..............................

Tuesday, November 17, 2009

ဝတပ်ဖွဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး စစ်အစိုးရ က နောက်ဆုံးရက် သတ်မှတ်

ပေါက်ပေါက် / ၁၆ နိုဝင်ဘာ ၂၀၀၉

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့အား နယ်ခြားစောင့် တပ် အသွင် ပြောင်းရန် ဒီဇင်ဘာ နောက်ဆုံး ထားပြီး အဖြေ ပေးသွားရန် နအဖ စစ်အစိုးရ ကိုယ်စားလှယ်များက သတိပေးလိုက်သည်။

ယခုလ (၁၄) ရက်တွင် ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့၌ စစ်ဘက်ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၊ ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒု-ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် ပါဝင်သော အဖွဲ့နှင့် ဝတပ်ဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျှံ ဦးဆောင်သော ဝ ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံ ခဲ့ရာတွင် နအဖဘက်က ပြတ်ပြတ်သားသား ပြောဆိုခဲ့သည်ဟု ဝခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဝတပ်ဖွဲ့က တောင်းဆိုထားတဲ့ ကိုယ့်တပ်ဖွဲ့ကို ကိုယ့်ဘာသာကိုယ် အုပ်ချုပ်မယ် ဆိုတာကို နအဖ ဘက်က လုံးဝ လက်မခံဘူး။ ပြီးတော့ ဝနယ်မြေထဲမှာ ရွာသားတွေ ဘိန်းစိုက် နေတာတွေကို တားဆီးဖို့၊ ပြီးတော့ ဝတပ်ဖွဲ့က လက်နက်ပြင်တဲ့ စက်ရုံကို ပိတ်ပစ်ဖို့၊ အဲလို ပြတ်ပြတ်သားသား ပြောလာတယ်။ ဝခေါင်းဆောင် ဘက်ကလည်း အရင်က မူတွေ အတိုင်း မဖြစ်နိုင် သေးဘူးပေါ့။ နှစ်ဘက် တင်းတင်း မာမာတော့ ရှိနေတယ်၊ အဲဒီမှာ ဒီဇင်ဘာလ မကုန်ခင် ရက်ပိုင်းကို အဖြေပေးဖို့ နောက်ဆုံးရက် သတ်မှတ် လိုက်တယ်” ဟု ပြောသည်။

နအဖဘက်က အောက်တိုဘာ လကုန်ရက်ဟု ယခင် ရက်သတ်မှတ် ထားရာမှ ယခုတဖန် ဒီဇင်ဘာ လကုန်ရက်ဟု ရက်သတ်မှတ် လိုက်ခြင်းသည် နအဖအတွက် အမေရိကန်နှင့် ဆက်ဆံရေး ကိစ္စ အပါအဝင် လေးလပတ် အစည်းဝေးများ ရှိသေးသကဲ့သို့ ဝတပ်ဖွဲ့ အပါအဝင် နယ်ခြားစောင့်တပ် လက်မခံသေးသည့် အပစ်ခတ်ရပ် အဖွဲ့များကို တိုက်ခိုက်ရန် အထိ အဆင်သင့် မဖြစ်သေးသည့် အတွက် ယခုကဲ့သို့ ရက်ရွှေ့ဆိုင်း ထားခြင်း ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

၎င်းက “အမေရိကန်နဲ့ဆက်ဆံရေး ပြန်ကောင်းအောင် လုပ်နေချိန်မှာ လူမျိုးစုတွေကို သေနတ်ဖောက်ဖို့ ဆိုတာ မဖြစ်နိုင်သေးဘူး။ ပြီးတော့ သူတို့ရဲ့ လေးလပတ် အစည်းအဝေး ဆိုတာလည်း ရှိသေးတယ်။ ရွေးကောက်ပွဲ ကိစ္စအတွက် အခုချိန်အထိ ဘာမှ ဥပဒေ ထုတ်တာ မရှိသေးဘူး။ အခုလို ရက်ရွှေ့လိုက်တာ သူတို့ အတွက်လည်း အချိန်ရသွားတယ်။ တကယ် သူတို့သာ တိုက်ရဲရင် တိုက်မှာပေါ့။ အပစ်ခတ်ရပ် အဖွဲ့က တင်းတင်းမာမာ ပြန်လုပ်တော့ သူတို့ဘက်က လျှော့သွားတာ” ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ဝတပ်ဖွဲ့မှ တာဝန်ရှိသူများကို ဖုန်းဆက်သွယ် ခဲ့သော်လည်း အဆက်အသွယ် မရရှိပါ။ ဝတပ်ဖွဲ့ ဌာနချုပ်ရှိရာ ပန်ဆန်းမြို့မှ ဝအရာရှိ တဦးက ဝခေါင်းဆောင်များ နအဖ ကိုယ်စားလှယ် များနှင့် သွားရောက် ဆွေးနွေး ခဲ့ကြောင်းကို အတည်ပြု ပြောကြားသော်လည်း အသေးစိတ် ပြောရန်ကိုမူ ငြင်းဆိုခဲ့သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့