..............................

Thursday, October 22, 2009

အပစ်ရပ် ကရင်နီအဖွဲ့အတွင်း နယ်ခြားစောင့်တပ် ကိစ္စ သဘောထားကွဲ

Wednesday, 21 October 2009 16:34

နယ်ခြားစောင့်တပ် အသွင် ပြောင်းလဲရေးနှင့် ပတ်သက်ပြီး စစ်အစိုးရနှင့် အပစ်ခတ် ရပ်စဲထားသော ကယားပြည်နယ် အထူးဒေသ (၂) (ကလလတ) အဖွဲ့အတွင်း သဘောထား ကွဲပြားနေကြာင်း အဖွဲ့နှင့် နီးစပ်သူ တဦးက ပြောသည်။

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (ကလလတ) KNPLF ၏ ဥက္ကဋ္ဌ ဦးစန္ဒာနှင့် အတွင်းရေးမှူး ဗိုလ်မှူး ရွှေဝါတို့က နယ်ခြားစောင့်တပ် အသွင် ကူးပြောင်းရေး ကို လက်မခံနိုင်ကြောင်း ယင်း ကလလတ နှင့် နီးစပ်သူက ပြောသည်။ အလားတူ ကလလတ အဖွဲ့မှ ဗိုလ်မှူး အများစုကလည်း ၎င်း နယ်ခြား စောင့်တပ် ပြောင်းရေးကို လက်မခံနိုင်ကြောင်း သိရသည်။

ထို နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးနှင့် ပတ်သက်ပြီး ကလလတ အနေဖြင့် လာမည့် အောက်တိုဘာ လ ၂၇ ရက်နေ့ နောက်ဆုံးထား အကြောင်း ပြန်ရမည် ဖြစ်ကြောင်း စစ်အစိုးရက ဖိအား ပေးနေသည်။

သို့သော် ကလလတ ဒု ဥက္ကဋ္ဌ ဗိုလ်မှူးထွန်းကျော် ဦးဆောင်သော လူနည်းစု အဖွဲ့က နယ်ခြားစောင့်တပ် အသွင် ကူးပြောင်းရေးကို လက်ခံပြီး ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရန် သဘောထား ရှိနေကြောင်း အဆိုပါ ကလလတနှင့် နီးစပ်သူ ကပြောဆိုသည်။

၎င်းက“ ကလလတ အတွင်းမှာ ပြဿနာဖြစ်နေတယ်၊ အခုရက်ပိုင်း ဗိုလ်မှူးထွန်းကျော် က လူထုစည်းရုံးရေး ဆင်းနေတယ်၊ လူထုကတော့ ဒီ နယ်ခြားစောင့်တပ် အသွင်ကူး ပြောင်းရေး ကို လက်မခံနိုင်ဘူး”ဟု ဧရာဝတီ ကို ပြောသည်။

လတ်တလောအခြေအနေတွင် မြန်မာစစ်အစိုးရနှင့် ကလလတ တို့သည် ကယားပြည်နယ်ရှိ ဖားဆောင်မြို့ နှင့် ကျောက်ညှပ်မြို့ နှစ်မြို့အကြား ကားလမ်း ဖောက်လုပ်ရေးနှင့် ပတ်သက်ပြီး သဘောထား တင်းမာ နေသည် ဟုလည်း ဆိုသည်။

အဆိုပါ ကားလမ်းသည် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၅ ထိန်းချုပ်ရာ နယ်မြေသို့ ထိုးစစ်ဆင်ရန် လိုအပ်သည့် ရိက္ခာနှင့် လက်နက် ခဲယမ်း မီးကျောက်များ သယ်ဆောင်ရာ မဟာဗျူဟာ အရ အရေးပါသည့် လမ်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ကလလတ အနေဖြင့် ၎င်းတို့ နယ်မြေကို အသုံးပြုပြီး KNLA ကိုထိုးစစ်ဆင်ဖို့ အတွက် လက်မခံနိုင်ကြောင်း ငြင်းဆို ထားသည်ဟု ဆိုသည်။

ကလလတ အဖွဲ့သည် ၁၉၉၄ ခုနှစ်၊ မေလတွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ကလလတ အဖွဲ့သည် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP) အဖွဲ့မှ ခွဲထွက်ခဲ့သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့