ်တံဆိပ် တရုတ်လုပ် ခြောက်ဘီး ကားများဖြင့် မြစ်ကြီးနား၊ မြို့သစ်ကြီးသို့ သယ်ဆောင် သွားသည်ဟု အဆိုပါ ဝန်ထမ်းက ပြောသည်။

ကချင်တိုင်းရင်းသားများအကြား အန်ဒီအေကေ အဖွဲ့အပေါ် မျှော်လင့်ချက် ကုန်ဆုံးကာ စိတ်ပျက် နေကြချိန်တွင် ယခုကဲ့သို့ နယ်ခြားစောင့်တပ် ပြောင်းလဲသည့် အပေါ် ပိုပြီး စိတ်ဆိုး ဒေါသ ဖြစ်နေကြသည်ဟု မြစ်ကြီးနားမြို့ခံ ကချင်အမျိုးသား တဦးက ပြောသည်။

၎င်းက “ပထမ ငြိမ်းချမ်းရေးစယူလိုက်ကတည်းက ပြည်နယ်ရဲ့ သယံဇာတတွေကို ကိုယ်ကျိုး စီးပွားလုပ်ပြီး ကချင် တော်လှန်ရေး အပေါ် သစ္စာ ဖောက်လိုက်တယ်။ ဒုတိယအချက်က ခရစ်ယာန် ဖြစ်လျက်နဲ့ ပန်ဝါမှာ ဘုရားတည်တဲ့ ကိစ္စနဲ့ ဘာသာရေး အပေါ် သစ္စာ ဖောက်လိုက်တယ်။ အခုနောက်ဆုံး သွေး၊ ချွေးတွေနဲ့ တည်ဆောက်ထားတဲ့ အဖွဲ့အစည်း တခုလုံးကို ကချင် လူထုတွေ အတွက် ဘာမှ မလုပ် ပေးနိုင်သေးဘဲနဲ့ လူရော၊ လက်နက်ရော စစ်အစိုးရကို ထိုးအပ်ပေးလိုက်တယ်။ ဆခုံတိန့်ယိန်းကို အတော်ကို စိတ်နာနေကြပြီ” ဟု ပြောသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်း အန်ဒီအေကေတပ်ဖွဲ့ဝင်များကို မြစ်ကြီးနား မြို့ပေါ်သို့ ခေါ်ယူပြီး ကြိုဆိုပွဲ လုပ်ခြင်းမှာလည်း ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) ကို ၎င်းကဲ့သို့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် မြူဆွယ်ပြခြင်းမျိုး ဖြစ်သည်ဟု အဆိုပါ ကချင်အမျိုးသားက ပြောသည်။

၎င်းက “မပခတိုင်းမှူးက ကေအိုင်အိုကို ဒီက ဘာသာရေးခေါင်းဆောင်တွေက တဆင့် တဖက်လှည့်နဲ့ စည်းရုံးတာမျိုး တွေလည်း ရှိတယ်။ ဆခုံတိန့်ယိန်းတို့ အဖွဲ့ ဒီ မြစ်ကြီးနားကို ခေါ်လာတာလည်း လူထုတွေ လက်ခံ ကြိုဆိုနေတယ် ဆိုတာမျိုး လုပ်ပြချင်တာ” ဟု ပြောသည်။

အန်ဒီအေကေအဖွဲ့သည် ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ဗမာပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်ကာ အပစ်ခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာ (၈) ရက်နေ့တွင် နယ်ခြားစောင့်တပ် အဖြစ် တရားဝင် အသွင် ပြောင်းလိုက်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့