..............................

Thursday, November 19, 2009

SSA အပစ်ရပ် နှင့် နအဖ ဆွေးနွေးမှု ညှိနှိုင်းမရ

ဗုဒ္ဓဟူးနေ့၊ 18 နိုဝင်ဘာလ 2009

အသွင်ကူးပြောင်းရေးကော်မတီ ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးရဲမြင့် နှင့် မြောက်ပိုင်း SSA အပစ်ရပ် တပ်ဖွဲ့ ခေါင်းဆောင်တို့ ပြီးခဲ့သည့် စနေနေ့က လားရှိုး၌ တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း ညှိနှိုင်း၍ မရဟု ရွှေလီ သတင်းရပ်ကွက်က ပြောပါသည်။

“ဒေသကာကွယ်ရေးတပ်ပြောင်းဖို့ ဗိုလ်ရဲမြင့်က စာရင်းအကြိမ်ကြိမ် တောင်းထားတယ်။ တပ်ရင်း ၃ ရင်းအတွက် SSA ဘက်က သတင်း ပေးလိုက်ပေမယ့် လူအင်အား စာရင်း မပြည့်ဘူးဆိုပြီး ငြင်းခုံတဲ့ အဆင့် အထိတောင်ဖြစ်ခဲ့တယ်” - ဟု လားရှိုးမြို့ခံ တဦးက ပြောပါသည်။

နိုဝင်ဘာ ၁၄ ရက် တွေ့ဆုံပွဲတွင် နအဖ ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၊ ရမခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်လှမြင့်၊ ဂျီဝမ်း ဒုဗိုလ်မှူးကြီး မင်းဟိန်း နှင့် သျှမ်းပြည် တပ်မတော် မြောက်ပိုင်း SSA အပစ်ရပ်တပ်ဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်လွယ်မောဝ်၊ ဒုဥက္ကဌ ဗိုလ်ချုပ် ကိုင်ဖ၊ ဗိုလ်မှူးကြီးစိုင်းတူး၊ ဗိုလ်မှူးကြီးဂေါင်တိုင်းတို့ ပါဝင်ခဲ့ကြသည်ဟု ဆို၏။

သျှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA အပစ်ရပ်တပ်ဖွဲ့မှ ဒုဗိုလ်ချုပ်ကြီးရဲမြင့် လူသူ လက်နက် စာရင်းပေးရန် တောင်းဆိုသည့် အတိုင်း ပေးပို့ရာ၌ မူဆယ် - နမ့်ခမ်းဘက် အခြေချမည့် ဗိုလ်မှူးယွတ်မောင် ဦးဆောင်သည့် တပ်ရင်းအတွက် လူအင်အား ၆၀၊ သီပေါမြို့နယ် အခြေချမည့် ဗိုလ်မှူး သန်းဌေး ဦးဆောင်သည့် တပ်မဟာ ၃ ၌ လူအင်အား ၇၀-၈၀ အပြင် တပ်မဟာ ၇ အင် အား ၆၀-၇၀ နှင့် ထပ်ပေါင်းသော်လည်း လူအင်အား ၃၀၀ မပြည့်သော ကြောင့် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က - “ကျနော်တို့ သိထားတဲ့ သတင်းအရဆို ခင်ဗျားတို့ တပ်ဖွဲ့ရဲ့ လူအင်အားက ၅-၆ ထောင်လောက် ရှိတယ်။ အခုခင်ဗျားတို့ စာရင်းသွင်း လာတာ ၃၀၀ တောင် မပြည့်ဘူး၊ အဲဒါ ဘာကြောင့်လဲ” - ဟု မေးခဲ့ကြောင်း လားရှိုး စစ်တိုင်းရှုံးနှင့် နီးစပ်သူ တဦးက ပြောပါသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဗိုလ်ချုပ်လွယ်မောဝ်နှင့် အဖွဲ့က -“ဗိုလ်ချုပ်တို့ ပြောတဲ့ အတိုင်း နားလည် လက်ခံတာ ကျနော်တို့ တင်ပြတဲ့ အဖွဲ့တွေဘဲ ရှိတယ်။ ကျန်တဲ့တပ်မှူး တပ်ကဲတွေက အသွင်ပြောင်းရေး အကြောင်းနားလည် သဘောပေါက်ဖို့ ကျနော်တို့ အချိန်ယူ ဆွေးနွေး ရဦးမှာဖြစ်တယ်” - ပြန်ပြောကြောင်း အဆိုပါ အမည်မဖေါ်လိုသည့် ပုဂ္ဂိုလ်က ပြောပြပါသည်။

၂၀၀၉ ဒီဇင်ဘာဒက်လိုင်းထား အသွင်ပြောင်းရန်၊ နိုဝင်ဘာလ ၂၂ နောက်ဆုံးထား လူသူ လက်နက် အင်အားစာရင်း ပေးပို့ရန် ဗိုလ်ချုပ်ရဲမြင့်က ရာဇဒဏ် ထပ်ပေးထားကြောင်း - “ခင်ဗျားတို့ အသက် ၅၀ အထက် လူကြီးပိုင်း မနားချင်ဘူး ဆိုရင်လည်း အသက် ၆၀ အထိ တာဝန်ထမ်းခွင့် ပြုမယ်၊ ခင်ဗျားတို့ နိုင်ငံတော်ရဲ့ စေတနာကိုလဲ နားလည်မှာပါ” - ဟု ပြောကြား ခဲ့ကြောင်း ဆို၏။

နယ်ခြားစောင့်တပ် BGF နှင့် ဒေသကာကွယ်ရေးတပ် (ပြည်သူ့စစ်) HGF အဖြစ် အသွင်ပြောင်းရန် နအဖမှ အကြိမ်ကြိမ် ခေါ်ယူ ဖိအား ပေးသော်လည်း အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် NDAA-ESS မိုင်းလားတပ်ဖွဲ့၊ ၀ ပြည် သွေးစည်းရေး တပ်ဖွဲ့ UWSA၊ ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် သျှမ်းပြည် တပ်မတော် မြောက်ပိုင်း SSA တပ်ဖွဲ့တို့က လက်မခံဘဲ အကြောင်းပြချက် အမျိုးမျိုးဖြင့် အချိန်ဆွဲပြီး ငြင်းဆန် ထားခဲ့သည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့