..............................

Tuesday, October 20, 2009

နယ်ခြားစောင့်တပ်ကိစ္စ အကြောင်းပြန်ပါဟု ဝ အဖွဲ့ကို နအဖ က အမိန့်ပေး

ထက်အောင်ကျော်
၁၉ အောက်တိုဘာ ၂၀၀၉

တရုတ်နယ်စပ်ဘက်က အပစ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ် ဖွဲ့ရေး လက်ခံ၊ မခံ ဆိုတာ ဒီလ အကုန်မှာ အကြောင်း ပြန်ရမယ်လို့ နအဖ က အမိန့် ပေးထားပေမယ့် အဲဒီ အမိန့်ကို လက်မခံနိုင်ဘူးလို့ ယူဒဗလျူအက်စ်အေ ဝ အဖွဲ့က အကြောင်း ပြန်လိုက်ပါတယ်။

ဒီအကြောင်းပြန်ချက်ကို ပြီးခဲ့တဲ့ သတင်းပတ် အတွင်းမှာ ပန်ဆန်းရှိ ဝ အာဏာပိုင် အဖွဲ့က နအဖ ကိုယ်စားလှယ်ဆီ ပေးပို့လိုက်တယ်လို့ ပန်ဆန်းရှိ ဝ အရာရှိ တဦးက ပြောပါတယ်။

ဝ အဖွဲ့ရဲ့ သဘောထားက အပစ်အခတ် ရပ်စဲရေး လုပ်စဉ်က သဘောတူတဲ့ အတိုင်း တပ်တွေ နေရာ ချထားရေး၊ အသွင်ပြောင်းရေး ကိစ္စဟာ လက်ရှိ အစိုးရနဲ့ မဆိုင်ဘဲ ရွေးကောက်ပွဲ ကနေ တက်လာတဲ့ အရပ်သား အစိုးရနဲ့ ဆွေးနွေးရမှာ ဖြစ်တဲ့ အတွက် ဒီလို အကြောင်း ပြန်လိုက်တာလို့ အဲဒီ ဝ အရာရှိက ပြောပါတယ်။

“ အဲဒီတုန်းက ကျနော်တို့ လူကြီးတွေက ခင်ဗျားတို့ အစိုးရသစ်ကို ၂၀၁၀ မှာ ရွေးမယ်ဆိုရင် အဲဒီကျမှ နယ်ခြားစောင့်တပ်နဲ့ ပတ်သတ်လို့ အေးအေးဆေးဆေး ပြောကြရင် ကောင်းမယ်လို့ ပြောထားတယ်။ အကြောင်း ပြန်လိုက်တာ ၅ရက်၊ ၆ရက် လောက်ရှိမယ်။ သူတို့ဆီက ဘာမှ ပြောမလာသေးဘူး။”

ဒီအကြောင်းပြန်ချက်အပေါ် နအဖ ကိုယ်စားလှယ်ဘက်က ဘာမှ မပြောသေးသလို ပန်ဆန်းမြို့ကို လာမယ် ပြောပြီးမှ ယခုထိ မလာသေးတဲ့ စရဖ အကြီးအကဲ ဗိုလ်ချုပ်ရဲမြင့် ဆီက ဘာမှ အကြောင်း ပြန်ကြားချက် မရသေးဘူးလို့ အဲဒီ ဝ အရာရှိက ပြောပါတယ်။

တရားဝင် အကြောင်းမပြန်သေးပေမယ့် လက်တွေ့ စစ်ရေးအရ အချက်ပြ အကြောင်းပြန်တာ၊ ဝ နဲ့ နအဖ နယ်စပ်မှာ စစ်အင်အား တိုးချဲ့လာတာမျိုးနဲ့ ပတ်သတ်ပြီး မေးမြန်းရာ အဲဒီ ဝ အရာရှိက ဖြေဆိုပါတယ်။

“ အခု အခြေအနေက သူတို့လည်း စိုးရိမ်ပုံရတယ် ထင်တယ်။ ရုတ်ရုတ် ရုတ်ရုတ်တော့ ရှိတယ်။ ကျနော်တို့ နယ်စပ်လည်း အဲဒီလိုပဲ။”

ကိုးကန့်အဖွဲ့နဲ့ နအဖတပ်တွေ တိုက်ပွဲ စဖြစ်တဲ့ ဒေသက နန်တင့်ချောင်း တံတားကို တိုက်ပွဲ ဖြစ်ပြီးကတည်းက ဝ ဘက်က ပိတ်ထား လိုက်ပြီလို့ ဆိုပါတယ်။

ဒီချောင်းဟာ မြန်မာစစ်အစိုးရ၊ ဝ နဲ့ ကိုးကန့်နယ်မြေ အတွက် ဗျူဟာမြောက်တဲ့ ဒေသဖြစ်ပြီး ဝ နယ်ထဲ မြန်မာတပ်တွေ ဝင်လာမှာစိုးလို့ ဝ ဘက်က ပိတ်ထားတဲ့ သဘောလို့ တရုတ်နယ်စပ်ရှိ စစ်ရေး အတွေ့အကြုံ ရှိသူတွေက ပြောပါတယ်။

လောလောဆယ် မတင်းမာသေးပေမယ့် ကိုးကန့် တိုက်ပွဲကနေ ပြန်လာတဲ့ နအဖ တပ်မ ၃ခုက တပ်ရင်း ၂၀ ခန့်ဟာ ယခုအချိန်အထိ သူတို့နဲ့ စစ်အစိုးရ ကြားက နယ်စပ်မှာ နေရာယူထားဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့် ၂ ဘက်စလုံးက စစ်ရေးသတိနဲ့ နေရပေမယ့် မြို့တော် ပန်ဆန်းဘက်မှာ အခြေအနေတွေ ပုံမှန်အတိုင်း ရှိနေဆဲလို့ အဲဒီ ဝ အရာရှိက ပြောပါတယ်။

ဝ နယ်နဲ့ ထိစပ်နေတဲ့ ကိုးကန့်နယ်မြေမှာ တိုက်ပွဲတွေဖြစ်ပြီး ကတည်းက အခြေအနေတွေ ရှုပ်ထွေးနေပြီး အခုဆိုရင် အရင်က ထုတ်ပေးထားတဲ့ နိုင်ငံသား စိစစ်ရေး ကဒ်တွေကို ပြန်သိမ်းပြီး တခု ယွမ် ၆၀ နဲ့ အသစ်ပြန်ထုတ်ပေး နေတဲ့အတွက် အခြေအနေတွေ ပိုရှုပ်ထွေး နေတယ်လို့ သူက ပြောပါတယ်။

နယ်စပ်ဂိတ်အားလုံး ကိုးကန့် ဆီကနေ စစ်အစိုးရဘက်က ယူလိုက်ပြီး ကတည်းက တရုတ်နယ်ဘက် နယ်စပ်ဖြတ်ခွင့်ကို လူတယောက် ယွမ် ၄၀ အထိ ကောက်ပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတဲ့ အတွက် တရုတ် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဒေသခံ တိုင်းရင်းသားတွေ အတော် စိတ်ပျက်နေတယ်လို့ အဲဒီ ဝ အရာရှိက ပြောပါတယ်။

“ကိုးကန့်ဘက်မှာ ၄ လပိုင်းတုန်းက မြန်မာ မှတ်ပုံတင်ကို ကျနော်တို့ ဒေသရော၊ ကိုးကန့်ကပါ လုပ်ကြတယ်။ အခု ကိုးကန့်မှာ ပြန်သိမ်းပြီး တယောက်ကို အသစ်ပြန်လုပ်ဖို့ ယွမ် ၆၀ နဲ့ အိမ်ထောင်စု ပြန်ဆောက်ကြတယ်။”

“ တရုတ်ပြည်ဘက်သွားရင် နယ်ခြားဂိတ်တွေက ဘယ်နှစ်ရက် အတွင်း ခွင့်ပြုတယ်။ ခွင့်ပြုတဲ့ အတိုင်း မဟုတ်ပဲ မှားသွားရင် ပြန်လာလို့ မရတော့ဘူး။ စီးပွားရေး လုပ်တဲ့သူတွေ ၁ ရက် ဒါမှမဟုတ် ၂ ရက်ကြာရင် ကြာမယ်။ ကျနော်တို့ နေထိုင်ဖို့ မလွယ်ဘူးလို့ သူတို့က ပြောကြပါတယ်။”

Ref: DVB News

0 comments:

အပေါ်သို့